Tuesday, November 10, 2015

"သဗ္ဗညုဘုရား"

"သဗ္ဗညုဘုရား"

ပုဂံမြို့ဟောင်းအတွင်း အရှေ့တောင်ဘက် ထောင့်မှာ တည်ရှိပါတယ်။ သဗ္ဗညုဘုရားဟာ အလောင်းစည်သူမင်းရဲ့ ကောင်းမှု့တော်ဖြစ်ပါတယ်။
အလောင်း စည်သူမင်းသည် မြတ်စွာဘုရားအား ဝိသာခါ ဆောက်လုပ် လှူဒါန်းခဲ့သည့် ပုဗ္ဗာရုံ ကျောင်းတော်ပုံစံ ဂူဘုရား တည်လိုခဲ့သည်။ အလောင်းစည်သူသည် ၄င်း၏ဆန္ဒကို သံဃာတော် များကို လျှောက်ထားခဲ့ရာ သံဃာတော်များ ကလည်း သဘောတူညီ သည့်အတွက် သဗ္ဗညု (သိစပ်မြင်နှံ) ဘုရားကို တည်ခဲ့သည်ဟု အဆိုရှိသည်။
ပုဂံတစ်ဝိုက်မှာ ထုထည်ကြီးမားလှပြီး ဥာဏ်တော်အမြင့်ဆုံး ဂူဘုရားကြီးဖြစ်တာမို့ အဝေးတစ်နေရာကနေ ကြည့်ရင်တောင် ထင်ရှားပေါ်လွင်လှပါတယ်။
ထု-ဓမ္မရံ ၊ ဥာဏ်- သဗ္ဗညု ၊ အနု-အာနန္ဒာ၊ တန်ခိုး-ရွှေစည်းခုံ ဟူသော အဆိုအရ သဗ္ဗညု ဘုရားသည် ပုဂံဒေသရှိ ရှေးဟောင်း သာသနိက အဆောက်အဦ များအနက် ဥာဏ်တော် အမြင့်ဆုံးဖြစ်ကာ (၆၄)မီတာ (၂၁၀)ပေ မြင့်သည်။

သဗ္ဗညုဘုရားသည် ဝတ်ပြု ကိုးကွယ်ရန် သက်သက်သာ မဟုတ်ဘဲ ရဟန်း သံဃာောတ်များ သီတင်းသုံးရန် ကျောင်းအဖြစ် လည်းကောင်း၊ ပိဋိကတ်တိုက် အဖြစ် လည်းကောင်း အသုံးပြု ခဲ့ကြသည်။
သဗ္ဗညုဘုရားတွင် မူလက နံရံဆေးရေး ပန်းချီများ ရှိခဲ့သော်လည်း ဘုရား အတွင်းပိုင်းကို ထုံးသုတ်ခဲ့ ကြသည့်အတွက် ရှေးဟောင်း ပုဂံခေတ်လက်ရာ နံရံဆေးရေးပန်းချီများ ပျက်စီးသွား ခဲ့ပြီဖြစ်သည်။ ယခုအခါ မြေညီထပ်ရှိ အနောက်ဘက် ဂန္ဓကုဋီတိုက် ပေါင်းကူး မျက်နှာကြက် တွင် ပန်းခက်၊ ပန်းနွယ်ပုံ၊ ပန်းဒီဇိုင်းများနှင့် နံရံတွင် သစ်ရွက်ပုံ ပန်းတန်းများ၊ အနောက်ဘက် အာရုံခံ အတွင်းရှိ ပေါင်းကူး မျက်နှာကြက်တွင် ဗုဒ္ဓခြေတော်ရာ၊ ဗုဒ္ဓရုပ်ပွားပုံပါ စက်ဝိုင်းပန်း အထပ်များ စသည့် နံရံဆေးရေးပန်းချီ အနည်းငယ်သာ ကျန်ရှိသည်။
သဗ္ဗညုဘုရားကြီးဟာ ဘေးတက်လှိုဏ်ဂူဘုရားကြီးဖြစ်ပြီး ဆင်းတုတော် ထားရှိတဲ့ ကန္ဓကုဋိတိုက်ခေါင်မိုး ပေါ်မှာအုတ်တွေနဲ့ပဲ တည်ဆောက်ထားတာဟာလဲ ထူးခြားတဲ့ဗိသုကာလက်ရာဖြစ်ပါတယ်။
သဗ္ဗညုဘုရားတွင် အုတ်စီ အုတ်နင်းနှင့် နံရံပေါင်းကူး များကို လေ့လာနိုင်သည်။ အပေါ်ထပ် နံရံများတွင် အုတ်များကို အလျားလိုက် တစ်လှည့်၊ ထောင်လိုက် တစ်လှည့်စီ ထားသည်။ မြေညီထပ် အဝင်ခန်းမတွင် အုန်းလက်ခံ ပေါင်းကူး၊ စင်္ကြံ မျက်နှာကြက်တွင် ထပ်ဆင့်နိမ့် အမိုးခုံး၊ အဝင်မုခ်၊ အာရုံခံ ခန်းမ၊ မင်းလမ်း နှင့် အရံဗုဒ္ဓ ရုပ်ပွားဆင်းတု များအပေါ်မှ အမိုးခုံးများ၊ အောက်လိုဏ် ပတ်လမ်းအထပ် အတွင်းစင်္ကြံ မျက်နှာကြက်တွင် မှီပေါင်ကူးများ၊ ဖြတ်ကူးလမ်းရှိ အမိုးခုံးများ အပေါ်ထပ် ဗုဒ္ဓရပ်ဆင်းတု အပေါ်မျက်နှာကြက်တွင် စုထိုး ပေါင်းကူးများ၊ စင်္ကြံမျက်နှာကြက် တွင် မှီပေါင်းကူးများ၊ အဝင်မုခ်၊ အာရုံခန်းမ ဖြတ်ကူးလမ်း များ၏ မျက်နှာကြက် အမိုးခုံးများ၊ ပြတင်ပေါက် အပေါ်တန်း ရှိ လိပ်ပြာတောင်ပံ ပေါင်းကူးများ တွင် သဲကျောက်များကို ညှပ်၍စီထားသည်ကို လေ့လာနိုင်သည်။
သဗ္ဗညုဘုရား အရှေ့တောင်ဘက် သဗ္ဗညုဘုန်းကြီး ကျောင်းတိုက် အတွင်းတွင် အလောင်း စည်သူမင်းကြီး၏ ကောင်းမှုတော် ကြေးစင်တစ်သောင်း (၁၅.၁၅)တန် ဖြင့်သွန်းလုပ်ထား သည့် ခေါင်းလောင်းကြီး ဆွဲချိတ်ရာ ကျောက်တိုင် နှစ်တိုင်ရှိပြီး ကျောက်တိုင်တွင် ကျောက်ဆစ် ပန်းတမော့ လက်ရာများရှိ သည်။ ထို ခေါင်းလောင်းကြီးမှာ အင်းဝ-ဟံသာဝတီ စစ်ပွဲကာလ အေဒီ (၁၇၄၂-၅၂) အတွင်းက ဖျက်ဆီးခံ ခဲ့ရသည်ဟု အဆိုရှိသည်။ သဗ္ဗညု ဘုရားသည် လိုဏ်လေးဆင့် ဂူဘုရားကြီး ဖြစ်ပြီး ပုဂံခေတ် ဗိသုကာ ပညာ၏ ကြီးများ ထည်ဝါမှုကို ပြသနေသည်။

No comments: