Wednesday, November 11, 2015

ကျေးဇူးပြုပြီး ရွာက ထွက်သွားကြပါ

ကျေးဇူးပြုပြီး ရွာက ထွက်သွားကြပါ
တခါက ပညာရှိ တစ်ဦးသည် တပည့် လက်သားများနှင့် ခရီးထွက်လာရာ ရွာတစ်ရွာသို့ ရောက်လာသည်။ ထိုရှိ လူများသည် ဒေါသလည်းကြီးသည်။ မနာလို ဝန်တိုစိတ်များသည်။ ထိုကြောင့် နေ့ရော ညပါ ဆူညံစွာ ရန်ဖြစ်နေတတ်သည်ကို ဆရာကြီး အပါအဝင် အဖွဲ့သားများ အားလုံးက သတိပြုမိကြသည်။
ထွက်ခွာရန် အချိန် ရောက်လာသောအခါ ဆရာကြီးက ရွာသားများအား တွေ့ဆုံ၍ ထိုရွာ၏ အေးချမ်း သာယာဖွံ့ ဖြိုးရေး အတွက် ဆုတောင်းပေးပြီး ရွာသူ ရွာသားများ အနေဖြင့် ထိုရွာတွင် သေတပန် သက်တဆုံး နေထိုင်ကြရန် အကြံပြုသည်။

ခရီးဆက်ထွက်ခဲ့ရာ နောက်ရွာတစ်ရွာသို့ ရောက်ရှိသွားကြပြန်သည်။ ယခုရွာရှိ သူများမှာ ယခင်ရွာရှိ လူများနှင့် လုံးဝ ဆန့်ကျင်နေသည်။ တဦးနှင့်တဦး မနာလို ဝန်တိုမှု့ အလွန်နည်းသည်။ အချင်းချင်း ကူညီ ရိုင်းပင်းကြသည်။ အေးချမ်းပြီး ပျော်စရာများဖြင့် ပြည့်နှက်နေ၍ လောက နိဗ္ဗာန်ငယ်လေး သဖွယ် ထင်မှတ်နိုင်ပေသည်။
ဤရွာမှ ထွက်ခွာခါနီးတွင် ဆရာကြီးက ထုံးစံအတိုင်း ရွာသူ ရွာသားများနှင့် တွေ့ဆုံပြီး "ဖြစ်နိုင်ပါက သင်တို့၏ ရွာကို စွန့်ခွာပြီး မိသားစုလိုက်ဖြစ်စေ တဦးချင်းဖြစ်စေ အရပ် လေးမျက်နှာရှိ အခြားရွာ အခြား နေရာများတွင် သွားရောက်ပြီး နေထိုင်ကြပါ။ အိမ်ရာသစ်များ ထူထောင်ကြပါ"ဟု အကြံပြုခဲ့သည်။
ဤသို့ ဆရာကြီး၏ ရွာနှစ်ရွာတွင် ထူးဆန်းစွာ အကြံပြုပုံကို နားမလည်နိုင်သော တပည့်များက ဆရာကြီးအား ရှင်းပြပေးပါရန် တောင်းဆိုကြသည်။
ထိုအခါ ဆရာကြီးက
"တပည့်တို့၊ ပထမရွာက လူများဟာ အခြားဒေသ အခြားနေရာတွေမှာ သွားနေရင် သူတို့ရဲ့ ပုံစံနဲ့ ဆိုရင်သူတို့နဲ့ ထိတွေ့ရတဲ့ သူအားလုံးနဲ့ ပြဿနာ ဖြစ်နိုင်တယ်။ ဒါကြောင့် သူတို့ရွာမှာဘဲ ဘယ်မှ မသွားဘဲ နေထိုင်ဘို့ အကြံပေးခဲ့တာဖြစ်တယ်။ ပိုပြီး အေးချမ်း သာယာ ဖွံ့ဖြိုးအောင်တော့ ဆုတောင်းပေးခဲ့ပါတယ်။
ဒုတိယရွာက လူတွေကျတော့ သူတို့ တစ်ဦးချင်းစီရဲ့စိတ်ထားနဲ့ အပြုအမူတွေ ကောင်းမွန်တဲ့ အတွက် ဘယ်နေရာ သွားသွား အဆင်ပြေ အောင်မြင်နိုင်တယ်။ သူတို့နဲ့ ထိတွေ့လာမဲ့သူတွေမှာလည်း ဝန်ထုပ်ဝန်ပိုး ဖြစ်ဖို့ မရှိတဲ့အပြင် သူတို့ရဲ့ကောင်းတဲ့ အရာတွေ အခြားလူတွေဆီ ရောက်သွားနိုင်တယ်။ ဒါကြောင့် ရွာကို စွန့်ပြီး တခြားမှာ သွားနေကြဖို့ တိုက်တွန်းခဲ့ရတာပါ" ဟု ပြောပြလိုက်ရာ အမြော်အမြင် ရှိသော ဆရာ ဖြစ်သူ၏ သဘောထားကို သိသွားကြလေတော့သည်။

No comments: