Wednesday, November 11, 2015

"နာမဝိသေသအသစ်နဲ့ ဂန္ထဝင်နာရီများ"

"နာမဝိသေသအသစ်နဲ့ ဂန္ထဝင်နာရီများ"
=======
ဥရောပမှာ ၁၅ ရာစုနှစ် လောက်ကတည်းက သံပတ်ပေးပြီး လည်ပတ်စေတဲ့ နာရီမျိုးကို စတင်ပေါ်ပေါက်ခဲ့တယ်။ လက်ပတ်နာရီ ဆိုတာကိုတော့ ၁၉ ရာစုနှစ်ရောက်မှသာ အသုံးပြုနိုင်ကြတယ်။ ဒါပေမဲ့ ၁၆ ရာစုနှစ်ဖြစ်တဲ့ ၁၅၇၁ ခုနှစ်အတွင်းက နံပါတ် (၁) အဲလီဇဘက် ဘုရင်မကြီးကို လက်မောင်းမှာ ဝတ်ဆင်လို့ရတဲ့ arm watch တစ်ခုကို Robert Dudley ဆိုသူက လက်ဆောင်ဘဏ္ဍာအဖြစ် ပေးအပ်ခဲ့ဖူးတယ်လို့ သမိုင်းမှတ်တမ်း တချို့မှာ တွေ့ရတယ်။ တိကျတဲ့ အသေးစိတ် အချက်အလက်နဲ့ ဖော်ပြထားတာတော့ မဟုတ်ပေ။ ၁၉ ရာစုနှစ်ရဲ့ နောက်ဆုံးနှစ်တွေမှာ လက်ကောက်ဝတ်မှာ ဝတ်ဆင်လို့ရတဲ့ နာရီကို ထုတ်လုပ်နိုင်ခဲ့တာကိုတော့ အတိအကျ မှတ်တမ်းတွေ ရှိခဲ့ပါတယ်။
အထူးသဖြင့် ၁၈၈၅ ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ အင်္ဂလိပ်မြန်မာ စစ်ပွဲမှာ အင်္ဂလိပ်စစ်သားတွေက လက်ပတ်နာရီကို ဝတ်ဆင်အသုံးပြု ကြတယ်။ တစ်နည်းအားဖြင့် လက်ကောက်ဝတ်မှာ ဝတ်ဆင်ရတဲ့ လက်ပတ်နာရီကို ဗြိတိသျှ စစ်သားတွေက စတင်အသုံးပြု ခဲ့ကြတယ်လို့ မှတ်ယူနိုင်ပါတယ်။ အများသုံး လက်ပတ်နာရီ ဆိုတာကို ၂၀ ရာစုနှစ် ရောက်မှသာ တွေ့ရပြီး ဆွစ်ဇာလန်နိုင်ငံမှာ လက်ပတ်နာရီ ထုတ်လုပ် ရောင်းချသူတွေ အများဆုံး ရှိနေခဲ့တယ်။
သံပတ်ပေးပြီး အသုံးပြုရတဲ့ နာရီတွေကို မူလအစက wrist watch လို့သာခေါ်ဆို အသုံးပြုခဲ့ကြတယ်။ ၁၉၂၃ ခုနှစ်မှာ John Harwood ဆိုသူက အလိုအလျောက် သံပတ်ပေးတဲ့ နာရီကိုထုတ်လုပ် နိုင်ခဲ့တဲ့အခါ အော်တိုမစ်တစ်နာရီ (Automatic Watch) တွေကို သုံးစွဲခွင့်ရကြတယ်။ နည်းပညာဖွံ့ဖြိုး တိုးတက်လာတဲ့အလျောက် ၁၉၆၉ ခုနှစ်မှာ ဓာတ်ခဲနဲ့ မောင်းနှင်စေတဲ့ Quartz Watch ပေါ်လာပြန်တယ်။ လက်ပတ်နာရီ လည်ပတ်စနစ်ကို အခြေခံပြီး နာမဝိသေသတွေနဲ့ ခေါ်တွင်လာရာကနေ တန်ဖိုးကြီးမြင့်တဲ့ သတ္တုနဲ့ ရတနာများကို စီချယ်တည် ဆောက်ထားတာကို အကြောင်းပြုပြီး ကြေးထိုက်ကြေးတန်နာရီ (Luxury Watch) တွေလည်း ထုတ်လုပ် ရောင်းချမှုတွေ ရှိလာခဲ့တယ်။ နှစ်ပေါင်းများစွာနာမည် ကျော်ကြားလူကြိုက်များပြီး Luxury အဆင့်ဝင် နာရီများထုတ်လုပ်တဲ့ အမှတ်တံဆိပ်ပါ နာရီအမျိုးအစားတွေကို ဂန္ထဝင်နာရီအဖြစ် အသိအမှတ်ပြုကြတယ်။ ဂန္ထဝင်မြောက် နာရီများဆိုရာမှာ ဆွစ်ဇာလန်နာရီ အများအပြားရှိသလို ဂျပန်နိုင်ငံထုတ် နာရီများလည်း ရှိပါတယ်။
သံပတ်ပေးတဲ့ နာရီကနေ အော်တိုမက်တစ်နာရီနဲ့ ဘက်ထရီနဲ့ အသုံးပြုတဲ့နာရီတွေ အဆင့်ဆင့် ပေါ်ထွန်းလာရင်း နာရီဒိုင်ခွက်မှာ အချိန်နာရီ ဖော်ပြတဲ့ ပုံစံတွေကလည်း အမျိုးမျိုးပြောင်းလဲမှု ရှိခဲ့တယ်။ တချို့ကတော့ Analog display တွေအပြင် digital display သဘာဝကို သဘောကျကြတယ်။ ဒါပေမဲ့ Analog display များကို အဆန်းတကျယ် ပါဝင်စေတဲ့ ဂန္ထဝင်နာရီများကို ပိုပြီးတန်ဖိုးထား သုံးကြတယ်။ နာရီ၊ မိနစ်၊ စက္ကန့်တွေကို ဖော်ပြရုံသက်သက် မ ဟုတ်တော့ကာ နေ့၊ ရက်၊ နှိုးစက် တို့လို function များ ထည့်သွင်းပါ ရှိစေကြတယ်။
အချိန်ကြည့်ရုံ သက်သက်မဟုတ်တဲ့ function အများအပြားထည့်သွင်း တည်ဆောက်နိုင်ဖို့ ကြိုးစားရင်း နောက်ဆုံးကွန်ပျူတာ စနစ်ကို အခြေခံပြီး တည်ဆောက်ထားတဲ့ စမတ်နာရီ (Smart Watch) တွေ ၂၁ ရာစုနှစ်မှာ ပေါ်ထွန်းလာပါတော့တယ်။ စမတ်နာရီများကို တချို့က နည်းပညာ သုံးချပ်ဝတ်တန်ဆာ ကွန်ပျူတာ (Wearable Computer) အဖြစ် သတ်မှတ်ယူကြတယ်။ မော်ဒယ်တချို့ကတော့ ကိုယ်ပိုင် mobile operating system နဲ့ လည်ပတ်ဆောင်ရွက် စေတယ်။ တယ်လီဖုန်း သဘာဝနဲ့ ဆက်သွယ်ပြောဆိုနိုင်တဲ့ စမတ်နာရီများကို နာရီဖုန်း (watch phones) လို့ပင် ခေါ်ဆိုကြတယ်။
၁၈၆၀ ခုနှစ်က စတင်တည်ထောင်ခဲ့တဲ့ TAG Heuer နာရီထုတ် လုပ်ရေးကုမ္ပဏီကြီးက Luxury watch ထုတ်လုပ်ရာမှာ နာမည်ကြီးခဲ့တဲ့ ကုမ္ပဏီကြီးတစ်ခု ဖြစ်တယ်။ Baselworld 2015 ပြပွဲကြီးမှာ TAG Heuer အနေနဲ့ စမတ်နာရီဆိုတဲ့ နာမဝိသေသအသစ်နဲ့ Tag Heuer Carrera Wearable 01 ကို နိုဝင်ဘာလအတွင်း ဒေါ်လာ ၁၄၀၀ နဲ့ဈေးနှုန်းသတ်မှတ်ကာ စတင်ရောင်းချတော့မယ်လို့ ကြေညာသွားခဲ့တယ်။ ဘက်ထရီတစ်ကြိမ် အားသွင်းထားရင် နာရီပေါင်း ၄၀ ကြာ တစ်ဆက်တည်း အသုံးပြုနိုင်မယ်လို့ ဆိုထားတယ်။ TAG Heuer ရဲ့ ပထမဆုံး ထုတ်လုပ်တဲ့ Luxury Smartwatch လို့ ဆိုရပါလိမ့်မယ်။
၁၈၈၄ ခုနှစ်ကတည်းက အချန်တိကျမှုကို ဂုဏ်ယူခဲ့ပြီး လေယာဉ်မောင်းတွေအတွက် စတိုင်ကျကျ အသုံးပြုနိုင်မယ့် လက်ပတ်နာရီများကို ထုတ်လုပ်ခဲ့တဲ့ ဆွစ်ဇာလန်နိုင်ငံက Breitling ကုမ္ပဏီက ဂုဏ်လုပ် အသုံးပြုနိုင်မယ့် Luxury Smart-watch ကို ထုတ်လုပ်မယ်လို့ ကြေညာခဲ့ပြန်ပါတယ်။
စမတ်နာရီလောကမှာ နာမည်ကြီးနေတဲ့ Apple Watch တို့ LG Watch တို့နဲ့ ဈေးကွက်ယှဉ် ပြိုင်နိုင်မယ်လို့ ဆိုညွှန်းခဲ့တယ်။ ရွှေကိုယ်ထည်နဲ့ ထုတ်လုပ်ဖို့ ရည်ရွယ်ချက်မရှိပေမယ့် ကြေးထိုက်ကြေးတန် နာရီအဖြစ် ဒီဇင်ဘာလလောက်အတွင်း စတင်ရောင်းချမယ်လို့ သိရတယ်။
ဂျပန်နိုင်ငံထုတ် နာရီများထဲမှာ ဂန္ထဝင်အဆင့်ဝင် Luxury Watch လုပ်ငန်းတစ်ခုအဖြစ်နဲ့ နာမည်ကြီးခဲ့တဲ့ Swatch Group ကလည်း ဖက်ရှင်နာရီအဖြစ် ဈေးနှုန်းမကြီးမြင့်တဲ့ စမတ်နာရီ ထုတ်လုပ်ရောင်းချနေပြီ ဖြစ်ပါတယ်။ မော်ဒယ်အမည်ကို Touch Zero One လို့ ခေါ်တွင်စေတယ်။ ၁၃၀ ဒေါ်လာနဲ့ ရောင်းချတာ ဖြစ်တယ်။
ဂုဏ်တုဂုဏ်ပြိုင် ဝတ်ဆင်စရာ နာရီထုတ်လုပ်မှုမှာ ထိပ်တန်းစာရင်းဝင် တစ်ခုဖြစ်နေတဲ့ Frederique Constant နာရီကုမ္ပဏီ ထုတ်လုပ်ရေး ကုမ္ပဏီက ဆွစ်ဇာလန်နာရီ ထုတ်လုပ်ရေးမှာ သက်တမ်းအနုဆုံး ဖြစ်တယ်။ ဒါပေမဲ့ ဆန်းသစ်တီထွင်မှုတွေနဲ့ တန်ဆာဆင် ပြုလုပ်လေ့ရှိတာကြောင့် တိုတောင်းလှတဲ့ ကာလအတွင်း လူကြိုက်များတဲ့ အမှတ်တံဆိပ် ဖြစ်လာခဲ့ပါတယ်။ ဂန္ထဝင် analog face ကို အခြေခံပြီး မကြာသေးခင်က Frederique Constant Horo Logical Smartwatch ကို မိတ်ဆက်ထုတ် လုပ်လာပါတယ်။
ဆွစ်ဇာလန်နိုင်ငံက ဂန္ထဝင်နာရီများထဲမှာ Luxury အဆင့်ဝင် ထုတ်လုပ်လေ့ရှိတဲ့ Mondaine နာရီ ကုမ္ပဏီကလည်း မကြာသေးခင်က wearable technology ကို အသုံးပြုထားတဲ့ Mondaine Helvetica 1 စမတ်နာရီကို ထုတ်လုပ်ရောင်းချတာ တွေ့ရတယ်။
တစ်ချိန်တည်းမှာ တောင်ကိုရီးယားနိုင်ငံ LG ကုမ္ပဏီက စမတ်နာရီတွေ ထုတ်လုပ်ရာမှာ ပေါ်ပြူလာ ဖြစ်လာရင်း Luxury အဆင့်ဝင် စမတ်နာရီဖြစ်တဲ့ ဒေါ်လာ ၁၂၀၀ တန် Urbane Smartwatch ကို ထုတ်လုပ်ရောင်းချ နေပြန်ပါတယ်။ လောလောဆယ် ပေါ်ပြူလာဖြစ်နေတဲ့ Apple Watch မှာလည်း ဒေါ်လာ ၁၂၀၀၀ တန် Luxury အဆင့်နဲ့ ထုတ်လုပ်တာလည်း ရှိပါတယ်။
ခေတ်သစ်မှာ ဂန္ထဝင်နာရီများ က နာမဝိသေသ အသစ်တွေနဲ့ပါ ဝင်လာသလို ခေတ်ပေါ်နာရီ ထုတ်လုပ်သူများဟာလည်း နာမဝိသေသ အသစ်ကိုယူပြီး Luxury Smartwatch အနေနဲ့ ထုတ်လုပ်လာတဲ့အတွက် နာရီမြတ်နိုးသူ များအတွက် ရွေးချယ်ဖို့ အခွင့်အလမ်းများ ပိုလို့ရှိနေပါကြောင်း တင်ပြလိုက်ရပါတယ်။
ို့

No comments: