Wednesday, November 11, 2015

စေ့စပ်လက်စွပ်လေး အကြောင်း


ချစ်ခြင်းမေတ္တာနဲ့ ကတိသစ္စာရဲ့ ပြယုဂ်
စေ့စပ်လက်စွပ်လေး အကြောင်း
တစ်ဦးက တစ်ဦးကို လက်ထက်ခွင့်တောင်းတဲ့အခါမှာ သင်္ကေတလေးအနေနဲ့ လက်စွပ်လေးတွေကို ပေးပြီး တောင်းလေ့ရှိပါတယ်။ အဲလို လက်စွပ်ကိုလည်း စေ့စပ်လက်စွပ်လို့ နာမ သမုတ်ပေးတတ်ကြတယ်။ အဲဒီလက်စွပ်လေးတွေက စိန်တွေ၊ ကျော်မြတ်ရတနာတွေနဲ့ စီခြယ်ထားတာပဲဖြစ်ဖြစ် ထူးခြားတဲ့ သတ္ထုကွင်းလေးပဲဖြစ်ဖြစ် ဓလေ့ထုံးစံအရ ပေးကြတာပါ။ ဒါပေမယ့် ဘာလို့ဒီလက်စွပ်လေးနဲ့ လက်ထက်ခွင့်တောင်းရတာလဲ ဆိုတာ သိတဲ့လူ နည်းမယ် ထင်ပါတယ်။ ဒီလို ဘာကြောင့် ပေးရတာလဲဆိုတာလေး သိအောင်လို့ သူ့ရဲ့ နောက်ခံလေးတွေကို ဖော်ပြပေးပါ့မယ်။ စာဖတ်ပရိသတ်ကြီးလည်း ဖတ်ဖြစ်အောင် ဖတ်ကြည့်လိုက်အုံးနော်...

စေ့စပ်လက်စွပ် ဆိုတဲ့ ဝေါဟာရ စတင်ပေါ်ပေါက်လာတာကတော့ ရှေးအီဂျစ်ပ်တွေ လက်ထက်တုန်း ကလို့ပြောရမယ်။ ဒါပေမယ့် လက်စွပ်လေးတွေ လဲဝတ်ကြတာကတော့ ဂရိနဲ့ ရောမ ခေတ်က စတင်ခဲ့တာပါ။ ရှေးတုန်းက ဂရိနိုင်ငံမှာ မင်္ဂလာဆောင်ပြီးသား လူတွေက အချင်းချင်း ရွှေ၊ ကျောက်မြတ်ရတနာ လက်စွပ်လေးတွေ လက်ဆောင်ပေးကြတယ်။ ဒီဓလေ့လေးက ချစ်သူတွေ ကြားမှာလည်း ရှိခဲ့ပါတယ်။ သံယောဇဉ်ချည်မယ့် သင်္ကေတလေးအနေနဲ့ပေါ့….ရှေး အီဂျစ်နိုင်ငံမှာတော့ အမျိုးသားတွေက သူတို့ရဲ့ ချမ်းသာကြွယ်ဝမှုကို ပြသဖို့ လက်စွပ်ဝတ်ဆင်လေ့ရှိကြပါတယ်။ ဒီလက်စွပ်ကို သူတို့ချစ်ဇနီးကို ပေးတဲ့အခါ သူတို့ချမ်းသာကြွယ်ဝမှုရဲ့ တစ်ဝက်ကလည်း ဇနီးသည်နဲ့ သက်ဆိုင်ပါတယ်လို့ ဆိုလိုခြင်းဖြစ်ပါတယ်။ ရှေးရောမခေတ်မှာကျတော့ လက်ထက်ဖို့သဘောတူထားတဲ့ စုံတွဲတွေဟာ သူတို့မိဘတွေရဲ့ လက်ထက်ခြင်းအထိမ်းအမှတ် လက်စွပ်လေးတွေကို လက်ဆင့်ကမ်းယူကြပါတယ်။
၁၁ရာစုလောက်မှာ ခရစ်ယာန် ဘုရားကျောင်းတွေဟာ လက်ထက်လက်စွပ်များရဲ့ အရေးပါပုံကို အထွတ်အမြတ်ထားခဲ့ကြတယ်။ ၁၆ရာစု အလယ်လောက်မှာတော့ မင်္ဂလာလက်ထက်ပွဲတွေမှာ လက်ထက်လက်စွပ် ဝတ်ဆင်ပေးခြင်းက အဓိကအခန်းကဏ္ဍကနေ ပါဝင်လာခဲ့ပါတယ်။
အရင်တုန်းကတော့ အဖိုးတန်ကျောက်မြတ်ရတနာတွေကို ဘုရင်နဲ့ဘုရင်မတွေကပဲ ဝတ်ဆင်ခဲ့ကြပါတယ်။ ကျော်မြတ်ရတနာတွေနဲ့ ပတ်သက်ပြီး ဒဏ္ဍာရီတွေတောင် ရှိခဲ့ပါတယ်။
အရောင်အသွေးစုံတဲ့ စေ့စပ်လက်စွပ်တွေက အလယ်ခေတ်လောက်မှာ လူကြိုက်များခဲ့ကြတယ်။ အရောင်တွေဖြာထွက်နေတဲ့ ကျောက်မြတ်ရတနာတွေက ဗြိတိန်နိုင်ငံ ဗစ်တိုးရီးယားဘုရင်မလက်ထက်မှာ ခေတ်စားခဲ့ပါတယ်။
စိန်ကိုတော့ (၁၈၀၀)ခုနှစ် လယ်လောက်မှာ တွေ့ရှိခဲ့ပြီး လက်ရွေးစင်လူစုတွေက ဝတ်ဆင်ခဲ့ကြပါတယ်။ ပထမကမ္ဘာစစ်အတွင်းနဲ့ စီးပွားရေးကပ်စိုက်ကာလမှာတော့ လူတွေက စိန်နောက်ကို မလိုက်နိုင်ကြတော့ဘူး။ (၁၉၄၀)ခုနှစ် နောက်ပိုင်းမှာ ထာဝရစေ့စပ်လက်စွပ်လေးတွေ ပြန်ခေတ်စားလာပါတယ်။ De Beers ဖန်တီးခဲ့တဲ့ "A Diamond is Forever" ဆိုတဲ့ စာသားလေးနဲ့ သမိုင်းတင်ခဲ့တာလေးကြောင့်ပေါ့။
အထက်ပါ ဆောင်းပါးကိုဖတ်ခြင်းဖြင့် ဗဟုသုတလေး ရရှိလိုက်တယ်ဆိုရင် SHARE ဖို့မမေ့ပါနဲ့။

No comments: