Saturday, April 30, 2016

ဆန်းကြယ်သောသတ္တဝါဂဠုန်


ဂဠုန်ကို အရှေ့တောင်အာရှဒဏ္ဍာရီအတော်များများမှာတွေ့ရတတ်ပြီးတော့ ဂဠုန်ဆိုတဲ့သတ္တဝါရဲ့ကိုယ်နဲ့ခြေဟာ လူသဏ္ဍာန် ၊ အတောင်နဲ့ ဦးခေါင်း၊ ခြေသည်းလက်သည်း တို့ဟာ လင်းယုန်ငှက်နဲ့အသွင်ပုံစံတူပြီး ဖြူသောမျက်နှာ၊ နီသောအတောင်နှင့် ကိုယ်ခန္ဓာပိုင်းမှာတော့ ကြွေအဆင်းကဲ့သို့ရှိတယ်လို့ဆိုကြပါတယ်။ ဟိန္ဒူကျမ်းများမှာတော့ ဂဠုန်ကို "ဂရုဒ"ဟုခေါ်ဆိုကြပြီး မာဂဓအဘိဓာန်များမှာတော့ ဂဠုန်ကို "လေးသောဝန်ကို ဆောင်ယူတတ်သော သတ္တ၀ါသည် ဂဠုန်မည်၏"လို့ဖွင့်ဆိုထားကြတာကို တွေ့ရပါတယ်။
                    မြန်မာ့စာပေနှင့် ယဉ်ကျေးမှုလောကမှာ ဟိန္ဒူအငွေ့အသက်များစီးဝင်ပြန့်နှံ့ခြင်းနဲ့အတူ ဂဠုန်နဲ့ ပတ်သတ်သောအကြောင်းအရာများက မြန်မာနိုင်ငံသို့ရောက်ရှိလာခဲ့တယ်လို့ ပညာရှင်များကခန့်မှန်းထားကြပါတယ်။ ဂဠုန်ဆိုသောအယူက အဓိကအားဖြင့် ဟိန္ဒူဘာသာမှ ဆင်းသက်လာခဲ့ခြင်းဖြစ်ပြီး ဟိန္ဒူဘာသာမှာတော့ ဂဠုန်ဟာ ပုံမှန်ငှက်တစ်ပါးမဟုတ်ဘဲ ဂဠုန်၏ဖခင်မှာ "ကဿယာပ"လို့ခေါ်တဲ့ ဗြဟ္မာကြီးတစ်ပါးဖြစ်ပြီးတော့ "ကဿယာပ"ဗြဟ္မာကြီးဟာ လူသားတွေကို စတင်ဖောက်ဖွားစေခဲ့သူ "မနု"ရဲ့အဘိုးလည်းဖြစ်တာကြောင့် ဂဠုန်ဟာ လူသားတွေနဲ့ဆွေမျိုးတော်စပ်တယ်လို့လည်းဆိုကြပါတယ်။

                       ဟိန္ဒူဒဏ္ဍာရီမှာတော့ ဗြဟ္မာကြီး "ကဿယာပ"မှာ ဇနီး(၁၃)ယောက်ရှိပြီး ဇနီးများမှဖွေးဖွားလာခဲ့သူတွေထဲမှာ နတ်ဆိုးများ၊ ငှက်များ စတဲ့သတ္တဝါများပါဝင်ကြပြီး အဲ့ဒီမွေးဖွားလာသူတွေထဲမှာ ဂရုဒ (ဂဠုန်) လည်းအပါအဝင်ပဲဖြစ်ပါတယ်။ ဂရုဒရဲ့ မိခင်ကတော့ "ဗီနာတ"ဖြစ်ပြီး ဂရုဒ ဟာ ဥမှတစ်ဆင့် ပေါက်ဖွားလာခဲ့တယ်လို့ ဆိုကြပါတယ်။
( မှတ်ချက် ။  ။ ဗိသျှနပုရာဏ်ကျမ်းတွင် ဂရုဒ၏မိခင်မှာ "ဗီနာတ"မဟုတ်ဘဲ "မိတီ" ဟုဖော်ပြထားသည်ကိုလည်းတွေ့ရသည်)
                     ဂရုဒ ရဲ့မိဘနှစ်ပါးကတော့ ဂရုဒကို မကောင်းမှုပြုလုပ်သူလူသားများအား လွတ်လပ်စွာစားသောက်နိုင်ခွင့်ပေးထားပြီးတော့ ဗြဟ္မဏအနွယ်ဝင်တို့ကိုတော့ လုံးဝအန္တရာယ်ပြုခွင့်မရှိပါဘူး။
                   ဟိန္ဒူကျမ်းများအဆိုအရ ဂရုဒကိုဖွားမြင်စဉ်က ကိုယ်ရောင်ကိုယ်ဝါတောက်ပလွန်းတာကြောင့် နတ်အပေါင်းတို့က အဂ္ဂနိ ခေါ် မီးနတ်လို့ ထင်မှတ်ကာ ကိုးကွယ်ပူဇော်ခဲ့ကြပါသေးတယ်။ ဂဠုန်ရဲ့ အခြားနာမည်များကတော့ ဂရုဒ၊ ကဿသာမီ (ကဿယာပ၏သားတော်)၊ ဗေနာတေယ (ဗီနာတ၏သားတော်)နှင့် သုပဏ္ဏ (အတောင်တို့၏အရှင်သခင်) တို့ပဲဖြစ်ကြပါတယ်။
                    ဂဠုန်တို့ဟာ နဂါးများရဲ့ရန်သူဖြစ်ပြီးတော့ ဂဠုန်နဲံ့နဂါးဘာကြောင့်မတည့်ကြတာလဲဆိုတဲ့ ဒဏ္ဍာရီလေးကလည်း စိတ်ဝင်စားစရာပဲဖြစ်ပါတယ်။
ဂဠုန်နဲ့နဂါးဘာကြောင့်မတည့်ကြသလဲ
                      ကဿယာပ၏ ဇနီး(၁၃)ယောက်တို့မှ ဂရုဒ၏မိခင် "ဗီနာတ"နှင့် နဂါးတို့မွေးသော မိခင်"ကဒ္ဒဓု"တို့ သမုဒ္ဒရာမှ ပေါ်လာသည့် မြင်းတစ်ကောင်၏ အသွေးနှင့်ပတ်သတ်၍ ပြင်းခုံကြရာတွင် "မှားသူကျွန်ခံစတမ်း"လောင်းကစားပြုကြလေရာ ဂရုဒ၏မိခင်ရှုံးနိမ့်သောကြောင့် ကဒ္ဒဓု၏ ကျွန်အဖြစ် နဂါးပြည်သို့ လိုက်ပါသွားခဲ့ရချေသည်။ ဂရုဒသည် မိခင်ကို လွတ်မြောက်ခွင့်ပေးပါရန် အကြိမ်ကြိမ်တောင်းဆိုပြန်သော်လည်း နဂါးများက လွတ်မပေးခဲ့ချေဘဲ "လမင်းကိုဖမ်းယူပေးကာ နဂါးပြည်သို့ပေးအပ်မည်ဆိုမှသာ ဗီနာတကိုလွတ်ပေးမည်"ဟု ဆိုခဲ့သည်။ ထို့ကြောင့် ဂရုဒသည် မိခင်ဖြစ်သူကို နဂါးပြည်မှပြန်လည်လွတ်မြောက်နိုင်ရန်အတွက် လမင်းကိုဖမ်းယူရန် ထွက်သွားရချေတော့သည်။
                       ခရီးမှာ အလွန်ပင်ဝေးကွာလှသောကြောင့် ဖခင်ကို "လမ်းခရီးကြားစားသောက်ဖွယ်ရာများ အဘယ်မှာရနိုင်အံ့နည်း။"ဟုမေးရာ ဖခင် ကဿယာပမှာ လိပ်တစ်ကောင်နှင့်ဆင်တစ်ကောင်တို့သတ်ပုတ်နေရာရေကန်တစ်ခုကို ညွှန်ပြပေးလိုက်သည်။ လိပ်နှင့်ဆင်မှာ သာမန်အရွယ်အစားမျိုးမဟုတ်ဘဲ လိပ်၏ခန္ဓာကိုယ်သည် မိုင်(၈ဝဝ) အလျားရှိကာ ဆင်မှာမူ မိုင်ပေါင်း(၁၆၀)ရှိလေသည်။ ဂရုဒသည် ပျံသန်းရင်းနှင့် ထိုသတ္တဝါနှစ်ကောင်ကိုမြင်သောအခါ အနီးသို့ ချဉ်းကပ်ပျံသန်းကာ လိပ်နှင့်ဆင်ကို ခြေတစ်ဖက်စီ၌ ကုပ်ယူကာပျံသန်းခဲ့လေသည်။ ထို့နောက် ဂရုဒသည် ဆင်နှင့်လိပ်တို့အားစားအံ့ ဟုအကြံဖြစ်ပေါ်ကာ မိုင်(၈ဝဝ)မြင့်သောသစ်ပင်ကြီးတစ်ပင်ထက်တွင်နားကာ စားသောက်ရန်ပြုမည်တွင် သစ်ပင်မှာ အလေးချိန်မခံနိုင်ဘဲ လဲပြိုသွားရချေတော့သည်။
                   ထိုအခိုက် ဗြဟ္မဏအမျိုးသားလူပုလေးများသည် ထိုသစ်ပင်၏ အကိုင်းတစ်ခုပေါ်၌ ပူဇော်ပွဲလုပ်နေကြသည်ကို ဂရုဒတွေ့ပြင်ခဲ့သည်။ သစ်ပင်ပြိုလဲပါက ထိုဗြဟ္မဏတို့သေကျေပျက်စီးရမည်ကို ဂရုဒမြင်လေသောကြောင့် လိပ်နှင့်ဆင်ကို ခြေတွင်ကုပ်ထားရင်း လူပုလေးများရှိသောအကိုင်းကို နှုတ်သီးဖြင့် ကိုက်ချီကာ ပျံသန်းသွားရကာ ကွင်းပြင်အလယ်ရှိ တောင်ကုန်းတစ်ခုသို့ရောက်ကာမှ အောက်သို့ဆင်းသက်ကာ လူပုလေးတို့ကို ညင်သာစွာချထားပေးပြီးနောက် မိမိအစာကိုသာ စားသောက်လေတော့သည်။
                     ဂရုဒသည် နေ့မှည၊ ညမှနေ့ မပင်မပမ်းခရီးနှင်ရင်း လမင်းအားဖမ်းယူကာ အတောင်ကြားထဲတွင်ဝှက်ကာ နဂါးပြည်သို့ဆောင်ကြဉ်းရန် လှည့်ပြန်ခဲ့လေရင်း လမ်းခရီးအကြားတွင် လမင်းထံမှ မအိုမနာမသေစေသော နတ်ရေစင်အချို့သည် မြေပြင်ရှိ ကုသမြက်ဖျာပေါ်သို့ကျလေရာ မြွေနဂါးအပေါင်းတို့စာ် လျက်ယူသောက်သုံးကြလေသည်။ မအိုမနာမသေရေစင်ကို သောက်ရသောမြွေနဂါးတို့သည် အရေခွံလဲကြပြီးလျှင် မအိုမနာမသေဘဲရှိကြသော်လည်း ရေစင်၏လောင်ကျွမ်းမှုကြောင့် လျှာနှစ်ခွဖြစ်ကြရလေသည်ဟု အဆိုရှိကြပြန်ပါသည်။ လမင်းကို ဂရုဒဆောင်ယူသွားသည်ကို သိသည်နှင့်တစ်ပြိုင်နက်ပင် နတ်အပေါင်းတို့ ဂရုဒ၏နောက်ကို ဝိုင်းဝန်းကာတိုက်ခိုက်ကြလေရာ နှစ်ဖက်လုံး အထိနာကြသောကြောင့် အရှုံးအနိုင်မရှိဘဲ နှစ်ဖက်သဘောတူ ငြိမ်းချမ်းမှုကိုအရယူလိုက်ကြကာ အဆုံးသတ်လိုက်ကြလေသည်။
                      လမင်းကို နတ်တို့ ပြန်ရကြပြီးနောက် ဂရုဒကို ဗိဿနိုးနတ်က ကမ္ဘာတည်သရွေ့သေဆုံးခြင်းမရှိစေရဟု ကတိပြုကာ တန်ခိုးအရာတွင် အဆင့်မြှင့်ပေးလိုက်လေသည်။ ဂရုဒသည်လည်း ဗိဿနိုး၏ရင်ဝထိပ်တွင် ဂဠုန်ပုံပါသော တံခွန်ကို လွှင့်ထူထားပေးခဲ့ပါတော့သည်။
                     ဂရုဒမှာလည်း မိမိမိခင်ကို ဖမ်းချုပ်ထားခဲ့သော နဂါးများကို မုန်းတီးမှုမှစတင်ကာ နဂါးနှင့်ဂဠုန်တို့ မတည့်ကြကြောင်း အယူရှိကြလေသည်။
x x x x x
                ဒီင်္ဒဏ္ဍာရီပုံပြင်လေးကိုဖတ်ကြည့်ရင်တော့ ဂဠုန်ရဲ့ အရွယ်အစားဘယ်လောက်ကြီးမားတယ်ဆိုတာကိုသိနိုင်ပြီးတော့ ဂဠုန်ရဲ့အရွယ်အစားဟာ ပုံမှန်အနေအထားဆိုရင် ယူဇနာ (၁၅ဝ)အရွယ်ရှိပြီးတော့ အတောင်ဖြန့်ချိန်၌ ယူဇနာ(၆ဝဝ)မကရှိတယ်လို့ သုတ်မဟာဝါ အဌကထာ မဟာနိဒါနသုတ်နဲ့ သံယုတ်အဌာကထာတို့မှာဖော်ပြထားပါတယ်။        
               ဂဠုန်ကို မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှနိုင်ငံများက ယုံကြည်ကြပြီးတော့ နိုင်ငံအချို့ရဲ့ အလံတွေမှာတောင် ဂဠုန်ရဲ့ပုံကို ထည့်သွင်းထားပြီးတော့ မျက်မှောက်ခေတ်စာအချို့မှာတောင်မှ ဂဠုန်နဲ့ပတ်သတ်တဲ့ ဝေါဟာရတွေ၊ အသုံးအနှုန်းတွေကို တွေ့ရလေ့ရှိပါကြောင်း  သုတရစေဖို့ဖော်ပြလိုက်ရပါတယ်။
#ကာရှိုင်း (ကြယ်စင်ချစ်သူ)
#မှော်ပညာ

No comments: