Wednesday, November 11, 2015

နှလုံးအေးလျှင် အရှုံးဝေးမည်

နှလုံးအေးလျှင် အရှုံးဝေးမည်
တစ်ခါတုန်းက လယ်သမားကြီး တစ်ယောက်ဟာ စပါးကျီတဲထဲမှာ ပျောက်သွားခဲ့တဲ့
သူ့ရဲ့နာရီလေး တစ်လုံးကို သည်းကြီးမဲကြီး ရှာဖွေနေပါတယ်။ နာရီက
တန်ဖိုးကြီးလား၊ မကြီးလားတော့ မသိပေမယ့် သူ့အတွက်တော့
အဖိုးမဖြတ်နိုင်အောင်ကို အမှတ်တရများစွာ လွှမ်းခြုံနေတဲ့ ပစ္စည်းလေးပေါ့။

အချိန်အတော်အကြာ နှံ့နေအောင် ရှာခဲ့ပေမယ့် မတွေ့တာကြောင့် ကျီတဲ အပြင်မှာ
ဆော့နေကြတဲ့ ကလေးတစ်သိုက်ကို လှမ်းခေါ်ပြီး ကူရှာခိုင်းရတော့တယ်။
သူ့ရဲ့ မက်လုံးက နာရီ ရှာတွေ့တဲ့ ကလေးကို ဆုချမယ်ပေါ့။

ကလေးတွေ ဆိုတော့ ဆုချမယ် ဆိုတဲ့ အသံကြားတာနဲ့ မြင်းဇောင်းထဲက
လွှတ်လိုက်တဲ့ မြင်းတွေလိုပါပဲ ဒုန်းဆိုင်းပြီးကို ရှာကြတော့တာပါပဲ။
ရှာတယ်၊ ဖွေတယ်၊ မွှေတယ်၊ နှောက်တယ်၊ ဒါပေမယ့် မမနာရီက ယောင်လို့တောင်
မောင်လို့ မခေါ်ပါဘူးဗျာ။ ဒီတော့ လယ်သမားကြီးကလည်း
လက်လျှော့လိုက်တော့မယ်ပေါ့။ အဲ့ဒီအချိန်မှာပဲ ကလေးတစ်ယောက်က
လယ်သမားကြီးဆီ လာပြီး သူ့ကို နောက်ထပ် အခွင့်အရေးပေးဖို့ တောင်းဆိုပါတယ်။
လယ်သမားကြီးက ကလေးလေးကို ကြည့်ပြီး “ရှာပေးရင်တော့ ကောင်းသား
နောက်ဆုံးတော့ အားကိုးရတဲ့သူ တွေ့ပြီပေါ့ “ဆိုပြီး တွေးနေမိတော့တယ်။
ဒါနဲ့ လယ်သမားကြီးလည်း ကလေးလေးကို ကျီတဲထဲ ဝင်ပြီး
ပြန်ရှာခိုင်းလိုက်တယ်။ ခဏကြာတော့ ကလေးလေးဟာ နာရီလေးကိုင်ပြီး
ပြန်ထွက်လာပါလေရော။ လယ်သမားကြီးကတော့ ဆွေ့ဆွေ့ခုန်အောင်ကို
ပျော်ရွှင်သွားပြီး အံ့သြတစ်ကြီးလည်း ဖြစ်နေတော့တာပေါ့။ သူရော ကလေးတွေ
အများကြီးရော လက်လျှော့ထားတာကို ဒီကလေးက ဘယ်လိုများ ဖြစ်အောင်
လုပ်နိုင်တာလဲ ဆိုပြီး မေးလိုက်ပါတယ်။
ကလေးလေး ပြန်ပြောလိုက်တာက “ကျွန်တော် ဘာမှ ခက်ခက်ခဲခဲ မလုပ်လိုက်ရဘူး
ခင်ဗျ၊ ကြမ်းပြင်ပေါ်မှာ ငြိမ်ငြိမ်လေးထိုင်ပြီးပဲ နားစွင့်နေလိုက်တာ၊
အသံငြိမ်နေတော့ နာရီလက်တံလည်သံလေး တက်တက်၊ တက်တက်နဲ့ ကြားရရော၊
အဲ့ကျတော့မှ နေရာကို မှန်းပြီး သွားရှာလိုက်တာပါ ခင်ဗျ” တဲ့လေ။
“ငြိမ်းအေးတဲ့ စိတ်အစဉ်က ယောက်ယက်ခတ်နေတဲ့ စိတ်ထက် ပိုပြီး
တွေးခေါ်နိုင်စွမ်းရှိပါတယ်။ နေ့စဉ်နေ့တိုင်း အချိန်ခဏလေးတော့
သင့်စိတ်လေးကို ငြိမ်သက်စေပြီး သတိထားကြည့်လိုက်ပါ။ အဲ့ဒီလို
လုပ်ခြင်းအားဖြင့် သင့်ဘဝရဲ့ ပန်းတိုင်ဆီ အရောက်ပို့ပေးနိုင်တဲ့ လမ်းကို
ညွှန်ပြပေးမှာ အသေအချာပါပဲ။”
အမည်မသိ
အသိတစ်ခုခု ရလိုက်တယ် ဆိုရင် သူငယ်ချင်းတွေလည်း သိနိုင်အောင် Share ပါ။

No comments: