Wednesday, November 11, 2015

ဇွဲကပင်တောင်




ဇွဲကပင်တောင်
********************
ဇွဲကပင်စေတီတော်မှာ ဘားအံ့မြို့နှင့် ၈ မိုင်ခန့်အကွာ၌ တည်ရှိသော ဇွဲကပင်တောင်ပေါ်တွင် တည်ရှိသည်။ ဇင်းကျိုက်တော်၏ အရှေ့ဘက် မိုင်၃၀ခန့် ကွားဝေး၍ အခြားတောင်တန်းများနှင့် မဆက်ဘဲ ကွင်းလည်၌ တောင်တစ်လုံးထဲ တည်ရှိ၍ ၂၃၇၂ ပေကျော်မြင့်လေသည်။ ဇွဲကပင်ဟုခေါ်ရခြင်းမှာ ထိုတောင်ခြေတွင်ကပ်၍ သဘောင်္ကြိုးများ ချည်နှောင်ခဲ့သဖြင့် မွန်ဘာသာဖြင့် ဒိုးကရွယ်ကပန်ဟု ခေါ်၍ ဘုရားကို ကျိုက်ကရွယ်ကပန်ဟုခေါ်ရာမှ ဂရွဲ့ကပန်၊ ဇွဲကပန်၊ ဇွဲကပင်ဖြစ်လာသည်ဟုဆိုသည်။(မွန်စေတီတော် သမိုင်းပေါင်းချုပ် စာမျက်နှာ ၂၆)၊ ကရင်ဘာသာစကားဖြင့် သဘောင်္ကြိုးချည်တောင် ခွဲကပေါင်မှ ဇွဲကပင်ဟူ၍ တွင်လာကြောင်းလဲဆိုသည်။
(ဘားအံ့မြို့လမ်းညွှန် စာမျက်နှာ ၂၃)
မြတ်စွာဘုရားပွင့်တော်မူချိန်လောက်တွင် သုဝဏ္ဏဘူမိနေပြည်တော်၌ တိဿဓမ္မမင်းနှင့် သီရိကပ္ပအမည်ရှိသော မိဖုရားကြီးမှ ဖွားမြင်သော သားတော် တိဿဓမ္မနှင့် သီဟရာဇာတို့သည် တရားသံဝေဂရ၍ နန်းမွေကိုစွန့်ကာ ရဟန်းပြုလျက် နောင်တော်သည် ဂစ္ဆဂီရိတောင်၌၄င်း၊ ညီတော်သည် ဗန္ဓ၀ဂီရိတောင် ဇွဲကပင်တောင်၌၄င်း သီတင်းသုံးတော်မူကြသည်။
ထိုစဉ်အခါ သီဟရသေ့သည် သူငယ်တစ်ယောက်ကိုကောက်ယူမွေးစားရာမှ သူငယ်ကွယ်လွန်ရာ မဇ္စိုမဒေသတွင် လူဝင်စားဖြစ်သည်။ မြတ်စွာဘုရားပွင့်တော်မူသောအခါ ထိုလူဝင်စားသည် ၇နှစ်အရွယ်၌ပင် တရားတော်ကို နာကြားရသဖြင့် ဂ၀မ္ပတိဘွဲ့ဖြင့် ရဟန္တာဖြစ်လေပြီးသော် ခမည်းတော်ဟောင်းနှင့် ဦးရီးတော်ဟောင်းတို့အား မြတ်စွာဘုရား ပွင့်တော်မူ၍ တရားတော်ကို နာကြားရကြောင်း လာရောက်ပြောကြားလေသည်။
ရသေ့တို့လည်း ကြည်ညိုဝမ်းမြောက်လှ၍ မြတ်စွာဘုရားကို ပင့်ဆောင်ပေးပါရန် တောင်းပန်ကြသဖြင့် ဂ၀မ္ပတိမထေရ်သည် မြတ်စွာဘုရားထံ ပြန်ကြွ၍ လျှောက်ထားသည့်အတိုင်း မဟာသက္ကရာဇ် ၁၁၀ ပြည့်နှစ်တွင် သုဝဏ္ဏဘူမိတိုင်းသို့ မြတ်စွာဘုရားကြွချီလာသည်။ သုဝဏ္ဏဘူမိတွင် တိဿဓမ္မသီဟရာဇာမင်း ဆောက်လုပ်လှူဒါန်းသော ကျောင်းတော်၌ သီတင်းသုံး၍ မဇ္စျိမဒေသသို့ ပြန်လည်ကြွချီမည်ရှိသောအခါ ရသေ့တို့က ထာဝစဉ်ကိုးကွယ်ရာကို လျှောက်ထားတောင်းပန်သည့်အတိုင်း တိဿရသေ့နှင့် သီဟရသေ့တို့အပြင် ကေလာသရသေ့ကိုပါ ဆံတော်နှစ်ဆူစီ ပေးအပ်ခဲ့သည်။
သီဟရသေ့သည် မိမိရရှိသော ဆံတော်နှစ်ဆူအနက် တစ်ဆူကို ဇင်းကျိုက်ဘုရားတောင်တွင် ဘုရားတည်၍ ဌာပနာခဲ့ပြီးနောက် ကျန်ဆံတော်တစ်ဆူကို ဗန္ဓ၀ဂီရိတောင်၌ မိမိသီတင်းသုံးခဲ့ဖူးသည့်အတိုင်း စေတီတည်၍ ဌာပနာလေသည်။
တောင်မှာမက်စောက်၍ တောင်စွန်းအမြင့်ဆုံးနေရာတွင် တောင်ဖက် ချောက်နှင့် ၅ပေအကွာခန့်၌ စေတီတော်ကျိန်းဝပ် လေသည်။ ဉာဏ်တော်အတောင် ၃၀ခန့်မြင့်လေသည်။
ဤကား ဇွဲကပင် ဆံတော်ရှင် သမိုင်း ပင်ဖြစ်လေ၏။
ဇွဲကပင်မြေ မှ ဓါတ်နန်းရှင် မောင်နှမ နှစ်ဦး၏ သမိုင်းပုံပြင်
******************************************************************
ဇွဲကပင် တောင်ခြေမှ လွမ်းဆွတ်ကြေကွဲဖွယ်ရာ ၊ဂရုဏာ သက်ဖွယ် ဓါတ်နန်းရှင် မောင်နှမ ဓာတ်နန်းရှင်စခန်းမှာ လွန်ခဲ့သော နှစ်ပေါင်း(၅၀)ခန့်က နောင်းအိမ်ဆိုင်ဆရာတော် ဦးကေတု ဦးဆောင်တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ ဇွဲကပင်ဆရာတော် ဦးက၀ိဓဇက ဘုရားဖူးများ အပန်းအဖြစခန်းလည်းဖြစ်၊ သတိရ အောက်မေ့ရာလည်းဖြစ်အောင်
ထပ်မံမွမ်းမံခဲ့ခြင်းဖြစ်ပါသည်။
ကရင်အမျိုးသားကြီးစ၀်ဖါ့သန့်(သိုင့်) နှင့် ဇနီးဖြစ်သူ နန်ဖေါ့ယာ့် တို့ တွင့် စံစေ့ဖိုးနှင့် နန်မူးဖါန် ဟုခေါ်သော သားသမီး (၂)ဦး ရှိလေသည်။ အနှစ်နှစ်အလလက ခြိုးခြံချွေတာပြီး ရိုးရိုးသားသား ကြိုးစားစုဆောင်းခဲ့သမျှ သားကလေး ရှင်သာမဏေလောင်းဖြစ်ဖို့ အလှူကြီးလုပ်ရန် တောင်ယာ ထဲ့တွင် အလုပ်ကြိုးစားနေရင်း ဖခင်ဖြစ်သူ စ၀်ဖါ့သန့်(သိုင့်) မှာ ကျားကိုက်ရင်း တောင်ယာ ထဲ့တွင် ဆုံးရှာလေသည်။
ဖခင်ကြီး ဆုံးပါး သွားသည်နောက်ပိုင်းတွင့် မုဆိုးမ နန်းဖေါ့ယာ့တို့သားအမိကို ဘ၀ဆိုးမှ လွတ်မြောက်စေလိုပါသည် ဆိုသော ရွာသူရွာသားတို့၏ တိုက်တွန်းချက်၊ မိမိဘ၀ကို သနားကရုဏာသက်လှပါသည်။ ကလေးတွေကိုလည်း ရင်သွေးအရင်အချာများနှယ် စာနာညှာတာစွာဖြင့် ချစ်ခင်ပါသည်ဆိုသော တစ်ရွာတည်း မုဆိုးဖိုဖြစ်သူ စောဖါ့ပျုဂ်နှင့် နောက်တစ်ပင်ထူထောင်ရတော့သည်။
ထိုအခါ အပြစ်မဲ့သော စံစေ့ဖိုးနှင့် နန်းမူးဖါန်တို့ လူမမယ် မောင်နှမနှစ်ယောက်၏ ဖြူစင်သောနှလုံးသားလေးတွေမှာ
စိုးရိမ်ထိတ်လန့်ခြင်း၊ ပူပင်သောကဝေဒနာအရောင်တို့ လွှမ်းမိုးညစ်ကျူလာသည်။ ငြိမ်သက်ခဲ့သော အိမ်ကလေးမှာ ဆဲဆိုသံ၊ ငေါက်ငန်း မာန်မဲသံဖြင့် ဆူညံလာသည်။ အဖေမုန်းတီးခဲ့သော အရက်သေစာတို့ အိမ်ပေါ်က မဆင်းတော့ ပထွေး၏ ဒေါသနှင့်ယုတ်မာသော ရင့်သီးသော ဆဲဆိုကြိမ်းမောင်းသံများအောက်မှာ မောင်နှမနှစ်ယောက် မျက်ရည်ပေါက်ပေါက် ကျခဲ့ရရှာသည်။
နောက်ဆုံးတွင် နန်းဖေါ့ယာ့ခမျာ ဥမမယ် အရွယ်မရောက် သားသမီးနှစ်ယောက်ကို တော့အုံချောက်ကြား
နွားကျောင်းတဖုံ စပါးထောင်းတစ်လှည့် မခိုင်းရက် ခိုင်းရက်ဖြင့် ခိုင်းခဲ့ရှာရလေတော့သည်။
တစ်နေ့ တွင် ပထွေး ဖြစ်သူမှ မောင်နှမ နှစ်ဦးအား ယာခင်း သို့ ခေါ်ကာ ယာခင်းသို့ သွားရာလမ်းတွင်
မြင့်မားမတ်စောက်သော တောင်ကမ်းပါးကြီး ပေါ်မှ တွန်းချကာ တစ်ဦးတည်း အိမ်ပြန်လာခဲ့လေသည်။ မောင်နှမနှစ်ဦးမှာ တောင်ပေါ်မှ အကျတွင် ဇွဲကပင်ဘုရားကို အာရုံပြုကာ ကယ်တင်ဖို့ဆုတောင်းမိလိုက်ကြပါသည်။ ကမ်းပါးအောက် ၀ါးရုံပေါ်တင်နေလို့ အသက်ချမ်းသာရာရခဲ့ကြပါသည်။ ညဥ့်နက်သည်အထိ ဘုရားကို ကြည်ညိုရင်း အရုဏ်ကျင်းလုကာမှ မိခင်ထံပြန်လာကာ အကျိုးအကြောင်း ပြောပြလေသည်။
ကလေးနှစ်ယောက်ကို ကျစ်နေအောင် ဖက်ထားရင်း နန်းဖေါ့ယာ့ မချိတင်ကဲ ခံစားရတော့သည်။ သို့သော် ကလေးနှစ်ယောက်ကို အိမ်မှာ ပြန်လည်၍ ခေါ်ထားဖို့ကတော့ လုံးဝမဖြစ်နိုင်သောအခါ ရင်သွေးနှစ်ယောက် အသက်မသေလုံခြုံအောင် မိမိနှင့်လည်း အလှမ်းမဝေးရအောင် ဇွဲကပင်တောင်ပေါ်က တောအုပ်အငူ လိုဏ်ဂူထဲတွင် ထားခဲ့လေသည်။
"အမေထားခဲ့သော တောအုပ်အငူ လိုဏ်ဂူထဲကလည်း ဝေးဝေးလံလံကို မသွားဝံ့။ ကြည့်လေရာရာ တောအုပ်ကြီးက ပိန်းပိတ်ညိုမှောင်နေသည်။ တစ်ခါမှ မရောက်ဖူးသည့်နေရာ လူသူကင်းဝေး၍ သားရဲတိရစ္ဆာန်တို့အသံများကိုသာ ကြားရသည့်နေရာ သည်နေရာမှာ မိခင်က လာပို့ထားခဲ့သည်။ ပထွေးရန်ကို ကြောက်လွန်းလို့သာ နေခဲ့ရပေမယ့် အမေ့ကို မခွဲချင်ကြ၊ လွမ်းပေမယ့်လည်း လမ်းကမသိ၊ တောတိရစ္ဆာန်တို့ရန်က ရှိသေးသည်။ အနီးအပါးက ရသမျှ တောသီနှံကလေး များကို ခူးဆွတ်စားသောက်ရင်း ဥတုရသီနှင့်တောဒဏ်ကို ကြံ့ကြံ့ခံနေကြရရှာသည်။ နှမငယ်ကလေးက ဘာမျှမသိ ရှာသေးတော့ အစ်ကိုဖြစ်သူမှာ ဂရုစိုက်ရသည်။ မျက်စိအောက်က အပျောက်မခံရဲ၊ အဖေကိုတမ်းတ၊ အမေ့ကိုလွမ်းရသော ဝေဒနာတို့ကို ကြိတ်မှတ်ခံစားရင်း ဒုက္ခမုန်တိုင်းဒဏ်ကို အလူးအလဲ အံတူနေကြရှာသည်။
ရံဖန်ရံခါတွင် ဇွဲကပင်တောင်သို့ ဘုရားဖူးလာကြသူများ ရောက်လာကြပါ၏။ ၎င်းတို့ပေးသွားသော စားရေရိက္ခာလေး မစို့မပို့နှင့် မျှတစားရသည့်အခါလည်း ရှိသည်။ ငယ်ရွယ်သူ နှမလေးကို ငဲ့ညှာရလွန်းတော့ အစ်ကိုလုပ်သူမှာ ၀လင်သည်ဟုပင် မရှိခဲ့။
တစ်နေ့သော နံနက်တွင် ချမ်းအေးလှသော ရာသီဥတုကို မီးပုံဖိုပြီး မောင်နှမနှစ်ယောက် အံတုရင်ဆိုင်နေကြစဉ် ခံ့ညားသော ရသေ့အိုကြီးတစ်ပါး သူ့ထံ ရောက်လာသည်။ ရသေကြီးမှ ငယ်ရွယ်လှသော သနားဖွယ် မောင်နှမ နှစ်ဦးအား ရွှေရောင်ဝင်းနေသည့် ဆေးလုံးသုံးလုံးပေး ကာ မီးဖို့ အတွင်းသို့ ဆင်းခိုင်းရာမှ ငယ်ရွယ်နုပျိုသော လုလင်ပျိုနှင့် လုံမပျိုလေးနှစ်ဦးအဖြစ်သို့ ပြောင်းလဲသွားလေသည်။
မောင်နှမ နှစ်ဦးမှ ရသေးကြီးပေးခဲ့သော သုံးမကုန်နိုင်တဲ့ အစွမ်းတွေ၊ ဣဒ္ဓိပါဒ်တန်းခိုးတွေ ရကြပြီ၊ ရသေကြီး အားပေးခဲ့သော ကတိစကား အတိုင်း "သာသနာတော်အတွက် လုံ့လ၀ီရိယစိုက်ကြပေတော့၊ သာသနာတော်ကို ကြည်ညိုသူတွေရယ်၊ ဟောဒီ ဇွဲကပင်တောင်ကို ဘုရားဖူး လာကြသူတွေ မှန်သမျှရယ်၊ စီးပွားရေးလာဘ်လာဘ တိုးအောင် ကျန်းမာရွှင်လန်းအောင် မင်းတို့မောင်နှမ စောင့်ရှောက်ရစ်ကြပေတော့" ဟူသော အမှာ စကားအတိုင်း သစ္စာပြုကာ ဇွဲပကင် တောင်တော်နှင့် ဆံတော်ရှင် မြတ်အား စောင့်ရှောက် နေခဲ့ပါသည်။
ဇွဲကပင် ဆံင်တော်ရှင်သမိုင်းစာအုပ်မှ အတို ချုပ် ကောက်နှုတ်ဖေါ်ပြထားသည်။

No comments: