Tuesday, November 10, 2015

ပုဂံလေးမျက်နှာဘုရား


ပုဂံလေးမျက်နှာဘုရား
လေးမျက်နှာဘုရား သည် ကွမ်းတောင်ပေါက်လိုဏ်
တစ်ဆင့်ဂူဘုရားဖြစ်ပြီး၁၅-၁၂-၁၂၂၃တွင် အမတ်ကြီးအနန္တသူရ နှင့်ဇနီးတို့က
တည်ထားကိုးကွယ်ခဲ့သည်။
လေးမျက်နှာဘုရား ကျောက်စာအရ ၁၅-၁၂-၁၂၂၃ တွင်
အမတ်ကြီး အနန္တသူရ နှင့် ဇနီးက အတိုင်းမသိသောသဒ္ဓါစိတ်ဖြင့်
ကုသိုလ်ကောင်းမှု ပြုကြောင်း၊ အာမနာကန် အရပ်၌ ထန်းပင်များ စိုက်ခြင်း၊
တံတိုင်းနှစ်ထပ် ခတ်ခြင်းနှင့် တံတိုင်း အတွင်း၌
ကလသားအိုး အယောင်နှင့်တူသောတင့်တယ်စွာသော
စင်္ကြထက်၌ ဂူတည်ကြောင်းသရီရဓာတ်တော်ကို
ကြုတ်အဆင့်ဆင့် ထည့်ပြီး ဌာပနာကြောင်း၊

စေတီအထွတ်ကို ရွှေဖြင့် ပြုလုပ်ပြီး
အထွတ်ထက်၌ရွှေထီးတင်လှူခဲ့ကြောင်း
တရားနာ ပရိသတ်များအတွက်
ဓမ္မသာလာ ဆောက်ခြင်း၊
သခင်ထေရ် သီတင်းသုံးရန်ကျောင်းကြီးဆောက်ခြင်း၊
သခင်အရိယာတို့ သီတင်းသုံးရန် ကျောင်းများ ဆောက်ခြင်း၊
ရေတွင်းတူးခြင်း၊ ရေကန်တူးခြင်း၊ ဥယျာဉ်စိုက်ခြင်းနှင့်
အရပ်လေးမျက်နှာ မှလာသောသူများ တည်းခိုရန်
တန်ဆောင်းဆောက်ခြင်း၊အုတ်ဇရပ် ဆောက်ခြင်းနှင့်
ကပ္ပိယငုဋီဆောက် ခဲ့ကြောင်း၊ ၄င်းတို့ကိုယ်စား ဘုရားပြုပြင်ရန်
သန့်ရှင်းရေး လုပ်ရန်နှင့်ဘုရား၌ သင်ပုတ်၊ ဆီမီး၊ ဆွမ်း၊ ပန်း
မပြတ်တင်ရန် အတွက် ကျွန်များ လှူခဲ့ကြောင်း သိရှိရပါသည်။
လေးမျက်နှာဘုရား၏ အတွင်းနံရံ အောက်ပိုင်းများရှိ
နံရံဆေးရေး ပန်းချီများမှာ ထုံးသုတ်လိုက်သည့် အတွက်
ပျက်စီးနေပြီဖြစ်သော်လည်း
အပေါ်ပိုင်းတွင် နံရံဆေးပန်းချီများ ကျန်ရှိသေးသည်။
ဂူဘုရား၏ အရှေ့အ၀င်ခန်းမ ပေါင်းကူး မျက်နှာကြက်တွင်
ဗုဒ္ဓခြေတော်ရာ၊ နံရံအထက်ပိုင်းတွင်
မဟောသဓာဇာတ် နံရံဆေးရေးပန်းချီ
(နံရံအောက်ပိုင်းထုံးသုတ်လိုက်၍
နံရံဆေး ပန်းချီများ ပျက်စီးခဲ့ပြီ ဖြစ်သည်။)
များကို ကမ္ပည်းစာများနှင့် တကွ လေ့လာနိုင်သည်။
ဂူဘုရားအတွင်း ပေါင်းကူး မျက်နှာကြက်တွင်
ရုပ်ပုံများပါသော စက်ဝိုင်းပုံ ပန်းခက်ပန်းနွယ်များ၊
နံရံတွင် (၅၅၀)ဇာတ်ကွက်နှင့် ကမ္ပည်းစာများ၊
နှစ်ကျိပ်ရှစ်ဆူ ဘုရားများနှင့် အကြောင်းအရာ
ကမ္ပည်းစာများ၊ ဗုဒ္ဓ၀င်ခန်းနှင့်ကမ္ပည်းစာများ၊ ဗုဒ္ဓရုပ်ပွားပုံများ ရှိသည်။
လေးမျက်နှာ ဂူဘုရား၏ အပြင်ဘက် မျက်နှာစာရှိ
အင်္ဂတေ ပန်းတော့လက်ရာ များကို လေ့လာနိုင်သည်။

No comments: