Tuesday, November 10, 2015

မြန်မာ့အိမ်

မြန်မာ့အိမ်
"အိမ်" ဟူသောအမည်သည် မည်သည့်ခေတ် မည်သည့်ကာလမှ စတင်၍ ပေါ်ပေါက်လာသည်ဟု တိတိကျကျမဆိုနိုင်သော်လည်း ကမ္ဘာဦးလူများ ပေါ်စကပင် "အိမ်" သည်လည်း ပေါ်ပေါက်လာခဲ့သည်
ဟု ပညာရှင်များက ဆိုကြပါတယ်။
ကမ္ဘာဦးလူသားများ၏ အိမ်မှာ ယနေ့အိမ်များလို စနစ်တကျဆောက်လုပ်
ထားသော အဆောက်အအုံများ မဟုတ်ပါ။ သစ်ပင်၊ သစ်ခေါင်း ၊ လှိုဏ်ဂူ စသော သဘာဝအဆောက်အအုံများသာ ဖြစ်ပါတယ်။ သဘာဝ ရာသီဥတု
ဘေး ၊ သားရဲတိရစ္ဆာန်တို့ မှ အန္တရာယ်မပြုနိုင်အောင် ကျောင်ခေါင်း ၊ လှိုဏ်ဂူများတွင် နေရာမှ လူဦးရေတိုးပွားလာသောအခါ သဘာဝ အဆောက်အဦးများနှင့် လူဦးရေမမျှဖြစ်လာပါတယ်။
ဒီအခက်အခဲကို
ဖြေရှင်းဖို့ လူလုပ်နေအိမ်များ ဆောက်လုပ်ရာမှ အိမ် ဆိုတာပေါ်ပေါက်
လာခြင်းဖြစ်သည်ဟု ဆိုနိုင်ပါတယ်။
မြန်မာတို့တွင် ကိုယ်ပိုင်ရိုးရာအိမ်အမျိုးအစား များစွာရှိပါတယ်။ အိမ် အမျိုးအစားပင် ဖြစ်သော်လည်း အိမ်ဟုမခေါ်သော အဆောက်အဦး များလည်း ရှိပါတယ်။ ၎င်းတို့မှာ နန်းတော် ၊ အိမ်တော် ၊ ဟော် ၊ ကျောင်း ဟူ၍ ဖြစ်ပါတယ်။
ပြည့်ရှင်ဘုရင် ဧက္ကရာဇ်မင်းများ နေထိုင်သော အဆောက်အအုံကို " နန်း " ဟုခေါ်ပါတယ်။ ကြီးကျယ်ခမ်းနားမှု ၊ မြင့်မြတ်မှုအပေါ်အထွတ်တင်ပြီး "တော်" တပ်ကာ "နန်းတော်" ဟူ၍ ဖြစ်လာပါတယ်။ မင်းဆွေမင်းမျိုးများ ၊ မှုးမတ် ၊ အရာရှိများနေသော အဆောက်အအုံကိုမှု "အိမ်တော်" ဟု ခေါ်ပြီး ပဒေသရာဇ်စော်ဘွားများ နေထိုင်သော အဆောက်အအုံကိုမှု "ဟော်" ဟုခေါ်ပါတယ်။ ဟော် ဆိုသည်မှာ နန်းတော်အသေးစားဟုပင် ဆိုနိုင်ပါတယ်။ သာသနာ့ဘောင်မှ ရဟန်း၊ သံဃာများ ၊ သာသနာ့ဝန်
ထမ်း များ နေသော အဆောက်အအုံကိုမှု "ကျောင်း" ဟုခေါ်ပါတယ်။ အခေါ်အဝေါ်များကွဲသော်လည်း အနှစ်သာရကတော့ "အိမ်" ပင် ဖြစ်ပါတယ်။ ထိုအဆောက်အအုံ လေးမျိုးစလုံးသည် စုလစ်မွန်းချွန် အပြောက်အမွမ်းများဖြင့် အသီးသီး လှပထည်ဝါကြပါတယ်။
သည်အိမ်အမျိုးအစား လေးမျိုးနောက်မှ သူဌေးသူကြွယ်များနေသော "သူဌေးသူကြွယ်အိမ်" ၊ သာမန်လူများနေသော "လူသာမန်အိမ်" ၊ ဆင်းရဲသားများနေသော "တဲကုပ်၊ အိမ်စုတ်" စသည်ဖြင့် အသီးသီးကွာခြား သွားပါတယ်။ ဆောက်လုပ်ရာတွင် အသုံးပြုသည့် ပစ္စည်းပေါ်မှုတည်၍ "အိမ်" အမျိုးမျိုးကွဲပြားနိုင်ပါတယ်။ ရွံ့အိမ်၊ ၀ါးအိမ်၊ သစ်သားအိမ်၊ အုတ်အိမ်၊ တိုက်အိမ်စသည်ဖြင့် ဖြစ်ပါတယ်။ မြန်မာစကားတွင် "အိမ်ကြီးရခိုင်" ဟူသောစကားကို ကြားဖူးကြမှာပါ။ "ကြီးမားခိုင်ခံ့ထည်ဝါသောအိမ်" ကို ဆိုလိုပါတယ်။ ဆောက်လုပ်မှု ပုံပန်းသဏ္ဍာန်ကိုလိုက်၍ မြန်မာ့ရိုးရာအိမ် (၈)မျိုး ရှိပါတယ်။ ၎င်းတို့မှာ
(၁) တလိုင်းအိမ်
(၂) မဒရပ်အိမ်
(၃) အိမ်တော်ပုံအိမ်
(၄) တစ်ဖက်ရပ်အိမ်
(၅) ငှက်ကြီးတောင်အိမ်
(၆) အုန်းလေးဘက်အိမ်
(၇) စံပယ်ထပ်အိမ်
(၈) လည်ပေါ်အိမ် တို့ဖြစ်ပါတယ်။
ဤအိမ်အမျိုးအစားများသည်လည်း အရပ်ဒေသကိုလိုက်၍ အခေါ်အဝေါ်အမျိုးမျိုးကွဲပြား နိုင်ပါတယ်။
၁။ တလိုင်းအိမ်
အရှေ့ပိုင်းကအနိမ့် နောက်ပိုင်းကအမြင့်နှစ်ဆင့်တင်ထားပြီး ဆောက်လုပ်ထားသော အိမ်များဖြစ်ပါတယ်။ တလိုင်းအိမ် ဟုခေါ်သလို အိမ်ပုဆစ်တုပ် ဟုလည်း ခေါ်ကြပါတယ်။
၂။ မဒရပ်အိမ်
သွပ်မိုး၊ ပျဉ်ထောင်ကာ အောက်ဆင့်မပါသော ခြေတံရှည်အိမ်မျိုး ဖြစ်ပါတယ်။
၃။ အိမ်တော်ပုံအိမ်
အိမ်ရှေ့မျက်နှာစာတွင် ဆင်ဝင်ပါသောအိမ်မျိုးကို အိမ်တော်ပုံအိမ် ဟုခေါ်ပြီး ရှေးမြန်မာမင်းများလက်ထက်က အိမ်တော်များ၏ ပုံကို ယူ၍ ဆောက်သောကြောင့် အိမ်တော်ပုံဟုခေါ်ကြောင်းလည်း သိရပါတယ်။
၎။ တစ်ဖက်ရပ်အိမ်
တစ်ဖက်ရပ် ခေါင်တပ်သောအိမ်ကို တစ်ဖက်ရပ်အိမ်ဟု ခေါ်ပါတယ်။ တစ်ဖက်ရပ်ခေါင်မှာ အမိုးတစ်ဖက်ရေဆင်း အမိုးမျိုးကို ဆိုလိုပါတယ်။
၅။ ငှက်ကြီးတောင်အိမ်
ဝဲယာနှစ်ဆောင် ဖြာထွက်သော အိမ်မျိုးဖြစ်ပါတယ်။
၆။ စံပယ်ထပ်အိမ်
စံပယ်ထပ်အမိုးပါသော အိမ်မျိုးကို စံပယ်ထပ်အိမ်ဟု ခေါ်ပါတယ်။ စံပယ်ထပ်အမိုးဆိုသည်မှာ မူလအိမ်ခေါင်မိုးပေါ်တွင် ဒိုင်းဆင့်ကာ အမိုးငယ် မိုးထားသော ခေါင်မိုးဖြစ်ါပတယ်။
၇။ အုန်းလေးဘက်အိမ်
အမိုးလေးဘက်ချခေါင် (သို့) အဆောက်အအုံ၏ မျက်နှာလေးဘက်တွင် အုန်းလက်ချထားသော ခေါင်မိုးပါသောအိမ်မျိုးကို အုန်းလေးဘက် အိမ်ဟု ခေါ်ပါတယ်။ အမိုးထိပ် အလယ်ခေါင်မှ စု၍ လေးဘက်ဖြာဆင်းသောကြောင့် စုထိုးခေါင် အိမ်ဟုလည်း ခေါ်ကြပါသေးတယ်။
၈။ လည်ပေါ်အိမ်
လည်ပေါ်ခေါင်ပါသော အိမ်ကို လည်ပေါ်အိမ်ဟု ခေါ်ပါတယ်။ လည်ပေါ်ခေါင် ဆိုသည်မှာ အမိုး၏ အလယ်တွင် လည်ပင်းသဖွယ်မြင့်ပြီး အမိုးတစ်ထပ်ပြန်တင်ထားတဲ့ ခေါင်မျိုးကို ခေါ်ခြင်းဖြစ်ပါတယ်။ ဘုန်းကြီးကျောင်း ၊ တန်ဆောင်း ၊ ဇရပ်များတွင် မြင်တွေ့နိုင်ပါတယ်။
Ref:
မြန်မာ့ယဉ်ကျေးမှုနှင့် အနုပညာဆိုင်ရာ ဗိသုကာကျမ်း - ဦးစု
မြန်မာ့ရိုးရာအိမ် -မောင်ယဉ်လှိုင်း (ပျဉ်းမနား)
မြန်မာအဘိဓာန် - မြန်မာစာအဖွဲ့

No comments: