Tuesday, November 10, 2015

သရေခေတ္တရာ (သို့မဟုတ်) ပထမမြန်မာနိုင်ငံတော်






သရေခေတ္တရာ (သို့မဟုတ်) ပထမမြန်မာနိုင်ငံတော်
.................................................................
သရေခေတ္တရာ၊ ပြည် ဟူသော မြို့ဟောင်းကြီးအကြောင်းကို
မြန်မာ့ရာဇ၀င်တို့၌ အတိအလင်းညွှန်းဆိုပြသထားပါသည်။
ထိုသို့ မြန်မာ့ရာဇ၀င်များ၌သာ ညွှန်းဆိုပြသ၍ မြန်မာနိုင်ငံ၏
သမိုင်းတင်ခေတ်ဦးကာလ ယင်းမြို့ဟောင်းကြီးအကြောင်းနှင့်
ယင်းမြို့ဟောင်းကြီးကို တည်ထောင်နေထိုင်ကြသော ဗြဟ္မာ-
ဗရမ္မာ-ဗမာ (မရမ္မ-မြမ္မ-မြန်မာ)လူမျိုးတို့၏ ရှည်လျှားသော
သမိုင်းကြောင်း တစ်စိတ်တစ်ဒေသကို ကျွန်တော်တို့အနေဖြင့်
မှန်ကန်စွာ လေ့လာကြရန်လည်း လိုအပ်ပါသည်။

မြန်မာနိုင်ငံသည် ဘီစီ ၂ ရာစု သရေခေတ္တရာခေတ်နှင့် ပုဂံခေတ်
တို့ကတည်းက ဗမာ (ဗြဟ္မာ)လူမျိုး၊ ဗမာ (ဗြဟ္မာ)နိုင်ငံ ဟူသော
အမည်ဖြင့် ထင်ရှားသော နိုင်ငံတစ်နိုင်ငံအဖြစ် တည်ရှိပေါ်ထွန်းနေပြီ
ဖြစ်ပါသည်။ ဘီစီ ၂ ရာစု (လွန်ခဲ့သောနှစ်ပေါင်း နှစ်ထောင့်နှစ်ရာ)
ကတည်းက ဟန့်မင်းဆက်ခေတ် တရုတ်နန်းတော်နှင့် မဇ္ဈိမ အိန္ဒိယ
သားတို့သည် သရေခေတ္တရာနိုင်ငံကို ဗမာ(ဗြဟ္မာ)နိုင်ငံ ဟု သိရှိခေါ်ဝေါ်
မှတ်တမ်းတင်ခဲ့ကြပါသည်။ အေဒီ ၃ ရာစု ရှေးတရုတ် ပြည်ထောင်
ခေတ် ဝေ့နိုင်ငံ နှင့် ရှုနိုင်ငံ နန်းတော်မှတ်တမ်းများသည် အေဒီ ၃ ရာစု
ရှေးမြန်မာနိုင်ငံကိုဗမာ(ဗြဟ္မာ)နိုင်ငံ ဟုလည်းကောင်း၊ ပုဂံနိုင်ငံဟု
လည်းကောင်း အမည်၂ မျိုးလုံးဖြင့် သိရှိခေါ်ဝေါ်မှတ်တမ်းတင်ခဲ့ကြ
ပါသည်။ ပုဂံခေတ် ဗမာကျောက်စာတို့တွင် ဗမာလူမျိုးတို့သည် မိမိ
လူမျိုးအမည်ကို မြန်မာအပြင် ဗြဟ္မာ ဟုလည်း ရေးထိုးဖော်ပြခဲ့ကြ
ပါသည်။
ပုဂံခေတ် ဗမာလူမျိုးအမည်မှာ ဗြဟ္မာဖြစ်ကြောင်း ဆရာကြီး
ဒေါက်တာသန်းထွန်း ဖော်ပြရေးသားခဲ့ပါသည်။ ဘီစီ ၂ ရာစု
သရေခေတ္တရာခေတ် ဗမာနိုင်ငံနှင့် အေဒီ ၃ ရာစု မှ အေဒီ ၁၀ ရာစု
ပုဂံဗမာနိုင်ငံတို့သည် မြောက်ဘက်တွင် ယူနန်၊ တောင်ဘက်တွင်
ပင်လယ်အထိ နယ်မြေအကျယ်အ၀န်းရှိကြောင်း၊ တစ်နည်းအားဖြင့်
ဆိုသော် ဘီစီ ၂ ရာစုမှ အေဒီ ၁၀ရာစု ဗမာနိုင်ငံကြီး၏ မြောက်ဘက်
နယ်နိမိတ်သည် ယူနန်၊ တောင်ဘက်နယ်နိမိတ်သည် ပင်လယ်ဖြစ်
ကြောင်း၊ ဘီစီ ၂ ရာစုမှ အေဒီ ၁၀ရာစုအထိ တရုတ်နန်းတော်
မှတ်တမ်းအသီးသီးကသိရှိဖော်ပြမှတ်တမ်းတင်ခဲ့ပါသည်။
ထို့အပြင် ဘီစီ ၂ ရာစုမှ အေဒီ ၁၀ ရာစုအထိ တရုတ်နန်းတော်မှတ်
တမ်းများသည် ဘီစီ ၂ ရာစုမှ အေဒီ ၉ ရာစုအထိ ဆက်သွယ်သွားလာ
ထွန်းကားနေသော အိန္ဒိယ-ဗမာ-ယူနန် ကုန်သည်လမ်းကြောင်းကြီး
ရှိနေကြောင်းကိုလည်းကောင်း၊ ယင်းလမ်းကြောင်းအတိုင်း ဗမာနိုင်ငံ
အချက်အချာ (ဗမာမင်းနေပြည်တို့တည်ရှိရာ) ဒေသနှင့် အိန္ဒိယ
ပါတလိပုတ်မြို့ကြီး (ဘီစီ ၃ ရာစု အသောကမင်းကြီး၏ မင်းနေပြည်မြို့
ဟောင်းကြီး) တို့ တောက်လျှောက် လမ်းပေါက်လျက်ရှိကြောင်းကို
လည်းကောင်း၊ ဘီစီ ၂ ရာစု ဗမာနိုင်ငံ၏ တောင်ဘက်တွင် အိန္ဒိယသို့
သွားသော ဗမာတို့၏ ပင်လယ်ဆိပ်ကမ်းမြို့ကြီး ရှိကြောင်းကို
လည်းကောင်း သိရှိမှတ်တမ်းတင်ခဲ့ကြပါသည်။
တွေ့ရှိရသော အိန္ဒိယ၊ တရုတ် ခေတ်ပြိုင်မှတ်တမ်း အထောက်အထား
များနှင့် ကာဗွန်သက်တမ်း စစ်ဆေးတွေ့ရှိချက်များအရ ဘီစီ ၂ ရာစု
ဗမာနိုင်ငံမှ သရေခေတ္တရာ၊ ဗိဿနိုးမြို့ဟောင်းကြီးများမှာ ဘီစီ ၂ ရာစု
ကာလကပင် ထွန်းကားတည်ရှိသော မြို့ကြီးများဖြစ်ကြောင်း ပြည်တွင်း/
ပြည်ပ သမိုင်းပညာရှင်များမငြင်းနိုင်ပဲ လက်ခံပြောဆို ရေးသားနေကြပြီ
ဖြစ်ပါသည်။
ထိုသို့သော သမိုင်းဝင် မြန်မာ့မြို့ဟောင်းကြီးများအကြောင်းကို
ရှေးရာဇ၀င်ဆရာတို့က မှတ်တမ်းတင်သောအခါတွင် ပညာသားပါစွာ
ထည့်သွင်းထားသော သမိုင်းအဖြစ်အပျက်များ၊ နမိတ်ပုံများ၊ တင်စား
ညွှန်းဆိုမှုများ ပါဝင်လေ့ရှိပါသည်။ ထိုသို့ ညွှန်းဆိုချက်များကိုလည်း
မှန်ကန်စွာ အဓိပ္ပါယ်ဖွင့်ဆိုရန် လိုအပ်လှပါသည်။
သရေခေတ္တရာ ရာဇ၀င်မစ်သ်တွင် မဟာသမ္ဘာ၀မင်းကြီး၏ သား
ဒွတ္တဘောင်မင်းကြီး သရေခေတ္တရာမြို့တည်ပုံကို ဤသို့ဖော်ပြ
ထားပါသည် -
“သာသနာတော်သက္ကရာဇ် ၁၀၁ ခုသို့ ရောက်သောအခါ ဂ၀ံပတေ့၊
ရသေ့၊ သိကြား၊ နဂါး၊ ဂဋုန်၊ စန္ဒီ၊ ပရမေသူရာ ဤ သူမြတ်ခုနှစ်
ယောက်တို့သည် ဘုရားရှင်ဗျာဒိတ်တော် ရှိသည်နှင့်အညီ မြို့တည်
သောအကြောင်းကို ရုံးစုတိုင်ပင်ညီညွတ်ကြ၍ သာယာညီညွတ်
လှသော မြေအပြင်ဝယ် သိကြားမင်းသည် စက်တိုင်၌ ရပ်၍
နေပြီးလျှင် နဂါးကို စက်ကြိုးပြု၍ လှည့်တော်မူ၏။”
“သိကြားမင်းသည် မြို့တည်မည့်နေရာ၏ ဗဟိုချက်မတွင်
ရပ်၍ နဂါးအမြှီးကို ကိုင်ထားပေးပြီး နဂါးသည် ကိုယ်အလျားကို
ဆန့်၍ မြို့တည်ရန် မြေအ၀န်းကို လှည့်ပတ်ပြသည်။ ထိုသို့
နဂါးလှည့်စဉ် မြောက်ဘက်အရပ်၌ နဂါးသည် ဂဋုန်နှင့်တွေ့၍
ထိတ်လန့်ကာ ၃ ကြိမ်တွန့်သည်။ ယင်းနဂါးတွန့်ရာ ၃ ခုအတိုင်း
မြို့ရိုးကို လိုက်၍တည်သည်။”
ထိုသို့သော မြန်မာ့ရာဇ၀င်ဖော်ပြချက်ပါ သိကြား၊ နဂါး၊ ဂဋုန်
စသော ဒဏ္ဍာရီလာဇာတ်ကောင်များ၏ ညွှန်းဆိုချက်ကို ကျွန်
တော်တို့အနေဖြင့် မှန်ကန်စွာ အဓိပ္ပါယ်ဖွင့်ဆိုရန် လိုအပ်ပါသည်။
*မြို့တည်မည့် နေရာ၌ သိကြားရပ်သည် ဆိုသည်မှာ ရွေးချယ်
ထားသော မြို့တည်မည့်နေရာ၌ သောကြာနာမ် သစ်သားတိုင်ကို
စိုက်ထူးခြင်းဖြစ်ပါသည်။ နဂါးဆိုသည်မှာ စနေနံ နွားသားရေကြိုးကို
ဆိုလိုခြင်းဖြစ်ပြီး နဂါးအမြှီးကို သိကြားက ကိုင်ထားသည်ဆိုသည်မှာ
သစ်သားတိုင်တွင် နွားသားရေကြိုးကို ချည်နှောင်ထားခြင်းဖြစ်ပါ
သည်။ ဂဋုန်ဆိုသည်မှာ တနင်္ဂနွေနံ အင်း ကိုဆိုလိုခြင်းဖြစ်ပြီး
နဂါးသည် ဂဋုန်နှင့်တွေ့ရာ လန့်ဖြန့်ပြီးတွန့်သဖြင့် ယင်းနဂါးတွန့်
ရာအတိုင်း မြို့ရိုးတည်သည်ဆိုသည်မှာ မြို့၏ မြောက်အရပ်၌
တနင်္ဂနွေနံ အင်းကြီးရှိသဖြင့် ယင်းအင်းကြီး၏ကမ်းသည် တဖြောင့်
တည်းမရှိဘဲ နေရာကွေ့ကောက်နေရာ မြို့ရိုးကို အင်းကမ်းပါးစပ်
အတိုင်းလိုက်၍ တည်ထားခြင်းဖြစ်ပါသည်။ မှန်ကန်ကြောင်းကိုလည်း
သရေခေတ္တရာ မြို့တံခါ မြောက်ဘက် နဂါးတွန့်တံခါးအပြင်ဘက်တွင်
အင်းကြီးကို တွေ့မြင်ရပါသည်။*
ရှေးအခါက သမိုင်းဝင်အဖြစ်အပျက်များကို မှတ်တမ်းတင်ရာတွင်
ကျောက်တုံး၊ ပေရွက်၊ ထန်းရွက်၊ ရွှေပြား၊ ငွေပြား၊ ကြေးပြားများ
ပေါ်တွင် ရေးသားမှတ်တမ်းတင်ရသောကြောင့်လည်းကောင်း၊
ဘုန်းတန်းခိုးကြီးမားသော မင်းများအကြောင်းကို ဖွဲနွဲ့၍ ရေးသား
သီကုံးခြင်းကြောင့်လည်းကောင်း အထက်ပါအတိုင်း ဒဏ္ဍာရီ
ဆန်ဆန် မှတ်တမ်းတင်ထားခြင်းကိုလည်း ထိုသို့ အဓိပ္ပါယ်ရှိရှိ
ပြန်လည်ဖော်ထုတ်နိုင်ရန် လိုအပ်ပါသည်။ ဆရာကြီးဒေါက်တာ
သန်းထွန်းကလည်း ရှေးမြန်မာရာဇ၀င်များထဲမှ နတ်၊ နဂါး၊
ဘီလူး စသော ဂမ္ဘီရများကို ဖယ်ကြည့်လျှင် အဖြစ်များသည်
ရှေးမြန်မာတို့၏ တကယ့်သမိုင်းဝင်အဖြစ်အပျက်များဟု
ယူဆကြောင်း *မြန်မာ့သမိုင်းနိဒါန်း*စာအုပ်တွင် ရေးသား
ပြောဆိုခဲ့သည်မှာ မစ်သ်နှင့် မစ်သ်သော်လော်ဂျီပညာအရ
ပြောဆိုခဲ့ခြင်းဖြစ်ပါသည်။
ထိုသို့သော ကြီးကျယ်မြင့်မြတ်မှုများနှင့် ရောပြွမ်းနေသော
မြန်မာ့မြို့ဟောင်းကြီး သရေခေတ္တရာတွင် မြန်မာ့ရာဇ၀င်များပါ
သရေခေတ္တရာမင်းဆက် ရှေးဗရမ္မာ-ဗမာကြီးများ မင်းပြုစိုးစံ
ခဲ့ကြောင်းကိုလည်း သမိုင်းသုတေသနနည်းအရ ထင်ရှားစွာ
ပေါ်ပေါက်လျှက်ရှိပါသည်။
သရေခေတ္တရာမြို့ဟောင်းတွေ့ ၊ သရေခေတ္တရာ အတိတျာမင်း
ကျောက်အရိုးအိုးဟု ပညာရှင်တို့ တစ်ညီတစ်ညွတ်တည်း သတ်
မှတ်ထားသော ကျောက်အရိုးအိုးပေါ်တွင် သရေခေတ္တရာမင်းဆက်
များဖြစ်သော ဒွတ္တပေါင်မင်း၊ သိရိရာဇ်မင်း၊ ကံနုမင်း၊ သာခမင်း၊
ဘိဇ္ဇမင်း၊ အတိတျာဝိကြမမင်း စသည့် မင်းအမည်များ ထင်ရှားစွာ
ရေးထိုးပါရှိပါသည်။ ထိုမင်းတို့ကို မြန်မာ့ရာဇ၀င်များက မြန်မာနှင့်
မတူသော ပျူဟု မှတ်တမ်းတင်ထားခြင်းမရှိသကဲ့သို့ ထိုမင်းတို့ကို
ဗြဟ္မာ-ဗရမ္မာ-ဗမာမင်းကြီးများဟုသာ ညွှန်းဆိုပြသနေသည်
မဟုတ်ပါလော၊ ပြည်တွင်းခေတ်ပြိုင်မှတ်တမ်းများ ညွှန်းဆိုပြသ
နေသကဲ့သို့ ပြည်ပခေတ်ပြိုင်မှတ်တမ်းများကလည်း သရေခေတ္တရာ
နိုင်ငံနှင့် လူမျိုးကို “ဗြဟ္မာ-ဗရမ္မာ-မရမ္မာ-ပျူ” ဟု ညွှန်းဆိုပြသနေသည်
မဟုတ်ပါလော။
ပြည်ပခေတ်ပြိုင်မှတ်တမ်းများက ဘီစီ ၂ ရာစု သရေခေတ္တရာခေတ်
ဗမာနိုင်ငံနှင့် အေဒီ ၃ ရာစု မှ အေဒီ ၁၀ ရာစု ပုဂံဗမာနိုင်ငံတို့သည်
မြောက်ဘက်တွင် ယူနန်၊ တောင်ဘက်တွင် ပင်လယ်အထိ နယ်မြေ
အကျယ်အ၀န်းရှိကြောင်း ညွှန်းဆိုပြသသကဲ့သို့ သရေခေတ္တရာခေတ်
မြန်မာနိုင်ငံအကျယ်အ၀န်းကို အတိတျာမင်းကျောက်အရိုးအိုးပေါ်တွင်
(သမိုင်းတန်ဖိုးအမြင့်ဆုံး) ကျောက်စာအဖြစ်-
ကဗောတိုင်း (ကဗော်ချိုင့်ဝှမ်းအပါ နယ်)၊ ကတုတိုင်း (ကဒူးနယ်)၊
ကနံးတိုင်း၊ ကလောတိုင်း (ယခုခေတ် ရှမ်းပြည်နယ်တောင်ပိုင်း
ဗောရိသတ် (ညောင်ရွှေ) ပျူမြို့ရှိရာနယ်)၊ ကက္ကူတိုင်း (မွေတော်
ကက္ကူဘုရားများ ရှိရာနယ်)၊ စောတိုင်း (ဘုတလင်သားတို့သည်
(သ)ဗျည်းကို “စ” ဟုအသံထွက်ပြောချက်အရ သော်တိုင်း-ပုဂံ
ဗမာကျောက်စာတို့ပါ သော်တိုင်း)၊ တမ္မတိုင်း (တမ္ပတိုင်း)၊
မက္လိတိုင်း (မကြီးတိုင်း၊ ပုဂံခေတ် ကျောက်စာ မန်ကျည်း
၁၀ တိုက်- နောက်ခေတ် ဗန့်ကျည်ဆယ်တိုက်)၊ ပါဒတိုင်း
(ကျောက်တန်းမြို့နယ်)၊ ဥရုဟိတိုင်း လှည်းကူ ( ယခုခေတ်
လှည်းကူး)၊ က၀တိုင်း၊ ပဂေါတိုင်း (ပဲခူးတိုင်း)၊ ဝေါတိုင်း (ဝေါနယ်)၊
တက္လခ္ဃတိုင်း (တိုက်ကုလား သထုံတိုင်း)၊ တက္ဗေားတိုင်း
(တကွာပတိုင်း)၊ ပြတိုင်း၊ ကံ္ဃ (ကမ်းယံ)၊ ပဇောတိုင်း (မင်းဘူး ၆ ခရိုင်
ပုဂံခေတ် ပူဇော်တိုက်(၀ါ) ပုစောတိုင်)၊ ယ္ခက္ဂတိံ (ယခ္ခတိုင်း (၀ါ)
ဘီလူးကျွန်း၊ သံလွင်)၊ ပသူးတိုင်း (ပသျှူးနယ်) ဟု ရေးထိုးပါရှိသည်
မဟုတ်ပါလော။
အင်္ဂလိပ်လက်ထက်မတိုင်ခင် မြန်မာသည် ပျူမဟုတ် ဟူသော
အယူအဆ မရှိချေ။ သရေခေတ္တရာဗမာတို့ကို ပုဂံခေတ်ဗမာတို့က
အဘိုးအဘွားများဟုသာ ခေါ်ဆိုကြသကဲ့သို့၊ ပင်းယခေတ်ဗမာများ
ကလည်း အဘိုးအဘွားများဟုလည်းကောင်း၊ ကုန်းဘောင်ခေတ်
ဗမာများကလည်း အဘိုးအဘွားများဟုသာ ခေါ်ဆိုကြသည်
မဟုတ်ပါလော။
မြန်မာသည် ပျူမဟုတ်ဟူသော အထောက်အထားမရှိသည့် အယူ
အဆများကို ကိုင်ဆွဲ၍ လေဖမ်းဒန်းစီး ငြင်းနေသည့်သူများ အများ
အပြားရှိပါသည်။ သို့သော် ထိုသူတို့ဝါဒဖြန့်သကဲ့သို့ မြန်မာ့သမိုင်းသည်
ပျက်စီးသည်မရှိချေ။ သရေခေတ္တရာနိုင်ငံကို တည်ထောင်နေထိုင်
ခဲ့သူများအား ဗြဟ္မာ-ဗရမ္မာ-ဗမာ-ပျူ ဟု အိမ်နီးချင်းနိုင်ငံများ၏
ခေတ်ပြိုင်မှတ်တမ်းများက သိရှိမှတ်တမ်းတင်ထားသကဲ့သို့
လည်းကောင်း၊ မြန်မာ့ရာဇ၀င်များက “ဗြဟ္မာ-ဗရမ္မာ-မရမ္မာ-
မြန်မာ” ဟု မှတ်တမ်းတင်၍ “ဗြဟ္မာ-ဗရမ္မာ-မရမ္မာ-မြန်မာ”
တို့တွင် “ပျူ” ဟူသော အမည်ပွားရှိကြောင်း မှတ်တမ်းတင်
ထားခဲ့သည် မဟုတ်ပါလော။
သရေခေတ္တရာဗိသုကာလက်ရာများသည် ပုဂံဗမာတို့၏
ဗိသုကာလက်ရာနှင့်တူရုံမက ယနေ့ခေတ်ဗမာ့ဗိသုကာ
လက်ရာများနှင့် အတူတူပင်မဟုတ်လော၊ သရေခေတ္တရာ
နိုင်ငံနှင့် လူမျိုးတို့၏ ရိုးရာဓလေ့သည် ယနေ့ခေတ်တိုင်
ဗမာတို့ ဆက်ခံသုံးစွဲလျှက် ရှိကြသည်မဟုတ်ပါလော၊
သရေခေတ္တရာတွေ့ ရှေးအက္ခရာသုံး ကျောက်စာများ၏
မူရင်းအသံထွက်သည် တိုင်းရင်းမြန်မာဝေါဟာရများဖြင့်
ရေးထိုးထားခြင်း မဟုတ်ပါလော။
ထိုသို့ထင်ရှားပေါ်ပေါက်နေသော အထောက်အထား
ပေါင်းစုံတို့ကို မျက်ကွယ်ပြု၍ မြန်မာနှင့် ပျူ လူမျိုးမတူ
ဟူသည့် အယူအဆမှားကို ကိုင်ဆွဲကာ မျက်စိမှတ်ပြောဆို
နေသူများသည် နောက်ကွယ်၌ နိုင်ငံရေးနွယ်သော
လူမျိုးရေးအစွန်းရောက်စိတ်ရှိသူများ ဟုသာ မှတ်ယူ
မိပါသည်။ ထိုသို့သောသူများအတွက်ကား ၎င်းတို့အတ္တ၊
မာန်မာနအတွက် ပူလောင်နေသော်ငြား မြန်မာတို့အဖို့မှာမူ
ပြည်တွင်းပြည်ပခေတ်ပြိုင်အထောက်အထားနှင့် မြေပေါ်
မြေအောက် အထောက်အထားပေါင်းစုံတို့က ပျူသည်
မြန်မာဖြစ်ကြောင်း ထင်ရှားစွာ ပြဆိုနေပါတော့သတည်း။
--------------------------------------------------------
သန့်လွင်ဦး
အမည်ရင်း - ဦးအောင်နိုင်ဦး
သရေခေတ္တရာမြို့ဟောင်း တူးဖော်ရေးအဖွဲ့-အဖွဲ့ဝင်(ငြိမ်း)၊
မြန်မာနိုင်ငံ ရှေးဟောင်းသုတေသနဌာနအဖွဲ့ဝင်

No comments: