Tuesday, November 10, 2015

"အမရပူရ"

"အမရပူရ"

အမရပူရမြို့သည် ကုန်းဘောင်ခေတ်က မင်းနေပြည်တော်နှစ်ကြိမ်ဖြစ်ခဲ့ဖူးသည့်မြို့ဖြစ်သည်။ ယနေ့တွင်မူ မန္တလေးမြို့အတွင်းရှိ တောင်မြို့ဟုခေါ်သော မြို့နယ်အဖြစ် ပါဝင်လျက်ရှိပါသည်။ အမရပူရ၏ အဓိပ္ပါယ်မှာ မရ=သေခြင်း၊ အမရ=မသေခြင်း၊ ပူရ=မြို့ဖြစ်၍ မသေသောမြို့ဖြစ်ပေသည်။ ထို့ကြောင့် အသက်ရှည်သော အဘိုး အဘွားများစွာ နေထိုင်ကြသည်ကို တွေ့ရပါသည်။
အမရပူရမြို့ကို စတင်တည်ထောင်သူမှာ ကုန်းဘောင်မင်းဆက်၏ ၆ဆက် မြောက်မင်းဖြစ်သည့် ဘိုးတော်ဘုရား ခေါ် ဗဒုံမင်း ဖြစ်သည်။ ဗဒုံမင်းသည် အင်းဝတွင် နန်းစံနေရာမှ အင်္ဂလိပ်တို့၏သင်္ဘောမှာ တောင်သမန်အင်း ရေတက်ချိန်တွင် နန်းတော်သို့ အလွယ်တကူ ၀င်ရောက်နိုင်ခြင်းရှိကြောင်း သိသဖြင့် မြို့သစ် နန်းသစ်တည်ရန် ကြံသည်။
သို့ဖြစ်၍ မြို့တည်ရန် နေရာရွေးရာ လက်ဆယ်ကန်ရွာနေရာကို အမရပူရမြို့ နန်းတည်ရန် အတည်ပြု၍ ၁၀ အောက်တိုဘာ ၁၇၈၁ တွင် အမိန့်ပြန်ကာ စတင်တည်ဆောက်စေသည်။ ၁၂ မေ ၁၇၈၃ တွင် နန်းသိမ်းပွဲဖြင့် စတင်နန်းစံသည်။ သို့သော် ၁၃ မတ် ၁၈၁၀တွင် အမရပူရမြို့တွင် မီးအကြီးအကျယ်လောင်ရာ နန်းတော်ပါ ပျက်စီးသဖြင့် တဖန်ပြန်တည်ရပြန်သည်။ သို့ဖြင့်အချိန်တိုအတွင်း ပြန်လည်တည်ဆောက်ပြီး ဒီဇင်ဘာ ၁၈၁၀ တွင် ပြန်လည်စိုးစံသည်။ ထူးခြားချက်မှာ အမရပူရနန်းတော် တည်ဆောက်ရာတွင် အုတ်ခုံပေါ်တွင် တည်ဆောက်ထားခြင်းဖြစ်ပြီး ထိုကဲ့သို့သော နန်းတော်တည်ဆောက် ခြင်းမှာ သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်ဖြစ်သည်ဟုဆိုပါသည်။
ထို့နောက် ဘကြီးတော်မင်းလက်ထက်တွင် အင်းဝသို့ပြန်လည်ရွေ့ပြောင်း နန်းဆိုက်ကာ သာယာဝတီမင်း လက်ထက်တွင် အမရပူရကို နန်းမြို့အဖြစ် ပြန်လည်သတ်မှတ်ကာ နန်းစိုက်ခဲ့ပါသည်။ ထို့နောက် မင်းတုန်းမင်း လက်ထက်တွင် မန္တလေးမြနန်းစံကျော် ရွှေနန်းတော်ကို တည်ဆောက်ကာ ပြောင်းရွှေ့နန်းစံရာ အမရပူရလည်း နန်းမြို့အဖြစ်မှ လျော့ကျခဲ့သည်။ ၂၀၁၁ ခုနှစ်တွင် ကြီးထွားလာသော မန္တလေးမြို့နယ်နိမိတ်သည် အမရပူရမြို့ကို လွှမ်းခြုံသွားရာ အမရပူရမြို့သည်လည်း သီးခြားမြို့တစ်မြို့အဖြစ်မှ မန္တလေးမြို့အတွင်း မြို့နယ်တစ်ခုဖြစ်သွားသည်။
အမရပူရမြို့သည် မြန်မာပြည်တွင် ရက်ကန်းမြို့ အဖြစ်တင်စားလောက်သော မြို့ဖြစ်ပေသည်။ တစ်မြို့လုံးနီးပါး ရက်ကန်းအတတ်ကို တတ်ကြသည်။ မြို့ကိုဖြတ်သွားသော မန္တလေး-စစ်ကိုင်း လမ်းပေါ်တွင် ဆောင်းဒါးရက်ကန်းကျောင်း ကိုလဲဖွင့်လှစ်ထားသည်။ ပိုးထည်လုပ်ငန်း၊ ချည်ထည်လုပ်ငန်းများကို အဓိက စီးပွားရေး အဖြစ်လုပ်ကိုင်ကြသည်။ တောင်သမန်အင်း၊ တက်သေးအင်းများတည်ရှိ၍ အင်းလုပ်ငန်းများ ဖြင့်လည်းး စီးပွားရှာကြသည်။ ဆေးရွက်ကြီး၊ ဆေးပေါင်းရုံများရှိ၍ ဆေးပေါင်းသော လုပ်ငန်းလည်းရှိသည်။
အမရပူရမြို့သည် မန္တလေးမြို့၏ အနောက်တောင်ဘက် မန္တလေး-မြစ်ကြီးနား မီးရထားလမ်းပေါ်တွင် လည်းကောင်း၊ မန္တလေး-စစ်ကိုင်း-ရွှေဘို မော်တော်ကားလမ်းပေါ်တွင်လည်းကောင်း တည်ရှိ၍ မန္တလေးမြို့မှ မီးရထားလမ်းအတိုင်းခြောက်မိုင်မျှသာဝေး၍ မော်တော်ကားလမ်းအတိုင်း ငါးမိုင်မျှသာဝေးသည်။ မြို့၏အနီးတွင် တောင်သမန်အင်းရှိသည်။ ပုဂံမင်းလက်ထက်က မြို့စားရေးမောင်ပိန်သည် ထိုအင်းကိုဖြတ်၍ သစ်သားတံတားကြီးတစ်ခု ဆောက်လုပ်လှူဒါန်းခဲ့ရာ ယခုတိုင်ရှိသေးသည်။ ထိုတံတားကို ဦးပိန်တံတား ဟုခေါ်သည်။
အမရပူရမြို့အနောက်တောင်ထောင့်တွင် စစ်ကိုင်းမင်းအမည်ခံ မှန်နန်းရှင် ဘကြီးတော်မင်း တည်ထား ကိုးကွယ်ခဲ့သော စည်းခုံတော်ကြီး စေတီရှိရာ ဘွဲ့တော်မှာ မဟာဝိဇယရံသီ ဖြစ်၍ အလွန်ထင်ရှားသည်။ တောင်သမန်အင်း တစ်ဖက်တွင် ပုဂံမင်းတည်ထားခဲ့သော ကျောက်တော်ကြီးဘုရား ရှိသည်။ ဘိုးတော်ဘုရားသည် ၃၆ နှစ်တိုင်တိုင် ထီးနန်းစိုးစံတော်မူပြီးနောက် ၁၁၈၁ ခုနှစ်တွင် နတ်ရွာစံသည်။ ထို့နောက် ဘကြီးတော်အမည်ရ မြေးတော် စစ်ကိုင်းမင်း၊ သာယာဝတီမင်းခေါ် ကုန်းဘောင်မင်း၊ ပုဂံမင်း၊ မင်းတုန်းမင်းတို့ အသီးသီး အမရပူရနန်းမြေကို ဆက်ခံလာကြရာ ၁၂၁၉ ခုနှစ်တွင်မှ မင်းတုန်းမင်းကြီးသည် အမရပူရနေပြည်တော်ကြီးကို စွန့်ခွာ၍ မန္တမြို့တော်သို့ပြောင်းရွှေ့လာခဲ့သည်။ ယင်းသို့ဖြင့် အမရပူရ ရွှေမြို့တော်ကြီးတွင် မင်းဆက်ငါးဆက် စိုးစံခဲ့၍ နန်းသက်အားဖြင့် ၇၄ နှစ်ကျော်မျှ ကြာမြင့်ခဲ့ရာ မည်မျှခန်နား သိုက်မြိုက်၍ စိုပြေသာယာခဲ့ကြောင်းသိနိုင်ပေသည်။
အမရပူရနန်းတော်၌ ထင်ရှားစွာတည်ရှိနေသေးသော အဆောက်အအုံများအနက် ဘိုးတော်ဘုရား၏ ပြသာဒ်ဂူ၊ ဘကြီးတော်ဘုရား၏ ပြသာဒ်ဂူ၊ ကုန်းဘောင်မင်း၏ ပြသာဒ်ဂူများလည်း ပါဝင်ပါသည်။ ယခုအခါ အမရပူရမြို့ကို မြို့ဟောင်းဟူ၍လည်းကောင်း၊ တောင်မြို့ဟူ၍လည်းကောင်း ခေါ်ကြသည်။

No comments: