မုံရွာမြို့ နောက်ခံသမိုင်းအကျဉ်း
မုံရွာမြို့သည်
စစ်ကိုင်းတိုင်းအောက်ပိုင်း၊ ချင်းတွင်းမြစ်၏ အရှေ့ဖက်ကမ်းတွင် တည်ရှိသည်။
ပထဝီဝင်အနေအထား အားဖြင့် မြောက်လတ္တီကျူ ၂၁ဒီဂရီ ၆မိနစ်မှ ၂၂ဒီဂရီ
၁၈မိနစ်ကြားတွင်လည်းကောင်း၊ အရှေ့လောင်ဂျီကျူ ၉၅ဒီဂရီ ၈မိနစ်မှ ၉၅ဒီဂရီ
၂၃မိနစ်အကြား ဆုံချက်ပေါ်တွင်လည်းကောင်း တည်ရှိသည်။ မုံရွာမြို့နယ်မှာ
အကျယ်အဝန်းအားဖြင့် ၂၆၆ဧရိယာ စတုရန်းမိုင်ရှိသည်။ ၁၈၉၁တွင်
မုံရွာရပ်ကွက်နှင့် လှေကူးရပ်ကွက်ဟူ၍ (၂)ခုရှိရာမှ (၂၀၀၅)ခုနှစ်တွင်
ရပ်ကွက်ပေါင်း(၂၄)ခုထိ ရှိလာခဲ့သည်။ မုံရွာမြို့သည် ဧရာဝတီမြစ်နှင့်
ချင်းတွင်းမြစ်ဆုံရာအရပ်မှ မိုင်(၅၀)ကွာဝေးပြီး ပင်လယ်ရေမျက်နှာပြင်အထက်
(၂၆၇)ပေခန့်တွင်ရှိသည်။ မြေမျက်နှာပြင် အနေအထားအားဖြင့် အရှေ့ဖက်မှ
အနောက်ဖက်သို့ ပြေပြစ်သည် ဆင်ခြေလျော ရှိသည်။ အရှေ့ဖက်ပိုင်းတွင်
ကျီဝန်တောင်၊ တောင်တစ်လုံးတောင်၊ ကျောက္ကာတောင်၊ ရွှေမြင်တင်တောင်များ
သွယ်တန်းလျှက် ရှိပြီး မြို့နယ်အတွင်းရှိ ကျန်ဒေသများမှာ ပြေပြစ်စွာ
လှိုင်းထလျှက်ရှိသော လွင်ပြင်ဒေသများဖြစ်သည်။
မြေဆီလွှာအနေဖြင့်
ချင်းတွင်းမြစ်ဝှမ်းတစ်လျှောက်နှင့် တောင်ဖက်ပိုင်းရေဝေဒေသများတွင်
နုံးမြေ၊ နုံးစနယ်မြေများ တွေ့ရှိရသည်။ အရှေ့ဖက် ပိုင်းတွင်
ကျောက်စရစ်မြေကို တွေ့ရပြီး အလယ်ပိုင်းတွင် စနယ်မြေ၊ မြေနီသဲဝန်းများ ရှိ၏။
နှစ်စဉ်ပျမ်းမျှအပူချိန် ၈၁.၆ ဖာရင်ဟိုက်ရှိ၍ မိုးရေချိန် ၃၅လက်မ မှ
၄၅လက်မအတွင်းရှိသည်။ နွေအခါတွင် ပူပြင်းခြောက်သွေ့၍ မိုးအခါတွင်
မိုးနည်းပါးပြီး ဆောင်းအခါတွင် အေး၍ ခြောက်သွေ့သော ရာသီဥတုရှိသည်။
အပူပိုင်းစတက်မြက်ခင်းရာသီဥတုမျိုးဖြစ်ပြီး ခြောက်သွေ့၍ သဲကန္တာရဆန်သော
ရာသီဥတုမျိုးဖြစ်သည်။
(၁၉)ရာစုနှစ်အကုန် (၂၀)ရာစုနှစ်ဆန်းစအထိ မုံရွာမြို့၏ ဖြစ်ပေါ်တိုးတက်မှု အစဉ်ကို အနှစ်ချုပ်ကြည့်သော်
၁။ မုံရွာသည် ပုဂံခေတ်တွင် သာမန်ရွာတစ်ရွာဖြစ်ခဲ့ပြီး အင်းဝခေတ်အလယ်ပိုင်း (၁၆)ရာစုနှစ်အထိ ထင်ရှားပေါ်လွင်ခြင်း မရှိပေ။
၂။ မုံရွာနှင့်လှေကူးရွာသည် ချင်းတွင်းမြစ်၏ အရှေ့ဖက်ကမ်းတွင်
လမ်းတစ်လမ်းသာခြားသည်။ ရွာချင်းဆက်စပ်နေသည့် ရွာနှစ်ရွာဖြစ်ပြီး အလုံမြို့
အောက်တိုက်မှာ အပါဝင်ဖြစ်ကာ ရွာသူကြီး ကြီးစိုးစီရင်သည်။
၃။
အင်းဝခေတ်နှောင်း (၁၈)ရာစု ပထမနှစ်ဝက်မှစ၍ စည်ကားတိုးတက်လာရာ
ကုန်းဘောင်ခေတ်နှောင်းတွင် မြို့ဟု ခေါ်စမှတ်ပြုလာကြသည်။
ကူးသန်းရောင်းဝယ်ရေး ဆိပ်ကမ်းမြို့ဖြစ်ကာ စည်ကားဖွံ့ဖြိုးတိုးတက်လာသည်။
၎။ မြန်မာနိုင်ငံကို အင်္ဂလိပ်တို့ သိမ်းယူပြီးနောက် လမ်းပန်းဆက်သွယ်ရေးအရ
လမ်းဆုံလမ်းခွဖြစ်၍လည်းကောင်း၊ စစ်ရေးအရ အချက်အချာဖြစ်၍လည်းကောင်း၊
(၁၈၈၈)တွင် အရေးပိုင်ရုံးကို အလုံမြို့မှ မုံရွာသို့ ပြောင်းရွှေ့ပြီး
(၂၅-၄-၁၈၈၈) တွင် မြူနီစီပါယ်အဖွဲ့ဖွဲ့ကာ(ခရိုင်)မြို့ဖြစ်လာပြီးနောက်
တဟုန်ထိုး တိုးတက်လာသည်။
၅။ ချင်းတွင်းမြစ်၏အရှေ့ဖက် အနောက်ဖက်
တောင်ဖက် မြို့များနှင့် လမ်းပန်းဆက်သွယ်ရေး အချက်အချာကျသည်။
အထက်ချင်းတွင်းဒေသသို့ သွားရောက်သည့် ရေလမ်းခရီး၏ တံခါးပေါက်ဖြစ်သည်။
၆။ မုံရွာနယ်နှင့် ဝန်းကျင်မြို့ရွာများမှာ စိုက်ပျိုးဧကများပြီး ထွက်ကုန်သီးနှံ ကြွယ်ဝ၍ နောက်ခံစီးပွားရေးအင်အား ကောင်းသည်။
၇။ ရေဘေး၊ မီးဘေး၊ စစ်ဘေး အလီလီကြုံတွေ့ရသော်လည်း မုံရွာသားများသည်
မြို့ချစ်များဖြစ်၍ နေ့ချင်းညချင်း မြို့ကို ပြန်လည်ထူထောင်ကြမြဲဖြစ်သည်။
ထို့ကြောင့် ဆရာအံ့မောင်က မီးတွင်းဆင်းသက်၊ လှသစ်တက်သည့်၊ နတ်ငှက်ပမာ၊
မြို့မုံရွာ ဟု တင်စားဖွဲ့ဆိုဖူးပါသည်။
၈။
စီးပွားရေးဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ ပညာရေး၊ စာပေယဉ်ကျေးမှု၊
အနုပညာနှင့် ဘာသာရေး၊ သာသနာရေး တို့လည်း ဖူးပွင့်ဝေဖြာလာပါတော့သည်။
ရွှေစည်းခုံစေတီတော်မြတ်ကြီး(မုံရွာမြို့)
မဟာသက္ကရာဇ် (၁၄၇)ခုနှစ်၊ တပေါင်းလပြည့်ကျော်(၉)ရက် ဂေါတမဘုရားရှင်လက်ထက်
ဘုရားရှင် သာဝတ္ထိပြည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ်ကာလ-
သာဝတ္ထိပြည် ကောသလမင်းကြီး၏ တောင်းဆိုချက်အရ ကပိလဝတ်ပြည် သာကီဝင်မျိုး
မဟာနာမ်မင်းသည် ၄င်းနှင့် နာဂမုဏ္ဍာကျွန်မမှ ဖွားသည့် ဝါသဘခတ္တိယာမည်သော
သတို့သမီးကို ပေးဆက်လိုက်သည်။ ကောသလမင်းကြီးနှင့် ဝါသဘခတ္တိယာမိဖုရားတို့မှ
ရွှေအဆင်းရှိသော သားတော်တစ်ပါးဖွားမြင်သည်။ ဝိဋဋူဘမင်းသားဟူ၍ အမည်ရလေသည်။
ငယ်စဉ်ကပင် စစ်သူကြီးရာထူးကို ခံယူခွင့်ရခဲ့၏။ ဝိဋဋူဘအရွယ်ရောက်လျှင်
မယ်တော်၏အဖိုးအဖွား ဆွေမျိုးအကြီး အကဲများကို ဖူးမြော်ကန်တော့ရန်
ကပိလဝတ်ပြည်သို့ သွားလေသည်။ သာကီဝင်မင်းများသည် အဖိုးအဖွားဦးရီးများကိုသာ
ကန်တော့ခံစေပြီး ဝိဋဋူဘအောက်ငယ်သော သာကီဝင်မင်းသားများကိုမူ
ဇနပုဒ်အရပ်သို့ပို့၍ ရှောင်နေကြစေသည်။ ကျွန်မ၏ သားဖြစ်၍ ရှိခိုးရန် မသင့်ဟု
ယူဆခဲ့ကြပြီး ပဏ္ဏာလက်ဆောင်များဖြင့်သာ ပူဇော်သက္ကာရ ပြုကြကုန်၏။
ဝိဋဋူဘ၏ မင်းချင်းယောင်္ကျားတစ်ဦး လက်နက်မေ့ကျန်၍ ပြန်ယူစဉ်
ဝိဋဋူဘထိုင်ခဲ့သော မင်းကွန်း(ဗိုလ်တဲ)ရှိ ပျဉ်ချပ် အခင်းနေရာကို
ကျွန်မတစ်ယောက်က ရေနှင့်ရောသော နို့ရည်ဖြင့် ဆေးကြောနေသည်ကို
မြင်တွေ့လိုက်ရပေသည်။ ဝါသဘခတ္တိယာ သတို့သမီးသည် မဟာနာမသာကီဝင်နှင့်
နာဂမုဏ္ဍာမည်သော ကျွန်မမှ ဖွားမြင်သူဖြစ်ပြီး ကျွန်မ၏သား ဝိဋဋူဘအား
ဆဲရေးနေသည့် အသံများကိုလည်း ကြားလိုက်ရပေသည်။ ဝိဋဋူဘလည်း ယမ်းမီးပုံကျ
အမျက်ဒေါသ ခြောင်းခြောင်းထလျက် "ဤသာကီဝင်တို့သည် ငါထိုင်ခဲ့သော
ပျဉ်ချပ်အခင်းနေရာကို ရေရောသော နို့ရည်ဖြင့် ဆေးစေဦး၊ ငါ မင်းဖြစ်လျှင်
သာကီဝင်တို့၏ လည်ချောင်းသွေးကို ယူ၍ ငါထိုင်သော ပျဉ်ချပ်ကို ဆေးမည်" ဟု
ဆုံးဖြတ်ကာ ရန်ငြိုး ထားလေသည်။
ဤအကြောင်းစုံကို ဝိဋဋူဘနှင့်တကွ
အခြွေအရံ ဗိုလ်ပါမှူးမတ်တို့မှတဆင့် ကောသလမင်းကြီး၏ ရွှေနားတော်သို့
ပေါက်ကြားကာ အုတ်အုတ်ကျက်ကျက် ဖြစ်သွားပေတော့သည်။
သာကီဝင်မင်းမျိုးဘုရားရှင်နှင့် ဆွေမျိုးအဆက်အနွယ် တော်စပ်ချင်သော
ကောသလမင်းကြီးလည်း အရှက်တကွဲ အကျိုးနည်းရလေတော့သည်။ အရှင်ဘုရားတို့၏
ဆွေမျိုးတို့သည် ကျွန်မ၏သမီးကို တပည့်တော်အား ပေးဆက်၏။ ထို့ကြောင့်
ဝါသဘခတ္တိယာမိဖုရားအား သားနှင့်အတူ ပေးထားသော အသုံးကံကြွေး ရုပ်သိမ်းပြီး
ကျွန် ကျွန်မတို့ ရထိုက်သမျှကိုသာ ပေးထားပါသည်ဟူ၍ လျှောက်၏။ ဘုရားရှင်က
ဝါသဘခတ္တိယာ မိဖုရားသည် ခတ္တိယမင်းမျိုး မဟာနာမ်မင်းကြီး၏ သမီးတော်ဖြစ်၏။
ခတ္တိယမင်းဖြစ်သော အသင်ကောသလမင်းကြီး၏ မဟေသီ အဖြစ် အဘိသိက်ခံယူရ၏။
ဝိဋဋူမင်းသားသည်လည်း ခတ္တိယဇာတ်မြတ်သော အသင်မင်းကြီး၏သားတော်ဖြစ်၏။
အမိအမျိုး မည်သည် အသို့ပြုအံ့နည်း။ အဖ၏အမျိုးအနွယ်သည်သာ ပဓာနဖြစ်၏။
ရှေးပညာရှိတို့သည် ဆင်းရဲသော ထင်းခွေသည်မအား မိဖုရားခေါင်ကြီးအရာပေးဆက်၍
ထိုမိဖုရား၏ ဝမ်း၌ ဖြစ်သော သားသည် (၁၂)ယူဇနာရှိသော ဗာရာဏသီပြည်၌ မင်းဖြစ်၍
ကဌဝါဟနမင်းဖြစ်ဖူးသည်ဟု ဧကကနိပါတ်လာ ကဌဝါဟနဇာတ်တော်ကို
ဟောကြားတော်မူခဲ့ပေသည်။
ကောသလမင်းကြီးလည်း ဘုရားရှင်၏ တရားတော်ကို
နာကြားရ၍ သတိရအမျက်ပြေကာ အဖ၏အမျိုးအနွယ် သည်သာ ပဓာနဖြစ်သည်ကို သဘောကျလျက်
မိဖုရားနှင့်သားအား ယခင်ပေးပြီး အသုံးကံကြွေးများကို ပြန်လည်ပေးတော် မူသည်။
အရှက်မပြေ အမျက်တွေဖြင့် လက်စားချေရန် အခြေအနေကို စောင့်ဆိုင်းနေသည့်
ဝိဋဋူဘသည် ဒီဃကာရာယန စစ်သူကြီးကို အကြောင်းပြု၍ ကောသလမင်းကြီးထံမှ
မင်းမြှောက်တန်ဆာငါးပါးကို ယူပြီး ဘုရင်ဖြစ်လာပေသည်။ ၄င်း၏
ယခင်စိတ်ကြံရင်းစွဲ ရန်ငြိုးအတိုင်း သာကီဝင်မျိုးအားလုံးကို သတ်အံ့သောငှာ
စစ်သည်ဗိုလ်ပါများနှင့်တကွ သာဝတ္တိပြည်မှ ထွက်လေ၏။ သာကီဝင်မင်းတို့၏
အပြစ်ကို သတိရ၍ ထွက်ခွာလာသော်လည်း ၄င်း၏ပြည်နယ်နိမိတ်အနီး အရိပ်ကျဲသော
သစ်ပင်အောက်တွင် နှစ်ကြိမ် သုံးကြိမ်တိုင်အောင် ဘုရားရှင်ကို
ဖူးတွေ့မြဲဖူးတွေ့နေရ၍ ပြန်လှည့်ရသည်ချည်းသာ ဖြစ်ခဲ့သည်။
လေးကြိမ်မြောက်တွင်တူ ဘုရားရှင်သည် သာကီဝင်မင်းတို့၏ အတိတ်အခါက
မြစ်၌အဆိပ်ခပ်၍ ငါးတို့ကို သတ်ခဲ့ဖူးသော ရှေးမကောင်းမှုကံ၏ အပြစ်ခံကြရမည်ကို
သိတော်မူပြီး တားမြစ်ခြင်းငှာ မတတ်သာ၍ ကြွတော်မူခဲ့ပေ။
ဝိဋဋူဘ၏
တစ်ချက်လွှတ်အမိန့်အရ မဟာနာမ်အထံ၌ နေကုန်သော ပကတိသာကီဝင်တို့နှင့်
ကျူပင်ကိုင်သူ နဠသာကီဝင်၊ မြက်ပင်ကိုင်သူ တိဏသာကီဝင် တို့မှအပ
နို့စို့ကလေးများပါမကျန် သတ်ကြလေသည်။ သွေးမြေကျသည့် သာကီဝင်တို့၏
ချဉ်းချဉ်းနီရဲနေသော လည်ချောင်းသွေးတို့မှာ ပျဉ်ချပ်ပေါ်က
အဖြူရောင်နို့ရည်စက်များကို ဖုံးလွှမ်းသွားလေ တော့သည်။ အသက်မသေ ကျန်ရစ်သော
မဟာနာမ်အထံပါးရှိ သာကီဝင်တို့မှာ ခြေဦးတည့်ရာ အရပ်လေးပါးသို့ ထွက်ပြေး
တိမ်းရှောင်ခဲ့ကြရလေသည်။ ဝိဋဋူဘနှင့် စစ်သည်များသည် ရှေးရန်ကြွေးကို
သွေးသံဖြင့် ဆေးပြီး အောင်ပွဲကြီး ခံခဲ့ကြလေသည်။ ညအချိန်
အစိရဝတီ(ချင်းတွင်းမြစ်)သို့ ရောက်၍ တပ်စခန်းချကာ သဲသောင်ကုန်းထိပ်၌
အိပ်စက်ကြကုန်၏။ ထိုအချိန် တစ်ခဲနက် ရွာချလိုက်သော မိုးကြီးကြောင့် ရှေးကံ
ကောင်းမှု မကောင်းမှု အလှည့်အပြောင်းအရ ဝိဋဋူဘနှင့် စစ်သည်အချို့
မြစ်ရေအလျဉ်တွင် အတုံးအရုံး မျောပါပျက်စီး၍ ဘဝနိဂုံးချုပ်ခဲ့ ရပေတော့သည်။
မဟာနာမ်မင်းကြီး၏ တူတော်များဖြစ်ကြသည့် သကုဏ္ဍလညီနောင်သုံးပါးတို့သည်လည်း
ဝိဋဋူဘရန်ဘေးကြောင့် မြန်မာပြည်မြောက်ပိုင်း ချင်းတွင်းမြစ်ဖျားသို့
ထွက်ပြေးခဲ့ရသည်။ ထိုမှတစ်ဖန်အောက်ပိုင်း ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ်
ဆုံရာသို့ ရောက်ရှိပြီးနောက် ချင်းတွင်းမြစ်အထက်သို့ ဆန်တက်ခဲ့ကြပြန်သည်။
ယခုမုံရွာမြို့ ချင်းတွင်းမြစ်၏ အနောက်ဖက် ဖိုလ်ဝင်တောင်ဒေသသို့
စခန်းချနားနေကြသည်။ ထိုစဉ်ကာလ အရှေ့အရပ်ကောင်းကင်မှ ရောင်စဉ်ခြောက်သွယ်
အလင်းတန်း သဖွယ်ကို ထူးဆန်းစွာ မြင်တွေ့ကြရပေသည်။ ဘုရားရှင်ကိုယ်တော်တိုင်
ရောင်ခြည်တော်ကွန်ယက်ဖြင့် ဖြန့်ကျက်လွှမ်း ခြုံလျက်
စောင့်ရှောက်တော်မူသည်ဟု မှတ်ယူကာ ရတနာသုံးပါးကို ဦးထိပ်ထား၍
ကန်တော့ကြသည်။ ထိုမှတဆင့် ညချမ်းအချိန် ရောင်ခြည်တော်သဏ္ဍာန်
အလင်းတန်းကြီးမြင်ရာဒေသ ယခု မုံရွာမြို့တည်ရာအရပ်၌ ပြောင်းရွှေ့စခန်းချနား
နေကြပေသည်။ သကုဏ္ဍလညီနောင်သုံးပါးနှင့်တကွ နောက်ပါတို့သည် ရောင်ခြည်တော်ကို
ဖူးမြင်ရာ ဤနေရာ၌ နောင်အခါ ဗုဒ္ဓဘာသာ သာသနာတော်မြတ်ကြီး ထွန်းကားစည်ပင်မည်ဟု
နိမိတ်ဖတ် အောက်မေ့ကြပြီး အမှတ်အသားအဖြစ် တည်ရစ် စိမ့်သောအလို့ငှာ
ဘုရားစေတီတစ်ဆူ တည်ထားကိုးကွယ်ရန် ရည်သန်၍ စီမံခဲ့ကြသည်။
ဤသို့ဖြင့်
မုံရွာအနီးဝန်းကျင်မှ ထွက်သော သံ၊ သွပ်၊ ကြေးနီ၊ ကြေးဝါ၊ ရွှေ၊ ငွေ၊ ဘော်၊
ဘင်၊ ခဲ ဓါတ်သားကိုးပါးကို ဘုရားရှင် ပုံသဏ္ဍာန်ရည်မှန်း သွန်းလုပ်ပြီး
မင်္ဂလာယာဉ် သာမဆင်တော်ပေါ်သို့ ပင့်ဆောင်တင်၍ အဓိဌာန်ဖြင့် လွှတ်လေသည်။
မင်္ဂလာဆင်တော်သည် ယခု ရွှေစည်းခုံစေတီတော်ကြီး တည်မည့်နေရာ၌ ခဏကြာရပ်တန့်၍
ဝပ်လေသည်။ ဤနေရာ၌ ရေတစ်အိုးဖြင့် သွန်းလောင်းသောအခါ အရပ်လေးမျက်နှာသို့
ရေများဖြာဆင်းစီးကျသွားလေသည်။ ဤနေရာသည် ကုန်းအရပ်ဖြစ်ခြင်း၊ မြောက်ဖက်
တောင်ဖက်ရှိ အင်းကြီးများပေါ်မှ လေအေးတို့ တိုက်ခတ်လျက်ရှိခြင်းကြောင့်
ကုန်းရပ်လေသာ ဟု သမုတ်ခဲ့ကြဟန် ရှိပေသည်။ အရပ်လေးမျက်နှာ
ဗဟိုအချက်အခြာကျသော ဤမင်္ဂလာအောင်မြေ၌ ဓါတ်သားကိုးပါး ဗုဒ္ဓရုပ်ပွားတော်ကို
ဌာပနာ၍ ဥာဏ်တော်(၉)တောင်ပြည့် စေတီတော်ကို တည်ထားခဲ့ပေသည်။
သကုဏ္ဍလညီနောင်သုံးပါးနှင့် လက်ဝတ်ရတနာများကို
ဓါတ်သားကိုးပါးရုပ်ပွားတော်နှင့်အတူ ဌာပနာခဲ့ကြပေသည်။ မဟာသက္ကရာဇ်
(၁၄၇)ခုနှစ်၊ တပေါင်းလပြည့်ကျော်(၉)ရက်နေ့တွင် တည်ထားကိုးကွယ်ခဲ့ကြသည်။
စေတီဘုရားတည်ထားပြီးနောက် ဤနေရာ ဤဒေသတစ်ဝိုက်၌ ဗုဒ္ဓသာသနာတော် အရှည်မျှော်၍
ပူဇော်လေးမြတ် တည်တံ့အပ်စေခြင်း အလို့ငှာလည်းကောင်း၊ ဤစေတီဘုရားကို
နောင်ပြုပြင်ရွက်ဆောင်စိမ့်သော အလို့ငှာလည်းကောင်း
ငါးပါးသီလလုံခြုံမြဲမြံပြီး အကျင့်စာရိတ္တကောင်းမွန်သော သူများကို ရွေးချယ်၍
ဘုရားအစောင့်အရှောက်အဖြစ် ထားရစ်ခဲ့သည်။ "ငါတို့ညီနောင်သုံးဦး
မှာတော်မူခဲ့သည့်အတိုင်း ဤဘုရားကို စောင့်ရှောက်ပေးကြလျှင် ဘဝအဆက်ဆက်
လူမင်း နတ်မင်း စည်းစိမ်ကို ခံစားရပြီး၍ အဆုံးစွန်သောဘဝ၌ ဘုရားသခင်ကို
လက်ဦးစွာ ဖူးတွေ့ရပါစေသတည်း" ဟု သစ္စာရေတိုက်၍ ဘုရားအစောင့်အရှောက်အဖြစ်
ထားရစ်တော်မူခဲ့ကြလေသည်။
ရှေးယခင်က ရွှေစည်းခုံစေတီဝန်းကျင်တွင်
လူနေအိမ်ခြေမရှိဘဲ သစ်ပင်ကြီးငယ်များဖြင့် ရိပ်ကြီး ဂနိုင်ဖြစ်ပြီး လူသွား
လူလာနည်းပါးကာ ညချမ်းအချိန်တွင် တစ္ဆေခြောက်မည်ကိုပင်
ကြောက်နေကြဟန်ရှိပါသည်။ ထို့ကြောင့်-
ရွှေလမ်းမ ဖုန်ဖုန်
ရွှေစည်းခုံ တစ္ဆေခြောက်
ပျိုလေးကြောက်တဲ့ ဒီအချိန်
တောနက်တဲ့ တိမ်
ဆီမီးရယ် မှန်အိမ်နှင့်
ပျိုပြန်ချိန် ရောက်ပါပေါ့
ပျိုတို့မောင် ညောင်ပင်အောက်က
မီးမြှောက်ပါ့လေး..... ဟူ၍ အစဉ်အလာစာချိုးတဘောင်ရှိခဲ့ကြောင်း
ဓမ္မကထိကဆရာကြီးဦးလှသိန်းကပြောပြသည်။ မုံရွာတွင် ဘုရားလေးဆူ၊ ဂူလေးဂူ၊
ကျစ်လေးပါး၊ သိမ်လေးသိမ်၊ ချောင်လေးချောင်၊ ကုန်းလေးကုန်း၊ အိုင်လေးအိုင်၊
အင်းလေးအင်း ဟူ၍ မှတ်သားထားကြမြဲဖြစ်သည်။
ဘုရားလေးဆူမှာ (၁) ရွှေစည်းခုံ
(၂) ဆုတောင်းပြည့်
(၃) ချမ်းသာကြီး
(၄) ဘုရားလှ( မဟာရန်ဆီး )
သိမ်လေးသိမ်မှာ (၁) ရွှေစည်းခုံသိမ်
(၂) ဘုရားနီသိမ်
(၃) သိမ်တော်ကျောင်းသိမ်
(၄) ထန်းတောရွှေသိမ်တော်
ဂူလေးဂူမှာ (၁) ရွှေစည်းခုံ ရာဟုထောင့်စေတီဂူ
(၂) ချမ်းသာကြီး အင်္ဂါထောင့်စေတီဂူ
(၃) ဆုတောင်းပြည့် ရာဟုထောင့်စေတီဂူ (ရန်အောင်မြင်စေတီဂူ)
(၄) လှေသူကြီး ဦးသာအိဘုရား (မာန်အောင်ကျောင်း)
သာလွန်မင်း၏ ဆောင်ရွက်ချက်
အင်းဝခေတ်နှောင်း သီရိသူဓမ္မရာဇာ မဟာဓိပတိဘွဲ့ခံ သာလွန်မင်း(1629-48)လက်ထက်
ခရစ်နှစ်(၁၆၃၇)ခုနှစ်တွင် နိုင်ငံအဝန်း စစ်တမ်းများ ကောက်ယူခဲ့၏။
မုံရွာစစ်တမ်း(ကောဇာသက္ကရာဇ်-၉၉၉ ခု)တွင်-
လုပ်မြေပယ်ပေါင်း(၈၅၀)၊
ဘုရားသုံးဆူ၊ ချောင်းနှင့် တောင်မရှိ၊ အင်း(၂)ရွာ၊ ရွာပေါင်း(၇)ရွာ(၉၉၉-ခု
စစ်တမ်းများ) ဟူ၍ တွေ့ရှိရာ ဘုရားသုံးဆူမှာ- (၁) ရွှေစည်းခုံ
(၂) ဆုတောင်းပြည့်
(၃) ချမ်းသာကြီးဘုရားများဖြစ်သည်။
ဤသို့ စစ်တမ်းကောက်ယူရခြင်း၏ ပဓါနရည်ရွယ်ချက်မှာ သာသနာမြေနှင့်
မင်းမြေအယှက်အတင်မရှိစေရန် ခွဲခြားခြင်းဖြစ်၏။ အရပ်ရပ်
သာသနာမြေစာရင်းကိုလည်းကောင်း၊ ကျောင်းဘုရားစာရင်းကိုလည်းကောင်း ပြုစုစေ၍
ယိုယွင်း ပျက်စီးသည်များကို ပြုပြင်မွမ်းမံသည်။
Credit : : Aung Kyaw Han
Ref: : ဒေါက်တာသန်းထွန်း၊ ၁၉၇၅၊ ၄၉၆၊ မုံရွာမြို့ ရွှေစည်းခုံစေတီတော်မြတ်ကြီးဘုရားသမိုင်း
No comments:
Post a Comment