တို့ပြည်ထောင်စု သမိုင်း ( ဆရာဇော်ဂျီ )
ကျွန်ုပ်တို့
ပြည်ထောင်စု မြန်မာနိုင်ငံသည် အရှေ့တောင် အာရှ ၌ တည်ရှိသော
နိုင်ငံတစ်နိုင်ငံ ဖြစ်လေသည် ။ ထိုနိုင်ငံသည် လွန်ခဲ့သော
နှစ်ပေါင်းတစ်ထောင်ခန့်မှ စ၍ ( ၀ါ ) ကမ္ဘာသုံးသက္ကရာဇ် ၁၀၀လောက်မှ စ၍
တစ်ဖြည်းဖြည်း တစ်စတစ်စ စည်းလုံးမှု့ရရှိလာသော နိုင်ငံ ဖြစ်လေသည် ။
အိမ်နီးချင်းနိုင်ငံများ
့ပြည်ထောင်စု မြန်မာနိုင်ငံ၏ ပတ်ဝန်းကျင်ကို ကြည့်လျှင် အရှေ့ဘက်၌
ယိုးဒယားနိုင်ငံကို၎င်း ၊ အနောက် ဘက်၌ အိန္ဒိယ နှင့် ပါကစ္စတန်နိုင်ငံတို့ကို ၎င်း ၊
တောင်ဘက်၌ ဘင်္ဂလားပင်လယ်အော်ကို၎င်း ၊ မြောက်ဘက်၌ တရုပ်နိုင်ငံ ကို၎င်း
မြင်နိုင်လေသည် ။ ထို့ကြောင့် မြန်မာနိုင်ငံသည် ရှေးရှေးအခါ မှစ၍
ထိုနိုင်ငံများနှင့် ဆက်ဆံလာခဲ့သော နိုင်ငံလည်းဖြစ်လေသည် ။
လွန်ခဲ့သောနှစ်ပေါင်းနှစ်ထောင်ခန့်ကသော်
လွန်ခဲ့သော နှစ်ပေါင်းနှစ်ထောင်ခန့်ကသော် ( ၀ါ ) ကမ္ဘာသုံးသက္ကရာဇ် ၁၀၀
စုလောက်ကသော် ယခုဖြစ်ထွန်းတည်ရှိနေသော ဧရာဝတီ မြစ်ဝကျွန်းပေါ်
မြေနုဒေသအရပ်သည် ပင်လယ်အတိ ဖုံးလွှမ်းလျှက်ရှိလေသည် ။ သို့ရာတွင်
ဧရာဝတီမြစ်နှင့် သံလွင်မြစ်တို့သည် ထိုအခါမှစ၍ စီးဆင်းလျှက်ရှိလေသည် ။
မွန် ၊ မြန်မာ ၊ ရခိုင် ၊ ကရင် ၊ ရှမ်း ၊ ချင်း ၊ ကရင် ၊ ကယား အစရှိသော
ပြည်ထောင်စုသားများသည် မိမိတို့၏ နေရင်းဒေသဖြစ်သော အရှေ့အလယ်ပိုင်းဒေသကို
စွန့်ခွာ၍ ဧရာဝတီမြစ်ကြောင်း ကို ၎င်း ၊သံလွင်မြစ်ကြောင်းကို ၎င်း လိုက်ကာ
မြန်မာနိုင်ငံအတွင်းသို့ ၀င်လာကြလေသည် ။ ၀င်လာကြသည်မှာ
တစ်ကြိမ်တစ်ခါတည်းတွင် အားလုံးတစ်စုတဝေဒ၀င်လာကြသည် မဟုတ်ချေ ။ တစ်ခါတစ်ရံ
သူ့အစုနှင့်သူ ၊ တစ်ခါတစ်ရံ တစ်ကွဲတစ်ပြားစီ ၊ အကြိမ်ကြိမ် အခါခါ
ဝင်လာကြခြင်း ဖြစ်လေသည် ။
မြို့ရွာတည်ကြခြင်း
တို့ပြည်ထောင်စုသားများသည် ထိုသို့ဝင်လာကြပြီးနောက် အချို့တို့သည်
မြစ်ဝှမ်းရှိရာ ၊ ပင်လယ်ကန်းခြေရှိရာ မြေပြန့်ဒေသ၌ အ ခြေတကျ နေထိုင်ကျလေသည်
။ အချို့လည်း မြေပြန့်ဒေသများသို့ ဆင်းလာခြင်းမပြုပဲ တောင်တန်းဒေသများ၌သာ
တောင်ယာ လုပ်ကိုင်၍နေထိုင်ကြလေသည် ။ မြေပြန့်ဒေသများ သို့
ဆင်းလာကြသူများတွင် အုပ်စုအကြီးအကဲများသည် သစ်တပ်မြို့ရိုးဆောက်ကာ
မြို့တည်၍ မြို့ပြင်တွင် ရွာငယ်အမြောက်အမြားကို တည်လေသည် ။ ထို့နောက်
ထိုသူတို့သည် ရွာဥပစာတွင် ဆန် ၊စပါး ၊ လူး ဆပ် ၊ ပြောင်း ၊နှမ်း စသော
ကောက်ပဲ သီးနှံများကို စိုက်၍ အသက်မွေး နေထိုင်ကြလေသည် ။
ထိုသို့နေထိုင်ကြသောအခါ မြောက်ဘက်ရှိ တရုတ်နိုင်ငံ ( စိန့်ပြည် ( ၀ါ )
စိနပြည် ) မှ တရုတ် ( စိန ) အမျိုးသားကုန်သည်များသည် ရံဖန်ရံခါ
မြေပြန့်ဒေသရှိ မြို့များသို့ ရောက်လာတက်ကြလေသည် ။
ဗုဒ္ဓဘာသာ ယဉ်ကျေးမှု့ရောက်လာခြင်း
အထူးသဖြင့် အချို့သော အိန္ဒိယ အမျိုးသား ကုန်သည်များသည်
မိမိတို့နှင့်အတူတကွ ဗုဒ္ဒဘာသာ ကျမ်းစာများယူလာကြလေသည် ။ တစ်ခါတစ်ရံ
ဗုဒ္ဓဘာသာရဟန်းတော်များလည်း ပါလာကြလေသည် ။ ရှေးခေတ် ပြည်ထောင်စုသားများသည်
ဗုဒ္ဓဘာသာတရားကို ကြားနာကြရသောအခါ ကြည်ညိုခြင်းရှိလာကြသည် ။ ထို့ကြောင့်
စေတီများကို ၎င်း ၊ဆင်းတုတော် များကို ၎င်း တည်ထားကိုးကွယ် လာကြလေသည် ။ တဖန်
ရဟန်းတော်များသတင်းသုံးရန် ရဟန်းကျောင်းများကို လည်း
ဆောက်လုပ်လှုဒါန်းကြလေသည် ။ ရှေးခေတ် ပြည်ထောင်စု သားများသည်
ထိုရဟန်းကျောင်းများတွင် ပညာ သင်ကြလေသည် ။ ဤသို့ ဖြင့် မြန်မာနိုင်ငံ
မြေပြန့်ဒေသများတွင် အထက်ပိုင်း၌ တကောင်းပြည် ဟု ၎င်း ၊အလယ်ပိုင်း ၌ သရေခေတ္တရာ
ပြည်ဟူ၍၎င်း ၊ အောက်ပိုင်း၌ သထုံပြည်ဟူ၍၎င်း ပြည်သုံးပြည် ထွန်းကားလာလေသည် ။
သထုံနှင့် သရေခေတ္တရာ
ကမ္ဘာသုံး သက္ကရာဇ် ၆၀၀ လောက်မှစ၍ သထုံပြည်နှင့် သရေခေတ္တရာပြည် တို့သည်
အထူးထင်ရှားသော ပြည်နစ်ပြည် ဖြစ်လာလေသည် ။သထုံ ပြည် ကို လူ အများစု
ဖြစ်သောမွန်အမျိုးသားတို့က တည်ထောင်လေသည် ။ သရေခေတ္တရာပြည်ကို
လူများစုဖြစ်စော ပျူ အမျိုးသားတို့က တည်ထောင်လေသည် ။ ထိုပြည်နှစ်ပြည်တွင်
ဗုဒ္ဓဘာသာထွန်းကားလေသည် ။ ထို ပြည်နှစ်ပြည် သည် တစ်ခါတစ်ရံ သင့်မြတ်၍
တစ်ခါတစ်ရံ စစ်မက် ဖြစ်ပွားတက်ကြလေသည် ။ ဤ သို့ ဖြင့် မွန် နှင့် ပျူ တို့ ၌
စည်းလုံးမှု့မရှိဘဲ နေလာခဲ့ရာ ၊ သက္ကရာဇ် ၈၀၀ လောက်တွင် မြောက်ဘက်ရှိ
နန်ချောင်ပြည့်ရှင်သည် သရေခေတ္တရာ ကို တိုက်၍ ပျူ အမျိုးသား အမြောက်အများ
ကို ဖမ်းယူသွားနိုင်လေသည် ။
မြန်မာ တို့ ရောက်လာခြင်း
ထိုအခိုက်တွင် မြန်မာဟု ခေါ်သော အမျိုးသားများသည် မြန်မာနိုင်ငံ အတွင်းသို့
ဝင်လာစပြုကြလေသည် ။ ဤတစ်ကြိမ်တွင် လူဦးရေလည်းများ၍ တစ်စုတစ်ဝေးတည်း
ဝင်လာခြင်းလည်း ဖြစ်ဟန်တူလေသည် ။ မြန်မာတို့သည် ကျောက်ဆည်ခရိုင်
တည်ရှိရာဒေသတွင် ရှေးဦးစွာ စခန်းချ နေထိုင်ကြလေသည် ။ ထိုဒေသတွင်
ဇော်ဂျီမြစ် ၊ ပန်းလောင်းမြစ် ၊ စမုံမြစ်တို့ စီးဆင်းလျှက်ရှိရာ ဆန်စပါး
စသော ကောက်ပဲသီးနှံအမြောက်အများ စိုက်ကြလေသည် ။ ထိုဒေသတွင် ပျူ အချို့တို့
နှင့်၎င်း ၊ မွန်အချို့ တို့နှင့်၎င်း တွေ့ကြသဖြင့် ဗုဒ္ဓဘာသာတရားကို ထိုသူ
တို့ထံမှ ကြားနာခွင့်ရကြလေသည် ။ ကာလ ကြာမြင့်သော် ပျူ ၊ မွန် ၊မြန်မာ
တို့စည်းလုံးမိ၍ ပုဂံပြည်ကို တည်ထောင်လေသည် ။ အချို့လည်း ချင်းတောင် ၊
ရခိုင်ရိုးမ တောင် တို့ကို ကျော်၍ ရခိုင်တိုင်းမြောက်ပိုင်း အရပ်တွင်
ဝေသာလီပြည်ကို တည်ထောင် နေထိုင်လေသည် ။
ပုဂံပြည်
ပုဂံ
ရွှေမြို့တော်ကို သက္ကရာဇ် ၈၄၉ ခုနှစ်တွင် ပျဉ်ပြားမင်း တည် လေသည် ။
ထိုမင်းတည်ဆောက်ခဲ့သော အုတ်မြို့ရိုးရှိ သရပါ မြိုကတံခါးသည် ယခုတိုင်
တည်လျှက်ရှိလေသည် ။ ပုဂံပြည် ကို တည်စအခါကသော် ပုဂံပြည်၏ အကျယ်အ၀န်းသည်
မြန်မာနိုင်ငံ အလယ်ပိုင်းဒေသ တစ်ဝိုက်လောက်သာ ဖြစ်လေသည် ။ ထိုဒေသ
တ၀ိုက်တွင် ပျူ ၊မွန် ၊ မြန်မာ ၊ ချင်း ၊ ကရင် ၊ရှမ်း အစရှိသည်တို့
ပါဝင်သော ပုဂံသားတို့သည် ကောက်ပဲသီးနှံစိုက်ပျိုး ၍ နေ
ထိုင်စားသောက်ကြလေသည် ။ ဗုဒ္ဓဘာသာ အပြင် နတ်ကို ၎င်း၊ နဂါးကို ၎င်း၊
အရည်းကြီးများကို ၎င်း ကိုးကွယ်ကြလေသည် ။
အနော်ရထာ နှင့် ရှင်အရဟံ
အနော်ရထာမင်းကြီး (၁၀၄၄ -၁၀၇၇) လက်ထက်သို့ရောက်သောအခါ ၊ ထိုမင်းနှင့်
ရှင် အရဟံ တို့ အားထုတ်မှု့ကြောင့် ပုဂံပြည်သည် စည်းလုံးလာသည် ။ ယခုခေတ်
ပြည်ထောင်စု မြန်မာနိုင်ငံ နီးပါးလောက် ကျယ်ဝန်းလာ၍ အင်အား တောင့်တင်း
လာလေသည် ။ ရှေးဦးစွာ မွန်တို့၏သထုံမြို့သည် ပုဂံဟုခေါ်သော မြန်မာနိုင်ငံ၏
ပင်လယ် သင်္ဘောဆိပ်မြို့ကြီး ဖြစ်လာလေသည် ။ နတ် ကိုးကွယ်မှု့ ၊
နဂါးကိုးကွယ်မှု့ ၊ အရည်းကြီး ကိုးကွယ်မှု့တို့ ညှိုးမှိန်၍ ဗုဒ္ဓသာသနာသည်
တစ်နိုင်ငံလုံးထွန်းကားလာလေသည် ။ အိန္ဒိယနှင့် တိုက်ရိုက် အဆက်အဆံရှိ
၍ယဉ်ကျေးမှု့ တိုးတက်လာလေသည် ။ အနော်ရထာမင်း လက်ထက်တွင် သီဟိုဠ် နိုင်ငံ
ပြန်လည် ထူထောင်ရေးအတွက် မြန်မာနိုင်ငံသည် ကမ္ဘာ့နိုင်ငံ တစ်နိုင်ငံ
အဖြစ်ဖြင့် သီဟိုဠ် အား အကူအညီ ပေးနိုင်ခဲ့လေသည် ။ ယခုတိုင်
ကျော်စောလျှက်ရှိသော ရွှေစည်းခုံ စေတီတော်ကြီးကိုလည်း တည်ခဲ့လေသည် ။ စပါး ၊
ဆန်ရေ ၊ ပေါပေါများများ စိုက်နိုင်အောင် ကျောက်ဆည်ခရိုင်ရှိ
ဆည်မြောင်းများကို ပြုပြင်ခဲ့လေသည် ။ ဤ သို့ဖြင့် ယခုခေတ် မွန်၊ မြန်မာ၊
ရခိုင် ၊ ချင်း ၊ ကရင် ၊ ရှမ်း အစရှိသော ပြည်ထောင်စုသားများ၏ ဘိုးဘွား
ဘီဘင်တို့သည် အနော်ရထာမင်းကြီးလက်ထက်မှစ၍ ပုဂံဟုခေါ်သော မြန်မာနိုင်ငံ၏
စည်းလုံးမှု့ ၊ယဉ်ကျေးမှု့၊ကမ္ဘာ့ရေးရာ ပါဝင်ကူညီမှု့တို့သည် ကျွန်ုပ်တို့၏
မွန်မြတ်သော အမွေ အနှစ်တို့ပင် ဖြစ်ပေသည် ။
ကျန်စစ်သား နှင့် ရှင် အရဟံ
အနော်ရထာမင်းကြီး လွန်သောအခါ သားတော် စောလူးမင်းနန်းတက်လေသည် ။ ထိုမင်းသည်
အအုပ် အချုပ် အထိန်းအသိမ်း ၌ မလိမ္မာသဖြင့် ဥဿပဲခူးမြို့စား ငရမန်ကာန်း
ပုန်ကန်လေသည် ။ စောလူးမင်းသည် ငရမန်ကာန်း သူပုန်ကို
တွန်းလှန်ခြင်းမပြုနိုင်ရှိလေသည် ။ နောက်ဆုံးတွင် စောလူးမင်းကွပ်မျက်ခြင်း
ခံရလေသည် ။စောလူးမင်းမရှိသောအခါ အနော်ရထာမင်း၏ သားတော်တစ်ပါးဖြစ်သော
ကျန်စစ်သား သည် ပုဂံစစ်သည် တို့ကို စုရုံး၍ သူပုန်ရန်ကို နှိမ်နှင်းရာ
အောင်မြင်လေသည် ။ ကျန်စစ်သားမင်း သည် (၁၀၈၄ -၁၁၁၃) လက်ရုံးရည်ကို
သုံးသောရန်သူကို လက်ရုံးရည်ဖြင့်ပင် နှိမ်နင်းအောင်မြင်ခဲ့လေသည် ။
သို့ရာတွင် အောင်မြင်မှု့ကိုရပြီးသည်နှင့် တစ်ပြိုင်နက် လက်ရုံးရည်ကို
မသုံးတော့ပဲ နှလုံးရည်ကိုသာ သုံးလေတော့သည် ။ ထိုမင်းသည် ပြည်တွင်း ဆူပူ
သောင်းကျန်းမှု့များကြောင်း သားတကွဲ ၊ မယားတကွဲ ဖြစ်ရခြင်း
၊သေကြေပျက်စီးကြရခြင်း ၊ ဆန်ရေစပါးရှားပါးရခြင်း ၊ သာသနာတော်
ဆုတ်ယုတ်ရခြင်းတို့အတွက် အလွန်ကြေကွဲတော်မူလေသည် ။ ထို့ကြောင့် ရှင်အရဟံ
နှင့် တိုပင်၍ မြန်မာနိုင်ငံတော် ၏ ပြန်လည်ထူထောင်ရေး ကိစ္စတို့ကို
ဆောင်ရွက်လေသည် ။ သားတကွဲ ၊မယားတကွဲ ဖြစ်ခဲ့ကြသောသူများအား
ပြန်လည်ဆုံတွေ့နိုင်ကြအောင် ဆောင်ရွက်ပေးသည် ။ အစားအစာမရှိသောသူတို့အား
ဆန်စပါး သီးနှံထောက်ပံ့သည် ။ အ၀တ်ပုဆိုးရှားပါး သူတို့အား
အ၀တ်ပုဆိုးပေးကမ်းသည် ။ အုပ်ချုပ်ရေးတွင် မြန်မာများသာမက ပျူ မွန်
တို့သည်လည်း ၀င်ရောက်ဆောင်ရွက်ကြလေသည် ။ အချို့ အချို့ သော
တိုင်းသူပြည်သား များ၏ ဆန္ဒကို လိုက်လျောသော သဘောဖြင့် နတ်ကိုးကွယ်မှု့
၊နဂါးကိုးကွယ် မှု့တို့ကို ခွင့်ပြုလေသည် ။ မွန် အနုပညာ ၊ပျူအနုပညာ ၊မြန်မာ
အနုပညာတို့ကို၎င်း ခွင့်ပြုချီးမြှင့်လေသည် ။
တဖန်
ပြည်တွင်းသောင်းကျန်းမှု့ကြောင့် လွင့်ပါးပျက်စီးကြသော ပိဋကတ်တော်များကို
ပြန်လည်စုဆောင်း၍ အမှန်အကန်သို့ ရောက်အောင် ပြန်လည်တည်းဖြတ်စေလေသည် ။
တိုင်းသူပြည်သားများမွန်မြတ်သော ကိုယ်နှုတ်နှလု့းသုံးတက်အောင်
ဗုဒ္ဓဘာသာစာပေကို သင်ကြားလေ့လာစေသလေသည် ။ရတနာ သုံးပါး၌
ကြည်ညိုခြင်းရှိလာကြအောင် ခမည်းတော် အနော်ရထာ တည်ထားတော်မူခဲ့
သောရွှေစည်းခုံ စေတီတော်ကို ဆက်လက်၍တည်တော်မူလေသည် ။ ထို့အပြင် ကမ္ဘာပေါ်၌
အသပ္ပာယ်ဆုံး တစ်ဆူဖြစ်သော အာနန္ဒာဂူဘုရားကိုလည်း တည်တော်မူခဲ့သည် ။
ထိုမင်းလက်ထက်မှ စ၍ ပုဂံနိုင်ငံသား အမြောက်အမြားတို့သည် ဗုဒ္ဓသာသနာ၌
ယုံကြည်လာကြ၍ စေတီ ၊ ဂူ ၊ဘုရားကျောင်းကန် အမြောက်အမြားကို
ဆောက်လုပ်လှုဒါန်းကြလေတော့သည် ။ ထိုသို့ဆောက်လုပ်လှုဒါန်းကြသည်နှင့်အမျှ
ဗုဒ္ဓဘာသာ အနုပညာများဖြစ်ကြသော ဗိသုကာ ၊ပန်းချီ ၊ပန်းပု ၊ပန်းတော့
၊ပန်းတမော့ ပညာများလည်းထွန်းကားလာကြလေသည် ။ ပေရွက်ပေါ်၌၎င်း ကျောက်ပြားပေါ်၌၎င်း
ရှေးဦးစွာ ပျူစာ ၊မွန်စာ ထို့နောက် မြန်မာစာ တို့ကို ရေးသားခြင်းလည်း
ထွန်းကားလာလေသည် ။အချို့သော စေတီ ၊ ဂူ ဘုရားများနှင့်ကျောက်စာတို့ကို
ပုဂံမြို့ဟောင်း၌ ယခုတိုင် ဖူးမြင်နိုင်လေသည် ။ ထိုစေတီ
ဂူဘုရားများနှင့်တကွ ၊ ပုဂံအနုပညာ ၊ ပုဂံကျောက်စာတို့သည် ယခုခေတ်
ပြည်ထောင်စုသားများ၏ ပုဂံခေတ် ဘိုးဘွားဘီဘင်တို့၌ စည်းလုံးမှု့
အင်အားတောင့်တင်းမှု့၊ ယဉ်ကျေးမှု့တို့ မားမားမတ်မတ် တည်ရှိခဲ့ကြောင်း
သက်သေဖြစ်လေသည် ။ ထိုစေတီ ဂူ ဘုရား အနုပညာ ကျောက်စာတို့သည်လည်း
ကျွန်ုပ်တို့ ပြည်ထောင်စုသားများ ၏မွန်မြတတ်သော အမွေအနှစ်တို့ပင် ဖြစ်လေသည်
။ ကျန်စစ်သားမင်းကြီး လက်ထက်၌ ပင် တရုတ် ( စိနပြည် ( ၀ါ ) စိန့်ပြည်) သို့
သံစေလွှတ်၍ မဟမိတ်ဖွဲ့လေသည် ။ ထိုသို့ မဟာ မိတ်ဖွဲ့သဖြင့် ပုဂံပြည်ကြီးသည်
နှစ်ပေါင်း ၂၀၀ ပါးခန့် တရုတ်ပြည်နှင့် အကြည်အသာ ရောင်းဝယ်ဆက်ဆံ၍
ငြိမ်းချမ်းခဲ့လေသည် ။
နှစ်ပေါင်း ၂၀၀ လွန်သော်
ကျန်စစ်သားမင်းကြီး လွန်တော်မူသည့်နောက် ဆက်ခံကြသော ပုဂံမင်းများနှင့် ပုဂံ
ပြည်သူပြည်သားတို့သည် အနော်ရထာမင်းကြီး နှင့် ကျန်စစ်သားမင်းကြီးတို့
အုတ်မြစ်ချခဲ့သော ဘာသာ သာသနာ ယဉ်ကျေးမှု့ အုပ်ချုပ်ရေးမျှတမှု့
စည်းလုံးမှု့တို့ကို အခြေပြုလျှက် မြန်မာနိုင်ငံ တစ်ဝန်းလုံးကို နှစ်ပေါင်း
၂၀၀ နီးပါးခန့် ငြိမ်းချမ်းသာယာအောင် စီမံခန့်ခွဲ၍ သိုက်သိုက်ဝန်းဝန်း
နေထိုင်လာခဲ့ကြလေသည် ။ သို့ရာတွင် ကမ္ဘာသက္ကရာဇ် ၁၂၅၀ ပြည့်လောက်၌ အာရှ
အလယ်ပိုင်းမှ စ၍ စစ်မီးတောက်လာလေတော့သည် ။ ထိုစစ်မီးကို မွန်ဂို တာတာ (
တရုတ်) လူမျိုးကစ၍ မွှေးလေသည် ။ ထိုမွန်ဂို တာတာ စစ်သည်တို့သည်
မြင်းစီးအရာ၌၎င်း ၊လေးမြားအတက်၌၎င်း ကျွမ်းကျင်ကြလေသည် ။ အာရှ အလယ်ပိုင်း ၊
အနောက်ပိုင်း၊အရှေ့ပိုင်းတို့ကို တိုက်ခိုက်အောင် မြင်ကြသည် ။ ဥရောပ
အရှေ့ပိုင်းကို ပင် အောင်မြင်ခဲ့လေသည် ။ ပုဂံပြည်၌ နရသီဟပတေ့မင်း ( ၁၂၅၄
-၁၂၈၇ ) စိုးစံနေစဉ်တွင် မွန်ဂိုတာတာတို့၏ ဘုရင် ကုဗလေခန်မင်းကြီးသည်
တရုတ် (စိနပြည် ( ၀ါ) စိန့်ပြည် ) ပြည်အလုံးကို သိမ်းကျူံးအောင်မြင်လေသည်
။ ထို့နောက် ကူဗလေခန် မင်းကြီးသည် ၁၂၇၁ မှစ၍ တာတာ (တရုတ်) စစ်သည်တို့ကို
ပုဂံသို့ လွှတ်လေသည် ။ ၁၂၈၇ ခုနှစ်တွင် မြောက်ဘက်နယ်စပ်၌ တာ တာ (တရုတ် )
စစ်သည်တို့ကို ပုဂံစစ်သည်တို့ က မခုခံနိုင်သည်မှ စ ၍ အထိတ်တလန့်ဖြစ်ကာ
ပုဂံပြည် ပျက်သွားလေတော့သည် ။
မွန် ၊ ရှမ်း ၊ မြန်မာ တို့၏ အရေးသစ်
ပုဂံပြည် ပျက်သောအခါ နိုင်ငံတော် ကစဥ့်ကလျားဖြစ်လေသည် ။ အောက်အရပ်ဒေသ ၌
ရှိသော ပဲခူး ၊ ဒလ ပြည်တို့၌ ၎င်း ၊ရခိုင်ဘက်၌၎င်း သူတစ်လူ ငါတစ်မင်း
မင်းမူကြလေတော့သည် ။ ထိုအခါတွင် ပုဂံနိုင်ငံ အတွင်း၌ မွေးဖွားကြီးပြင်း၍
ပုဂံပြည်၌ ပညာတက်မြောက်ခဲ့သော အသင်္ခယာ ၊ ရာဇသင်္ကြန် ၊ သီဟသူ
ရှမ်းညီနောင်တို့သည် ပုဂံမင်း၏ မှူုးမတ်များပီသစွာ တာ တာ တို့ နောက်ထပ်
တိုက်ခိုက်လာသည် ကို တွန်းလှန်နိုင်ကြလေသည် ။ နောင်အခါ ထိုညီနောင်တို့သည်
အညာဒေသတွင် နိုင်ငံ ငြိမ်ချမ်းအောင် ဆောင်ရွက်နိုင်၍ ကျောက်ဆည်ခရိုင်၌
မြင်စိုင်းမြို့  ၊ မက္ခရာမြို့ ၊ ပင်လယ်မြို့တို့ကို တည်ကြလေသည် ။
ထို့နောက် ဆက်ခံကြသော မင်းများသည် ပင်းယမြို့ ၊ အင်းဝမြို့ ၊စစ်ကိုင်းမြို့
တို့ကို တည်ကြပြန်လေသည် ။ အကြေဒေသတွင် မွန်တို့သည် ပဲခူးမြို့ကို
ပြ၍နေထိုင်ကြလေသည် ။ ဝါရီယူမင်းဆက်တွင် ရာဇာဓိရာဇ်မင်း ၊
ဘုရင်မကြီးရှင်စောပု ၊ ဓမ္မစေတီမင်းတို့ သည် ထင်ရှားကျော်စောသည် ။
ထိုမင်းများ လက်ထက်တွင် အညာ နှင့် အကြေ အဆက်အဆံများလေသည် ။ တစ်ဖန်
ရခိုင်ဘက်တွင်လည်း လောင်းကြက်မြို့ ၊ ထို့နောက် မြောက်ဦးမြို့များကို
တည်ထောင်ကြလေသည် ။ မွန် ၊ မြန်မာ ၊ ရှမ်းတို့ နှင့် အဆက်အဆံ အမြဲရှိသည်
။တစ်ခါတစ်ရံ ဘင်္ဂလားမင်း၏အနှောင့်အယှက်ကို ခံရသည် ။နောင်အခါ
အနောက်ဥရောပသားများဖြစ်ကြသော ပေါ်တူဂီ တို့ ၏ အနှောင့်အယှက်ကို ခံရလေသည်။
ထူးခြားချက် သုံးခု
ဤသို့ဖြင့် အညာဒေသတွင် အင်းဝမြို့၌၎င်း၊ အကြေဒေသတွင် ဟံသာဝတီပဲခူးမြို့၌၎င်း
၊ရခိုင်ဘက်တွင် မြောက်ဦးမြို့၌၎င်း ၊မွန်၊ မြန်မာ ၊ရခိုင် ၊ ရှမ်း တို့သည်
ပုဂံပျက်သော ၁၂၈၇- ခုနှစ် မှ ၁၅၃၁ -ခုနှစ်အထိ နှစ်ပေါင်း ၂၅၀ နီးပါးမျှ
ထီးနန်းပြိုင်ပြု၍နေကြလေသည်။ထို နှစ်ပေါင်း ၂၅၀ နီးပါးကြာမြင့်သောကာလအတွင်း
ထူးခြားသော အချက် သုံးချက်ကို သိမြင်နိင်လေသည် ။ တစ်ချက်မှာ မြောက်ဘက်မှ
ရှမ်း အမျိုးသား အမြောက်အမြားပင်လျှင် မွန်ဂို တာ တာ တို့ရန်ကြောင့်
မြန်မာနိုင်ငံ အညာဒေသ ၊ အကြေဒေသ တို့ကို
အနှံ့အပြားဝင်လာနေထိုင်ကြခြင်းဖြစ်လေသည် ။ အချို့လည်း အရှေ့ဘက်
တောင်တန်းဒေသများ၌သာ နေထိုင်ကြလေသည် ။ အခြားတစ်ချက်မှာ ဗုဒ္ဓသာသနာတော်နှင့်
ပုဂံယဉ်ကျေးမှု့တို့သည် အညာ ၊အကြေ နှင့် ရခိုင်တို့တွင်
ဆက်လက်ပျံ့နှုံ့ခြင်းဖြစ်လေသည် ။ ကျန်တစ်ချက်မှာ အင်းဝထီးနန်း ၊မြောက်ဦး
ထီးနန်းတို့တွင် ဧချင်း ၊ မော်ကွန်း ၊ ပျို့ ၊ ရတု စသော မြန်မာစာပေ
ထွန်းကားလာခြင်းဖြစ်လေသည် ။ အင်ဒ၀တွင် ရှင်ဥတ္တမကျော် ၊ ရှင်မဟာသီလ၀ံသ ၊
ရှင်ရဋ္ဌသာရ တို့သည်၎င်း ၊မြောက်ဦးတွင် အဒူးမင်းညိုသည် ၎င်း ထင်ရှားကျော်စောသော
စာဆိုကြီးများဖြစ်ကြလေသည် ။
မြန်မာနိုင်ငံ ၏ အင်အားသစ်
သက္ကရာဇ် -
၁၅၅၀ လောက်သို့ ရောက်သောအခါ မြန်မာနိုင်ငံတွင် ထီးပြိုင်
နန်းပြိုင်များရှိကြသဖြင့် အင်အားနုံ့နေသော နိုင်ငံတော် အခြေအနေသည်
ဒုတိယအကြိမ်စည်းလုံးနိုင်၍ အင်အား ပြန်ကောင်းလာသော အခြေအနေသို့ တစ်စတစ်စ
ပြောင်းလာလေသည် ။ ၁၅၃၀ ပြည့်နှစ်လောက်တွင် ကရင် ၊မြန်မာ အမြောက်အမြား
နေထိုင်ကြသော ကယားပြည်နယ် အပါအ၀င် အထက်စစ်တောင်းမြစ်ဝှမ်းဒေသ၌
ခေါင်းဆောင်ကောင်းများပေါ်ထွက်လာကြလေသည် ။ ထိုပုဂ္ဂိုလ်တို့ မှာ မင်းကြီးညို ၊
တပင်ရွှေထီး နှင့် ဘုရင့်နောင်တို့ ဖြစ်လေသည် ။ ရှေးဦးစွာ ကေတုမတီ
တောင်ငူမြို့ကို တည်၍ နိုင်ငံတော် စည်းလုံးရေးကို စတင်ဆောင်ရွက်လာရာ
ဘုရင့်နောင်မင်းကြီးလက်ထက်၌ အောင်မြင်လေသည် ။
ဘုရင့်နောင်မင်း ( ၁၅၅၁- ၁၅၈၁ )
ထိုမင်းလက်ထက်တွင် အင်းဝ ၊ ပြည် ၊ တောင်ငူ၊ဟံသာဝတီ ဟူ၍ ထီးပြိုင်
နန်းပြိုင် မရှိတော့ချေ ။ တစ်အုပ်တစ်ချုပ်အောက်တွင် ပြန်လည်စည်းလုံးမိ၍
အင်သစ်အားသစ်ရလာလေသည် ။ ထိုမျှသာမကသေး သက္ကရာဇ် -၁၁၀၀လောက်မှစ၍ တစ်စတစ်စ
ဝင်လာနေထိုင်ကြသော ကချင်အမျိုးသားများသည်လည်း မြောက်ဘက်တစ်လွှားတွင်
အမြောက်အမြားတစ်စုတစ်ဝေးတည်းရှိနေကြပြီဖြစ်ရာ လူအင်အား တိုးလာပြန်လေသည် ။
ဘုရင့်နောင်မင်းနှင့် မှုးမတ်တို့သည် စစ်ကို လိုလားမိသဖြင့် ဇင်းမယ် ၊
ယိုးဒယား တို့ကို တိုက်ရာ အောင်မြင်မှု့ကိုရလေသည် ။ သို့ရာတွင်
ထိုအောင်မြင်မှု့သည် ယာယီမျှသာဖြစ်၍ အရေးကြီးလှသည် မဟုတ်ချေ ။
အရေးကြီးသောအချက်မှာ ထိုပြန်လည်စည်းလုံးမှု့ရရှိလာသောကြောင့် အရှေ့ဘက်
တစ်လွှားသို့ နယ်ချဲ့လာသော ဥရောပတိုက်သား ပေါ်တူဂီ တို့ရုတ်တရက်
ချဥ်းကပ်ခြင်းမပြုနိုင်ခြင်းပင် ဖြစ်လေသည် ။ ဘုရင့်နောင်လက်ထက်တွင်
ပြည်သူတို့ အကျိုးငှာ နိုင်ငံတော်အတွင်း တရားစီရင်ရာ၌ တရားမျှတမှုရှိအောင်
ဓမ္မသတ်ကျမ်းများ ပြဋ္ဌာန်းခြင်း ၊ ကုန်ရောင်းကုန်ဝယ်ပြုရာ၌
အငြင်းပါားမှု့မရှိအောင် အလေးတင်းတောင်းသတ်မှတ်ခြင်း ၊ရှမ်း တောင်တန်း
ဒေသများ၌ ဗုဒ္ဒသာသနာတော် ပွင့်လင်းအောင် ဆောင်ရွက်ခြင်း ၊
မြန်မာနိုင်ငံအတွင်း၌ ဆိတ် ၊ နွား စသည့် တိရစ္ဆာန်တို့ ၏ အသွေးအသားဖြင့်
ယဇ်ပူဇော်သော အလေ့ဆိုးကို ဖျက်သိမ်းခြင်း ၊နိုင်ငံခြားရေးရာတွင် အထူးသဖြင့်
သီဟိုဠ်ကျွန်းနှင့် အကြည်အသာ ဆက်ဆံခြင်းတို့ကိုပြုခဲ့သည် ဖြစ်ရာ
ပုဂံခေတ်မှ သက်ဆင်းလာသော ပုဂံယဉ်ကျေးမှု့သည် အားသစ်မာန်သစ်ရလာသည်ဟု
ဆိုနိုင်လေသည် ။
မြန်မာနိုင်ငံ နှင့် ဥရောပ
ကမ္ဘာသုံး သက္ကရာဇ်
၁၀၀လောက်မှ စ၍ တရုတ်နိုင်ငံမှ ပိုး ၊ဖဲ စသော ကုန်ပစ္စည်းတို့သည် ၎င်း
၊အင်ဒိုနီးရှားကျွန်းစုမှ ငရုတ်ကောင်း ၊ ဇီယာ ၊ ကရဝေး စသော
ဟင်းမွှေးအသီးအရွက် ကုန်ပစ္စည်းတို့သည်၎င်း အိန္ဒိယနိုင်ငံမှ ရွှေထည် ၊ငွေထည် ၊
ပိတ်ကောင်း ၊ပိတ်ချော စသော ကုန်ပစ္စည်းများတို့သည်၎င်း အနောက်ဥရောပသို့
ရောက်ခဲ့ကြလေသည် ။ ထိုကုန်ပစ္စည်းတို့ကို အများအားဖြင့်
အာရပ်ကုန်သည်ကြီးများက တရုတ် နိုင်ငံ ၊အင်ဒိုနီးရှားနိုင်ငံ ၊ အိန္ဒိယ
နိုင်ငံတို့၌၀ယ်၍ ရွက်သင်္ဘောဖြင့် ဥရောပသို့ ယူသွားလေသည်
။ထိုအာရပ်ကုန်သည်ကြီးများသည် ထိုကုန်ပစ္စည်းအမြောက်အမြားကို ဥရောပ၌
ရောင်းချရာ အမြတ်အစွန်း အမြောက်အမြားရလေသည် ။ သက္ကရာဇ် ၁၅၀၀ လောက်သို့
ရောက်သောအခါ ဥရောပတိုက်ရှိ ပေါ်တူဂီနိုင်ငံမှ ကုန်သည်များသည် မိမိတို့
ကိုယ်ပိုင် ရွက်သင်္ဘောများဖြင့် မိမိတို့ကိုယ်တိုင် ပင်လယ်ခရီးသို့သွား၍
အရောင်းအ၀ယ်ပြုလိုကြလေသည် ။ သို့ရာတွင် အာရပ်ကုန်သည်များသည်
အနှောင့်အယှက်ပေးလေ့ရှိသဖြင့် အာရက်သင်္ဘောများသွားလာသော လမ်းသို့ မလာရဲဘဲ
လမ်းသစ်ကို ရှာလေသည် ၁၄၉၈ -- ခုနှစ်တွင် ပေါ်တူဂီနိုင်ငံသား ဗတ်စကိုဒဂါးမား
သည် အာဖရိက တိုက် တောင်ပိုင်းကို ပတ်၍ အိန္ဒိယနိုင်ငံသို့ရောက်အောင်
လာနိုင်လေသည် ။ ထိုအခါမျစ၍ ပေါ်တူဂီ ရွက်သင်္ဘော အမြောက်အမြားရောက်လာ၍
အာရပ်သင်္ဘောများကို တိုက်ခိုက်ဖျက်ဆီးလေသည် ။ မိမိတို့ ကိုယ်တိုင်လည်း
အာရှတိုက်နိုင်ငံများနှင့် တိုက်ရိုက် အရောင်းအ၀ယ်ပြုလေသည် ။
ထိုသို့အရောင်းအ၀ယ်ပြုရာမှ အစပြု၍ နယ်ချဲ့စိတ်များဖြစ်ပေါ်လာကာ အီရန် (
ပါရှား ) နိုင်ငံတွင် အိုမာဇ မြို့ကို၎င်း ၊အိန္ဒိယနိုင်ငံတွင် ဂိုဝါမြို့ကို၎င်း
၊ပသျှုးကျွန်းဆွယ်တွင် မလ္လကာမြို့ကို၎င်း တိုက်ခိုက်သိမ်းယူလေသည် ။ ထို့နောက်
ပေါ်တူဂီ နယ်ချဲ့တို့သည် ရခိုင်ကမ်းခြေသို့ရောက်လာ၍
အနှောင့်အယှက်ပေးလေ့ရှိသည် ။ သို့ရာတွင် ဟံသာဝတီ
ဘုရင့်နောင်မင်းကြီးလက်ထက်တွင် မြန်မာနိုင်ငံစည်းလုံး၍
အင်အားတောင့်တင်းနေသဖြင့် ထိုပေါ်တူဂီနယ်ချဲ့များသည်
အနှောင့်အယှက်မပေးဝံ့ကြချေ ။ ဘုရင့်နောင် မင်းတရားကြီး၏ တပ်မတော်များ၌
အမြောက်သေနတ်သားများအဖြင့်သာ အမှု့ထမ်းကြသည်က များသည် ။
အနောက်ဘက်လွန်မင်းနှင့် ပေါ်တူဂီနယ်ချဲ့
ဘုရင့်နောင်မင်းတရားကြီးလွန်သောအခါ တိုင်းပြည် စည်းလုံးမှု့ ပျက်ပျားလာသည်
။ထိုအခါ ငဇင်္ကာ ခေါ် ဒီဗရစ်တို ခေါင်းဆောင်သော ပေါ်တူဂီ နယ်ချဲ့ အချို့သည်
သန်လျင်မြို့ကို သိမ်းယူ၍ မုတ္တမ ၊ဟံသာဝတီ ၊ တောင်ငူ တို့ကိုပါ
နောက်ထပ်သိမ်းယူရန် ကြံရွယ်လျှက်နေလေသည် ။ ထိုအခါ ဘုရင့်နောင်မင်းတရားကြီး၏
မြေးတော်ဖြစ်သော မဟာဓမ္မရာဇာ အနောက်ဘက်လွန်မင်း ( ၁၆၀၅ -၁၆၂၈ ) သည် အင်းဝမျ
အလုံးအရင်းနှင့် ချီလာ၍ သန်လျင် ကို ပေါ်တူဂီ နယ်ချဲ့ ဒီဗရစ် တို့ ၏ လက်မှ
ပြန်သိမ်းရလေသည် ။ ထိုမျှသာမကသေး ပေါ်တူဂီ နယ်ချဲ့၏ ရန်ကို အပြီးအပိုင်
သုတ်သင် လိုက်ရလေသည် ။ထိုအခါမှ စ၍ မြန်မာနိုင်ငံသည် ပေါ်တူဂီ နယ်ချဲ့ရန်မှ
လွတ်ကင်းသွားလေတော့သည် ။
ဒတ် (ခ်ျ) ၊အင်္ဂလိပ် ၊ ပြင်သစ်
ပေါ်တူဂီ
နယ်ချဲ့တို့သည် သက္ကရာဇ် -၁၆၀၀ကျော်လောက်မှစ၍ မြန်မာနိုင်ငံ၌သာမက
အရှေ့ဘက်တစ်ခွင်၌လည်းအရေးနိမ့်လာလေသည် ။ အဘယ်ကြောင့်ဆိုသော် ဥရောပတိုက်ရှိ
ဟော်လန် (ဒတ်ခ်ျ) နိုင်ငံမျာ ဒတ်(ခ်ျ) ကုန်သည်များတို့သည် အင်္ဂလန်နိုင်ငံ မှ
အဂ်လိပ်ကုန်သည်များ တို့သည်လည်း မိမိတို့ကိုယ်ပိုင်
ရွက်သင်္ဘောများဖြင့်လာ၍ ပေါ်တူဂီ တို့ နှင့် အပြိုင်အဆိုင်
အရောင်းအ၀ယ်ပြုနိုင်သောကြောင့် ဖြစ်လေသည် ။ ထို့ပြင် ထိုသို့
အရောင်းအ၀ယ်ပြုကြရင်း သူတို့အချင်းချင်းတိုက်ခိုက်သောကြောင့်လည်း ဖြစ်လေသည်
။ ပေါ်တူဂီ တို့ တန်ခိုးမှေးမှိန်သွားပြီးသည့်နောက် ဒတ်ခ်ျ ကုန်သည်နှင့်
အင်္ဂလိပ်ကုန်သည်တို့ အပြင် ပြင်သစ်ကုန်သည်များလည်း မြန်မာနိုင်ငံသို့
ရောက်လာပြန်လေသည် ။ ထို ကုန်သည်အားလုံးပင်လျှင် မြန်မာ့ ကျွန်းသစ် ၊ ရေနံ
တို့ကို လိုချင်ကြလေသည် ။ ကျွန်းသစ်နှင့် ရေနံတို့ကို လိုချင်ကြလေသည် ။
ကျွန်းသစ်နှင့် ရေနံကို ရွက်သင်္ဘောများ တည်ရာ ပြင်ဆင်ရာတို့တွင်
အသုံးပြုကြလေသည် ။ ထို့ကြောင့် မုတ္တမ မြို့ ၊ပဲခူးမြို့ ၊သန်လျှင်မြို့၊
ပုသိမ်မြို့၊ မြောက်ဦးမြို့ တို့၌ ကုန်တိုက်များဖွင့်လှစ်၍
အရောင်းအ၀ယ်ပြုကြလေသည် ။ ဒတ်ခ်ျ ကုန်သည်တို့သည် အင်းဝမြို့၌ပင်
ကုန်တိုက်များဖွင့်၍ အရောင်းအ၀ယ်ပြုကြလေသည် ။ ဒတ်ခ်ျ ကုန်သည် တို့သည် အင်းဝ
မြို့၌ ပင် ကိုယ်တိုင် ဖွင့်နိုင်လေသည် ။ သို့ရာတွင် နောင်အခါ၌
ရုပ်သိမ်းသွားလေသည် ။
ဦးအောင်ဇေယျ နှင့် ဦးအောင်လှ
သက္ကရာဇ် -၁၇၅၀
လွန်သော်အခါ မဟာဓမ္မရာဇာဓိပတိ မင်းလက်ထက်၌ တိုင်းပြည်မငြိမ်မသက်ဖြစ်လာလေသည် ။
အညာတွင် မဏိပူရကလည်း စစ်သည်တို့သည် အခါအခွင့်ရတိုင်း
နိုင်ငံတော်အတွင်းချင်းနင်းဝင်းရောက်၍ လုယက်ဖျက်ဆီးလေ့ရှိလေသည် ။ အကြေတွင်
ဟံသာဝတီရှိမြို့ဝန်သည် အင်းဝထီးနန်းကို လိုချင်သဖြင့် ပုန်ကန်လေသည် ။
မဟာရာဇာဓိပတိ မင်းသည်ကလည်း စစ်သည်တို့၏ ရန်ကိုလည်း အပြီးအပိုင်
မတားဆီးနိုင် ။ ဟံသာဝတီ က သူပုန်ရန်ကိုလည်း မနှမ်နင်းနိုင် ဖြစ်လာ၍
နောက်ဆုံးတွင် အထက်အညာ ၀မ်းဘဲ အင်းစံရွာသား ဆင်ဝန်ဟောင်း ဦးအောင်လှသည်
ဗညားဒလဘွဲ့ခံပြီးလျှင် အင်းဝသို့ချီ တက်သိမ်းပိုက်လေသည် ။ မဟာဓမ္မရာဇာဓိပတိ
ကိုလည်း ကွတ်မျက် လိုက်လေသည် ။ ထိုအခါ မုဆိုးဘိုမြို့မှ ဦးအောင်ဇေယျသည်
ဦးအောင်လှ၏သစ္စာကို မခံလိုသဖြင့် ဦးအောင်လှ၏ တပ်များကို ခံတိုက်၍ အင်းဝ
ကိုပြန်သိမ်းလေသည် ။ အလောင်းမင်းဘွဲ့ခံကာ မင်း အဖြစ်ကို ယူလိုက်လေသည် ။
ထို့နောက် ဧရာဝတီမြစ်ကို ဆန်၍ ဦးအောင်လှတပ်တို့ကို လိုက်တိုက်ရာ
ရန်ကုန်မြို့အထိ အောင်မြင်လေသည် ။ သို့ရာတွင် ပုသိမ် ၊သန်လျင် ၊ ဟံသာဝတီ
၊မုတ္တမ တို့ကား ဦးအောင်လှ ၏ နယ်အတွင်း ၌ပင် ရှိလေသေးသည် ။
အင်းဝထီးနန်းရလိုမှု့အတွက် ဦးအောင်ဇေယျ (၀ါ) အလောင်းမင်းတရား နှင့်
ဦးအောင်လှ ( ၀ါ ) ဗညားဒလ တို့သည် ထိုသို့ အကြိတ်အနယ်
တိုက်ခိုက်နေကြစဉ်တွင် အိန္ဒိယ ၌ အပြိုင်အဆိုင် နယ်ချဲ့နေကြသော အင်္ဂလိပ်
နှင့် ပြင်သစ်တို့သည် မြန်မာနိုင်ငံတွင် လည်း ထို အတိုင်းပင်လျှင်
အပြိုင်အဆိုင် နယ်ချဲ့စ ပြုလာလေပြီ ။ ထိုနယ်ချဲ့ တို့သည် အရောင်းအ၀ယ်
အခွင့်အရေး ၊အခြေခံ စခန်း အခွင့်အရေး ၊ သြဇာအာဏာ အခွင့်အရေးတို့အတွက်
အညာတစ်ခွင်တွင် ထိုအခါက အောင်မြင်မှု့ရနေဆဲဖြစ်သော ဗညားဒလအား ရှေးဦစွာ သေနတ်
အမြောက်စသော လက်နက် အထောက်အပံ့ကို အပြိုင်အဆိုင်ပေးကြလေသည် ။ သို့ရာတွင်
အလောင်းမင်းတရားဘက်မှ အနိုင်ရရပုံပေါ်တော့မည့် အရိပ်အရောင်မြင်လာသောအခါ
အင်္ဂလိပ်တို့သည် အလောင်းမင်းတရား ဘက်သို့ ကူးပြောင်း၍
အလောင်းမင်းတရားသို့သာလျှင် လက်နက် အထောက်အပံ့ပေးလေတော့သည် ။ ပြင်သစ်တို့
မှာကား ဗညား ဒလ သို့ပင် လက်နက်အထောက်အပံ့ ပေးမြဲ ပေးလေသည် ။ ဤသို့ဖြင့်
အမြောက်အမြား သေကျေ ပျက်စီးကြရပြီးသည့်နောက် နောက်ဆုံးတွင် လူအင်အား
ကောင်းလှ သော အလောင်းမင်းတရားသည် မြန်မာနိုင်ငံ အားလုံးကို အောင်မြင်၍
လက်နက် လက်ရုံးဖြင့်ပင် အညာ အကြေ အရပ်တို့ကို စုစည်းပေးခဲ့ရလေသည် ။
ကုန်းဘောင်ဆက်မင်းတို့ ၏ အင်အား
အလောင်းမင်းတရား ( ၁၇၅၂ - ၆၀ ) သည် ပထမ ကုန်းဘောင်မင်းဆက်ဖြစ်လေသည် ။
ထိုမင်းမှ ဆင်းသက်၍ ဘိုးတော်မင်းတရား ( ၁၇၈၂ - ၁၈၁၉ ) လက်ထက်အထိ
မြန်မာနိုင်ငံ၏ အင်အားသည် ကြီးမားသည်ထက် ကြီးမားလာ၍ မင်းတို့ ၏ ၀ါဒ သည်လည်း
တိုက်ခိုက်သိမ်းပိုက်ချင်သော နယ်ချဲ့ဝါဒ ဖြစ်လာသည်ဟု ဆိုသင့်လေသည် ။
ရှေးဦးစွာ ယိုးဒယား ကို အောင်သည်။ ထို့နောက် တရုပ်ပြည် ကို
စိုးမိုးလျက်နေကြသော မန်ချုးမင်း ၏ စစ်သည်တို့ ထိပါးလာသည် ကိုတွန်းလှန်
နိုင်သည် ။ ထို့နောက် မဏိပူရ နှင့် အာသံပြည် တို့ကို အောင်ပြန်လေသည် ။
ထို့နောက် ရခိုင်ပြည်တွင် လက်ရှိမင်းကို ရခိုင်မှုးမတ် အချို့ မနှစ်သက်
သည်မှ စ၍ နောက်ဆုံး၌ မင်းကို ထီး နန်းမှ ချပြီးနောက် ရခိုင် ပြည်ကို ပြည်
မ၌ ထည့်သွင်းပူးပေါင်းလိုက်သည် ။ သို့ရာတွင် တိုက်ခိုက် သိမ်းပိုက်ချင်သော
ထို နယ်ချဲ့ဝါဒကြောင့်ပင်လျှင် အသေအကြေ အပျက်အစီးများ၍
နိုင်ငံအားအင်ဆုတ်ယုတ်လာ လေသည် ။ ယိုးဒယား တို့သည် မကြာမီအတွင်း၌ ပင်
မြန်မာ စစ်သည် တို့ကို တော်လှန် တိုက်ခိုက် နိုင်၍ ရှေးကဲ့ သို့ လွတ်လပ်မြဲ
လွတ်လပ်သွားလေသည် ။ အာသံ ၊မဏိပူရ ၊ ရခိုင်တို့ကို ရသဖြင့် အိန္ဒိယ နှင့်
နယ်စပ်လာသည် ဖြစ်ရာ အိန္ဒိယ အခြေခံစခန်းမှ နေ၍ နယ်ချဲ့လိုသေးသော
အင်္ဂလိပ်တို့နှင့် နောင်အခါတွင် ရန်စစ်ဖြစ်ကြရလေသည် ။ မန်ချုးမင်း ၏
စစ်သည်တို့ကို မြန်မာတို့ က တွန်းလှန်နိုင်ခဲ့ခြင်းသည်သာလျှင်
မြန်မာနိုင်ငံအတွက် ကျေးဇူးအလွန်များခဲ့သည် ဟု ဆိုသင့်လေသည် ။
ဘိုးတော်မင်းတရား လွန်တော်မူ၍ ဘကြီးတော် မင်းတရား နန်းတက်လာသောအခါ၌လည်း
တိုက်ခိုက် သိမ်းပိုက်ချင်သော ထို နယ်ချဲ့ဝါဒသည် မြန်မာ့ ထီးနန်းတွင်
ခေတ်စားတုန်းပင်ဖြစ်လေသည် ။
ကမ္ဘာ နှင့် မြန်မာ
သက္ကရာဇ် ၁၈၀၀
မတိုင်မီကပင် ကမ္ဘာ့အခြေအနေသည် ပြောင်းလဲနေလေသည် ။ အထူးသဖြင့် ဥရောပ
တိုက်သားတို့ ၏ စိတ်နှင့် အပြုအမူတို့ ပြောင်းလဲနေလေသည် ။
နိုင်ငံအုပ်ချုပ်ရေးဘက်တွင် သက်ဦးဆံပိုင် အုပ်ချုပ်ရေးစနစ်ကို မလိုလားသော
စိတ် ၊ တိုင်းသူပြည်သားများ ကိုယ်တိုင် လွတ်လွတ်လပ်လပ် တရားမျှတစွာ
အုပ်ချုပ် လိုသောစိတ် တို့သည် ဖြစ်ပေါ်လာကြလေသည် ။ စီးပွားရေးဘက်တွင်လည်း
ရေနွေးငွေ့အားနှင့် စက်ယန္တရား တို့ကို တီထွင်လာကြသည် ဖြစ်ရာ
ချည်စက်ကြီးများကို တည်၍ အထည်အလိပ် အမြောက်အမြား ထုတ်လုပ် နိုင်လာသည် ။
မီးရထာှး နှင့် ပင်လယ်ကူး မီးသင်္ဘောကြီးများကို တည်၍ ကမ္ဘာကို ပတ်ကာ
ခရီးသွားလာနိုင်လာသည် ။ ထိုအခါ ပိုလျှံသော အထည် လိပ်များ ရောင်းချနိုင်ရာ
ဖြစ်သည့် ဈေးကွက် ကိုရှာ၍ အပြိုင်အဆိုင် အရောင်းအ၀ယ်ပြုရာမှစ၍
အာရှတိုက်တွင် နယ်ချဲ့ချင်သော စိတ်လည် ဖြစ်ပေါ်လာလေသည် ။ အပြိုင် အဆိုင်
ဈေးကွက်ရှာ၍ အပြိုင် အဆိုင် အရောင်းအ၀ယ်ပြုကြသူများအနက် ဒတ် (ခ်ျ) ကုန်သည်
၊ အင်္ဂလိပ်ကုန်သည်၊ ပြင်သစ်ကုန်သည်တို့သည် အရှေ့ဘက်၌
ထင်ရှားသူများဖြစ်လေသည် ။ ဈေးကွက်ရှာရင်း အပြိုင်အဆိုင်
အရောင်းအ၀ယ်ပြုရင်း ဒတ် (ခ်ျ ) ကုန်သည်စုသည် အင်ဒိုနီးရှား
ကျွန်းစုနိုင်ငံကို တိုက်ခိုက်သိမ်းပိုက်လိုက်လေသည် ။ အင်္ဂလိပ်ကုန်သည်
စုနှင့် ပြင်သစ် ကုန်သည်စုတို့သည် အိန္ဒိယတွင် စိတ်ဝမ်းကွဲနေကြသော
မဟာရာဇာမင်းများ ကို မြှောက်ပင့်ပေးရင်း အိန္ဒိယ နယ်မြေများအပေါ်၌ သြဇာအာဏာ
လွှမ်းမိုးလာကြလေသည် ။ ထို့နောက် အင်္ဂလိပ်နှင့် ပြင်သစ် တို့
အချင်းချင်းတိုက်ခိုက်၍ ပြင်သစ်သြဇာခံ အိန္ဒိယ နယ်မြေများကို အင်္ဂလိပ်တို့က
သိမ်းပိုက်လိုက်လေသည် ။ ထို့နောက် ဘင်္ဂလားနယ် ကို ထပ်သိမ်းပြန်သည် ။
ပြင်သစ်တို့သည် အိန္ဒိယမှ ထွက်ကြရသော်လည်း အခဲမကျေ ဖြစ်နေလေသည် ။
မြန်မာနိုင်ငံဘက်၌ အခြေစခန်းပြု၍ ထိုအခြေစခန်းမှ အင်္ဂလိပ်ကို
ပြန်တိုက်နိုင်မည်ဆိုလျှင် တိုက်နိုင်လေသည် ။ အင်္ဂလိပ်တို့သည် ထိုအချက် ကို
သိသည်ဖြစ်ရာ ပြင်သစ် ၏ ခြေလှမ်းကို မျက်ခြေမပျက် စောင့်ကြည့်နေလေသည် ။
မြန်မာ အင်္ဂလိပ် စစ်ပွဲ နှစ်ကြိမ်
ဘကြီးတော် ဘုရားလက်ထက်သို့ရောက်သောအခါ တိုက်ခိုက်သိမ်းပိုက်ချင်သော
အင်္ဂလိပ်တို့ ၏ နယ်ချဲ့စိတ်သည် ၎င်း၊ ပြင်သစ်ကို မသင်္ကာနေသော စိတ်သည်၎င်း
မြန်မာနိုင်ငံ ပတ်ဝန်းကျင်တွင် ဖြစ်ပေါ်နေလေသည် ။ တစ်ဖန်
ကုန်းဘောင်မင်းဆက်များ သိမ်းပိုက်ထားသော အာသံ နှင့် မဏိပူရ
အရေးအတွက်လည်းကောင်း မြန်မာမှုးမတ်အချို့၏ တက်ကြွနေသော စိတ်သည်လည်း
ဖြစ်ပေါ်နေလေရာ နောက်ဆုံး၌ မြန်မာ အင်္ဂလိပ်တို့ စစ်ဖြစ်၍ အာသံ ၊မဏိပူရ ၊
ရခိုင် ၊ တနင်္သာရီ တို့ကို ၁၈၂၆ ခုနှစ်တွင် အင်္ဂလိပ်က သိမ်းလေသည် ။ ထို့
နောက် ဆက်လက်၍ ၁၈၅၅ -- ခုနှစ်တွင် မြန်မာနိုင်ငံ အလယ်ပိုင်း ကို
မြေထဲတောင်ငူအထိ သိမ်းပြန်လေသည် ။
မင်းတုန်းမင်း ( ၁၈၅၃ -၇၈ )
မင်းတုန်းမင်းလက်ထက်သို့ ရောက်သောအခါ ရခိုင် ၊တနင်္သာရီ ပါဝင်သော အောက်
မြန်မာနိုင်ငံကို အင်္ဂလိပ်တို့က ပိုင်၍ မြေထဲတောင်ငူ မြောက်ဘက်မှ
အထက်ပိုင်းကိုသာ မြန်မာမင်းပိုင်လေသည် ။ မင်းတုန်းမင်းသည် ကမ္ဘာရေးရာကို
သိမြင်သော မင်းဖြစ်လေသည် ။ နိုင်ချင်ကြက်ကဲ့ သို့ ကျင့်ကြံသော ဥရောပ
နယ်ချဲ့တို့၏ သဘောကိုလည်း ဆင်ခြင်မိဟန်တူလေသည် ။ သို့ရာတွင် အင်္ဂလိပ်တို့
နှင့် သင့်မြတ်အောင် ဆက်ဆံခဲ့ရာ မြန်မာပိုင် မြန်မာနိုင်ငံတွင် နှစ်ပေါင်း
အစိတ်မျှ ငြိမ်းချမ်း၍ တိုးတက်မှု့ရှိလာလေသည် ။ ထိုနှစ်ပေါင်း အစိတ်အတွင်း၌
သာသနာရေးတွင် ပဉ္စမ သင်္ဂါယနာတင်ခဲ့လေသည် ။ ပညာရေးတွင် ပညာတော်သင်များကို
ဥရောပ သို့ လွှတ်၍ ခေတ်မီ ပညာများကို သင်စေသည် ။ စီးပွားရေးတွင်
အင်္ဂလိပ်တို့နှင့်ဆက်ဆံ၍ ကျွန်းသစ် ၊ ရေနံတို့ကို ရောင်းချနိုင်လေသည် ။
ပြည်တွင်း၌လည်း ယက္ကန်းစက် ၊ စပါးစက် ၊ လွှစက် ၊ပန်းကန်စက် ၊သကြားစက် စသော
စက်မှု့လက်မှု့ လုပ်ငန်းများကို ထူထောင်နိုင်လေသည် ။ ဧရာဝတီမြစ်အတွင်း
သယ်ယူပို့ဆောင်ရေးအတွက် မီးသင်္ဘောများကို အသုံးပြုခဲ့သည် ။ ဒင်္ဂါးသွန်းခတ်၌
အရောင်းအ၀ယ် ကိစ္စတို့၌အသပြာငွေအဖြစ် သုံးစွဲစေသည် ။
တိုင်းပြည်အုပ်ချုပ်ရေးတွင် အရာရှိ အမှု့ထမ်းများအတွက် လခပေးစနစ်ကို
သုံးစွဲခဲ့သည် ။
မင်းတုန်းမင်း နှင့် အင်္ဂလိပ်ပိုင် မြန်မာနိုင်ငံ
၁၈၂၆ ခုနှစ် ပထမ မြန်မာ အင်္ဂလိပ် စစ်ပွဲပြီး၍ အင်္ဂလိပ်တို့က ရခိုင် နှင့်
တနင်္သာရီ တို့ကို သိမ်းသောအခါ အင်္ဂလိပ်ကို မြန်မာတို့ တော်လှန်ကြလေသည် ။
သို့ရာတွင် မအောင်မြင်ကြချေ ။ ရခိုင်တိုင်းကို ဘင်္ဂလား ဘုရင် လက်အေက်၌ ထား၍
အုပ်ချုပ်သည် ။ တနင်္သာရီ တိုင်းကို အိန္ဒိယ ဘုရင်ခံချုပ်လက်အောက်၌
မင်းကြီးတစ်ပိုင်ပြုလုပ်၍ အုပ်ချုပ်သည် ။ ၁၈၅၅ -ခှုနှစ် ဒုတိယ မြန်မာ
အင်္ဂလိပ် စစ်ပွဲပြီး၍ ပဲခူးဟုခေါ်သော အောက်မြန်မာနိုင်ငံကို သိမ်းသောအခါ၌လည်း
ပုန်ကန်ကြပြန်သေးသည် ။ သို့ရာတွင် မအောင်မြင်ချေ ။ ထိုအခါ အင်္ဂလိပ်တို့သည်
ပဲခူး ကို မင်းကြီးတစ်ပိုင်ပြုပြင်၍ အုပ်ချုပ်လေသည် ။ ထို့နောက် ၁၈၆၂
ခုနှစ်မှ စ၍ ရခိုင် ၊တနင်္သာရီ ၊ ပဲခူး ကို စုစည်းကာ မဟာဝန်ရှင်တော်
တစ်ပိုင်ပြုလေသည် ။ ပထမ မဟာဝန်ရှင်တော်ပိုင် မင်းကြီးသည် “အာသာဖယ်ယာ”
ဖြစ်လေသည် ။အထက်မြန်မာနိုင်ငံတွင် မင်းတုန်းမင်း မင်းပြုနေသောအခါ
အောက်မြန်မာနိုင်ငံတွင် “ အာသာဖယ်ယာ” သည် ပထမ မဟာ
ဝန်ရှင်တော်မင်းကြီးအဖြစ် အုပ်ချုပ်ဆောင်ရွက်နေလေသည် ။“ အာသာဖယ်ယာ” သည်
မင်းတုန်းမင်းအား ရိုသေလေးစားသည်ဖြစ်၍ သင့်မြတ်အောင် ဆက်ဆံလေ့ရှိလေသည် ။
မင်းတုန်းမင်းသည် လည်း အင်္ဂလိပ်တို့နှင့် သင့်မြတ်အောင် ဆက်ဆံလေ့ရှိလေသည် ။
သို့ရာတွင် အောက်မြန်မာနိုင်ငံ ကို သိမ်းယူထားသော နယ်ချဲ့ အင်္ဂလိပ် အပေါ်၌
ကား မည်သည့်အခါမျှ ကျေနပ်ခြင်းမရှိခဲ့ချေ ။တစ်ဖန် အောက်နိုင်ငံရှိ အင်္ဂလိပ်
နယ်ချဲ့ နှင့် နယ်ချဲ့ ကြိုးကိုင် ဓနရှင်များသည် မြန်မာပိုင်
အထက်နိုင်ငံတွင်လည်း အရောင်းအ၀ယ် အခွင့်အရေး အများဆုံးကို လည်း
လိုချင်ကြသည် ။ အမြတ်အစွန်း အများဆုံးကို လည်း လိုချင်ကြသည် ။
လိုချင်သည်ကို မရလျှင် တနည်းနည်း ဖြင့် အနှောင့်အယှက်ပေးတက်ကြလေသည် ။
ထို့ကြောင့် မင်းတုန်းမင်းသည် ၁၈၄၅ -- ခုနှစ် လောကမှစ၍ အင်္ဂလိပ်
တစ်နိုင်ငံတည်းသာ ဆက်ဆံလာခဲ့သော မိမိ၏ နိုင်ငံခြားရေးဝါဒ
ကိုပြောင်းလိုသဖြင့် ပြင်သစ်နိုင်ငံ ၊အီတလီ နိုင်ငံ တို့နှင့် ဆက်ဆံစ
ပြုလာလေသည် ။
မြန်မာမင်း နှင့် မှုးမတ်အချို့ တို့၏ အမြင်
၁၈၅၀—မှ
၁၉၀၀ --- အထိ ကြာမြင့်သော ကာလသည် ဥရောပ နယ်ချဲ့ တို့ အာရှတစ်ခွင်တွင်
ထင်သလို ပြုကျင့်နေသော ကာလဖြစ်လေသည် ။ ထိုဥရောပ နယ်ချဲ့များအနက် အိန္ဒိယ
ကို စိုးမိုးအုပ်ချုပ်လျှက်နေသော အင်္ဂလိပ်နယ်ချဲ့သည် အင်အား
အကြီးဆုံးဖြစ်လေငည် ။ အင်္ဂလိပ် နယ်ချဲ့တို့သည် ပသျှုးကျွန်းဆွယ်၌ လည်း
သြဇာအာဏာ ထက်မြက် လျက်ရှိလေသည် ။ သိမ်းတန် သည်တို့ကို လည်း သိမ်းပြီး
ဖြစ်လေသည် ။ ပြင်သစ်နယ်ချဲ့သည် အိန္ဒိယ နယ်မြေများမှ အင်္ဂလိပ်နယ်ချဲ့ ၏
မောင်းထုတ်ခြင်းကို ခံရပြီးသည့်နောက် အားသစ်မွေးလာရာ ၁၈၅၀ --လောက်သို့
ရောက်သောအခါ ခေါင်းထောင်လှုပ်ရှားလာပြန်လေသည် ။ ထိုအခါမှစ၍ ဗိယက်တနမ် (
တောင်ကင် ၊ အာနန် ၊ ကိုချင်ချိုင်နား ) ၌ ၎င်း၊ ကမ္ဘောဇ နိုင်ငံ၌ ၎င်း ၊ လော
နိုင်ငံ၌၎င်း သြဇာအာဏာ ဖြန့်နိုင်လာပြန်၍ သိမ်းတန်သည်ကို သိမ်းပြီးဖြစ်လေသည် ။
ထိုအခါ အင်္ဂလိပ်နယ်ချဲ့သည် ပြင်သစ်နယ်ချဲ့၏ ခြေလှမ်းကို ယခင်ကထက် ပို၍
စောင့်ကြည့်လေသည် ။ ထိုအခါကသော် နယ်ချဲ့ နှစ်ဦးလုံးပင်လျှင် အာရှတိုက်၌
နိုင်ချင်ကြက်ကဲ့သို့ ဖြစ်လေသည် ။ အကြံတူ ရန်သည် ဟူဘိသကဲ့သို့
အချင်းချင်းလည်း စောင့်လျှက်နေကြလေသည် ။
စောင့်နေကြသော နယ်ချဲ့
နစ်ဦးစပ်ကြားတွင် မြန်မာနိုင်ငံ မည်သို့ပြုမူခဲ့သနည်း ။ ၁၈၇၈ --ခုနှစ်တွင်
မင်းတုန်းမင်း နတ်ရွာစံ၍ သီပေါမင်း နန်းတက်လေသည် ။ မြန်မာမင်း နှင့် မှုးမတ်
အချို့တို့သည် အောက်မြန်မာနိုင်ငံကို သိမ်းပိုက်ထားသော အင်္ဂလိပ် အပေါ်တွင်
မကေမနပ်ဖြစ်နေရာ ပြင်သစ်နှင့် ပေါင်းကာ အင်္ဂလိပ်ကို ပြန်တိုက်လျှင်
အရေးအောင်၍ အောက်မြန်မာနိုင်ငံကို ပြန်ရလိမ့်မည်ဟု ယူဆကြဟန်တူလေသည် ။
သို့ရာတွင် ပြင်သစ် ၏အင်အားသည် အင်္ဂလိပ် ၏အင်အားလောက်
မကောင်းသေးဟူသောအချက်ကို၎င်း ၊ ပြင်သစ်လည်း မယုံအပ်သော နယ်ချဲ့ပင် ဖြစ်သည်
ဟူသောအချက်ကို ၎င်း စိတ်တက်ကြွနေသော မြန်မာမင်း နှင့် မှုးမတ်အချို့သည်
ထည့်သွင်းစဉ်းစားကြဟန် မတူချေ ။ မန္တလေးတွင် ပြင်သစ်ဘဏ်တိုက်
ဖွင့်လှစ်ရေးကို၎င်း ၊ အထက်မြန်မာနိုင်ငံနှင့် ပြင်သစ်ပိုင် တောင်ကင်ပြည်
မီးရထားလမ်းဆက်သွယ်ရေးကို ၎င်း ၊မြန်မာမှုးမတ် အချို့တို့နှင့် ပြင်သစ်တို့
ကြံစည်နေကြကြောင်း ပြင်သစ်ထံမှ မြန်မာတို့က လက်နက်ပစ္စည်းရခွင့်ရလမ်းရှိ
ကြောင်းကို အင်္ဂလိပ်တို့ ကြားသိသောအခါ အင်္ဂလိပ်နယ်ချဲ့သည် အထက်နိုင်ငံကို
ပြင်သစ်လွှမ်းမိုးလျှင် မိမိ၏ တန်ခိုးအာဏာ၎င်း ၊အောက်နိုင်ငံရှိ
အင်္ဂလိပ်နယ်ချဲ့ကြိုးကိုင် ဓနရှင် ကုန်သည်များ၏ အကျိုးစီးပွားကို၎င်း
ထိခိုက်လာတော့မည်ဟု ယူဆလျှက် ၁၈၈၅ --ခုနှစ်တွင် အထက်နိုင်ငံကိုပါ
သိမ်းလိုက်လေသည် ။ ဤသို့ဖြင့် မြန်မာ တစ်နိုင်ငံလုံးလွတ်လပ်ရေး
ဆုံးရှုံးခဲ့လေသည် ။
ဗြိတိသျှခေတ်
အထက်နိုင်ငံလည်း အသိမ်းခံရသောအခါ
မြန်မာများသာမက ရှမ်း ၊ချင်း ၊ကချင် စသော အခြားတိုင်းရင်းသားများသည်လည်း
လွတ်လပ်ရေးအတွက် အင်္ဂလိပ်နယ်ချဲ့ကို ပုန်ကန်ကြလေသည် ။ ဤတွင်
တိုင်းရင်းသားစည်းလုံးရေးလမ်းစ ပေါ်လာလေသည် ။ တစ်ဖန် သက်ဦးဆံပိုင် ခေတ်လည်း
ကုန်ပြီဖြစ်သဖြင့် ဗြိတိသျှ တို့၏ ပြည်သူ့ဆန္ဒအရအုပ်ချုပ်ရသောစနစ် (၀ါ )
ဒီမိုကရေစီ စနစ်လမ်းစသည်လည်း ပေါ်လာလေသည် ။ တစ်ဖန် ဗြိတိသျှ လက်အောက်တွင်
ဗျြတိသျှ အရင်းရှင်နှင့် အခြားအရင်းရှင်တို့သည် မိမိတို့၏
အရင်းနှီးငွေများယူလာကာ ရေနံ ၊ကျွန်းသစ် ၊ဆန်စပါး ၊ သတ္တု
အမျိုးမျိုးတို့ကို တူးဖော်ခြင်း ၊စိုက်ပျိုးခြင်းတို့ကို၎င်း ၊မီးသင်္ဘော
၊မီးရထား စသည်တို့ကို အသုံးပြုကာ အကြီးအကျယ် ကူးသန်းရောင်းဝယ်ခြင်းကို၎င်း
ပြုလာသောကြောင့် နိုင်ငံတော်စီးပွားရေး တိုးတက်လာသည်ဟု ဆိုရသော်လည်း
အရင်းရှင်တို့ကိုသာ အမြတ်အစွန်းအမြောက်အမြားရစေ၍ တိုင်းရင်းသားများ
ရာစုမှာကား လူတန်းစေ့မနေရခြင်း ၊ ပညာခေါင်းပါးခြင်း ၊ကျန်းမာရေး
ချို့တဲ့ခြင်းတို့နှင့်သာကြုံရလေသည် ။
လွတ်လပ်ရေး ကြိုးပမ်းမှု့
ထို့ကြောင့် ၁၉၂၀ ပြည့်နှစ်လောက်မှစ၍ လွတ်လပ်ရေးအတွက် ၀ံသာနုလုပ်ငန်း
ပေါ်ပေါက်လာလေသည် ။ ထိုဝံသာနု လုပ်ငန်းသည် အနှစ် ၂၀ အတွင်းတွင် နိမ့်တုံ
မြင့်တုံ လှုပ်ရှားလာခဲ့ရာ ဥရောပ၌ ဒုတိယကမ္ဘာစစ် ဖြစ်နေဆဲ ၁၉၄၂ ခုနှစ်တွင်
ဂျပန်နယ်ချဲ့  အစိုးရသည် အရှေ့အာရှ ဒေသများကို တိုက်ခိုက်ယင်း
မြန်မာနိုင်ငံကိုလည် ထိပါးလာလေသည် ။ ဗြိတိသျှ နယ်ချဲ့ နှင့် နယ်ချဲ့
ကြိုးကိုင် ဓနရှင်များသည် မြန်မာနိုင်ငံကို နှစ်ပေါင်းအတော်ကြာ
အုပ်ချုပ်၍စီးပွားဖြစ်ထါန်းနေကြသော်လည်း ဂျပန် နယ်ချဲ့၏ရန်မှ
ကာကွယ်မပေးနိုင်သဖြင့် ထိုနှစ်၌ ပင် အိန္ဒိယသို့ ဆုတ်ခွာသွားလေသည် ။
ထိုအခိုက်တွင် ဗိုလ်ချုပ်အောင်ဆန်းကြီးမှုးသော မြန်မာ့လွတ်လပ်ရေးတပ်၏
အကူအညီဖြင့် ၀င်ရောက်လာသော ဂျပန်နယ်ချဲ့သည်လည်း လွတ်လပ်ရေးအတုအယောင်ကိုသာ
မြန်မာနိုင်ငံအားပေးထားသဖြင့် မြန်မာတိုင်းရင်းသားများသည်
စည်းလုံးလာကြလေသည် ။ ထို့ နောက် ဖ.ဆ.ပ .လ ခေါ် ဖက်ဆစ်ဆန့်ကျင်ရေး
ပြည်သူ့လွတ်လပ်ရေးအဖွဲ့ကို ဖွဲ့စည်းကာ ဂျပန် ဖက်ဆစ်နယ်ချဲ့ကို
လက်နက်ဖြန့်တော်လှန်ကြလေသည် ။ ၁၉၄၅-ခုနှစ်တွင် ဂျပန်နယ်ချဲသည် စစ်ရှုံး၍
လက်နက်ချလေသည် ။ ထို့နောက် ဗြိတိသျှ အုပ်ချုပ်ရေးသည်
မြန်မာနိုင်ငံသို့ပြန်လာသောအခါ ဗိုလ်ချုပ်အောင်ဆန်းခေါင်းဆောင် သော ဖ.ဆ. ပ
.လ အဖွဲ့သည် မွန် ၊မြန်မာ၊ ရခိုင် တို့ကို ၎င်း ၊ ရှမ်း ၊ ကရင် ၊ ချင်း ၊
ကချင် ၊ကယား စည် တို့ကို ၎င်း ထပ်မံစည်းလုံး၍ ဗြိတိသျှ အုပ်ချုပ်ရေးကို
သပိတ်မှောက်ကာ လွတ်လပ်ရေးကို အရယူခဲ့လေသည် ။
လွတ်လပ်သောပြည်ထောင်စုသမ္မတနိုင်ငံတော်
၁၉၄၇ -ခုနှစ်တွင် မွန် ၊မြန်မာ ၊ ရခိုင် ၊ရှမ်း ၊ကရင် ၊ ချင်း ၊ကချင် ၊
ကယား စသော တိုင်းရင်းသားအားလုံး ၏ ကိုယ်စားလှယ်များပါဝင်သော တိုင်းပြု
ပြည်ပြုလွှတ်တော်အတွက် ရွေးကောက်ပွဲကျင်းပလေသည် ။ ထို့နောက်
တိုင်းပြုပြည်ပြု လွှတ်တော်ကပင် ထိုအခါက ဖ.ဆ…လ အဖွဲ့ ဥက္ကဋ္ဌ ဖြစ်သော
ဗိုလ်ချုပ်အောင်ဆန်းချပေးခဲ့သည့် လမ်းစဉ်အတိုင်း မြန်မာနိုင်ငံ နှင့်
အသင့်တော်ဆုံးဖြစ်သော ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေကို ရေးဆွဲ၍
အတည်ပြုလေသည် ။ ၀မ်းနည်းဖွယ်ကောင်းသည်မှာ ထိုအခြေခံ ဥပဒေ အတည်မပြုရသေးမီ
ဗိုလ်ချုပ်အောင်ဆန်း နှင့် တကွ အချို့ ခေါင်းဆောင်များမှာ လူမသမာတို့၏
လက်ချက်ကြောင့် အသက်ဆုံးရှုံးကြရခြင်း ဖြစ်ရလေသည် ။ ထိုအခြေခံ ဥပဒေ အရ
မြန်မာနိုင်ငံသည် ၁၉၄၈ ခုနှစ် ဇန်န၀ါရီ လ ၄ ရက်နေ့တွင် မွန် ၊ မြန်မာ ၊
ရခိုင် ၊ရှမ်း ၊ကရင် ၊ ကချင် ၊ချင်း ၊ ကယား စသော
တိုင်းရင်းသားအားလုံးပါဝင်သည့် ပြည်ထောင်စု သမ္မတ
မြန်မာနိုင်ငံတော်ဖြစ်လာလေသည် ။ ။
* *
* * *
* * *
၁၉၅၆ ခုနှစ်တွင် ဘာသာပြန်စာပေအသင်းမှ စာအုပ်အဖြစ် ထုတ်ဝေခဲ့သည် ။
No comments:
Post a Comment