Tuesday, April 5, 2016

လူတွေ့စစ်ဆေးခြင်း



လူတွေ့စစ်ဆေးခြင်းကို အောင်မြင်စေမည့် အကောင်းဆုံး အကြံပြုချက် (၁၀)ချက်
လူတွေ့စစ်ဆေးခြင်း (အင်တာဗျူး) ဟာ အလုပ်ရှာနေသူများအတွက် အခက်ခဲဆုံးအဆင့်တစ်ခုထဲမှာပါ ပါတယ်။ အင်တာဗျူးကိုကောင်းမွန်စွာဖြေဆိုနိုင်မှသာ ပြိုင်ဖက်တွေနဲ့နှိုင်းယှဉ်ရင် သင်သည်လျှောက်ထားတဲ့အလုပ်နဲ့ အလိုက်ဖက်ဆုံးသူဖြစ်တယ်ဆိုတာကို သက်သေပြနိုင်မှာဖြစ်ပါတယ်။  စိတ်ဖိစီးမှု ကင်းရှင်းစွာနဲ့ အင်တာဗျူးတစ်ခုကို မှန်မှန်ကန်ကန် အောင်အောင်မြင်မြင် ဖြေဆိုနိုင်ဖို့ သင်သိဖို့ လိုအပ်တဲ့ အချက်တွေကို ယခုဆောင်းပါးမှာ ဖော်ပြလိုက်ပါတယ်။
၁။ ပထမဦးဆုံး၊ လူတွေ့စစ်ဆေးခြင်းတွင် ပါအောင်လုပ်ပါ။
လူတွေ့စစ်ဆေးမှုကို အောင်မြင်အောင် မလုပ်ခင် ၊ လူတွေ့စစ်ဆေးခံရမည့် စာရင်းထဲမှာ တကယ်ပါဝင်ရအောင် လုပ်ပါ။ ပြောချင်တာကတော့ အလွန်ထူးကဲတဲ့ ကိုယ်ရေးမှတ်တမ်းအကျဉ်းကို ပြုစုပြီး သက်ဆိုင်ရာနေရာသို့ ရောက်အောင် သေသေချာချာ ဆောင်ရွက်ပါ။

ကိုယ်ရေးမှတ်တမ်းထဲမှာ အလုပ်ရရှိစေမဲ့ အခွင့်အလမ်းကို ဆုံးရှုံးစေနိုင်တဲ့အချက်အလက်များကို မဖေါ်ပြပါနဲ့။ (ဥပမာ - အလုပ်လက်မဲ့ဖြစ်ခဲ့တဲ့သမိုင်းကြောင်း အရှည်ကြီး)
ရေးပြီးတာနဲ့တစ်ပြိုင်နက် တခြားသော လျှောက်လွှာတွေနဲ့အတူတူ အလောတကြီးမတင်လိုက်ပါနဲ့။ ဖြစ်နိုင်ရင် မိမိရဲ့အဆက်အသွယ်တွေနဲ့ စဉ်းစားဉာဏ်လေးကို အသုံးပြုပြီး ယုံကြည်စိတ်ချရတဲ့ လက်ထဲကို ပေးပါ။ အကယ်၍ လူတွေ့စစ်ဆေးခြင်းကို ဖြေခွင့်မရခဲ့လျှင် ဘာ့ကြောင့်လဲဆိုတာကို သိရအောင် စုံစမ်းပြီး နောက်တစ်ကြိမ်မှာ ဖြေဆိုခွင့်ရဖို့ အဲဒီအချက်ကို အသုံးချပါ။
၂။ ကြိုတင်ပြင်ဆင်ပါ။
ဒီလိုဆိုရင် အင်တာဗျူးဖြေခွင့်တော့ ရသွားပါပြီ။ ဒါပေမဲ့ အဲဒီအဆောက်အဦးထဲကိုဝင်မသွားခင် လုပ်စရာတွေအများကြီး ရှိပါသေးတယ်။ အင်တာဗျူးမှာ လူတွေမအောင်မြင်ရတဲ့ အဓိကအကြောင်းရင်းကတော့ ကြိုတင်ပြင်ဆင်မှု မရှိလို့ပါပဲ လို့ စာရေးဆရာ အယ်လင်စကော်ကင် ကပြောပါတယ်။ ဒါကြောင့် ကုမ္ပဏီအကြောင်း တတ်နိုင်သလောက် စုံစမ်းကြည့်ပါ။ အလုပ်အကြောင်း သုတေသနလုပ်ပါ။ ပြီးတော့ တခြားဖြေဆိုသူတွေအားလုံးထက် ကိုယ်ကထူးချွန်ပြီး ပေါ်လွင်ထင်ရှားစေမဲ့ နည်းလမ်းကောင်းကို စီစဉ်ပါ။
၃။ First impression ကောင်းပါစေ။
သင်အခန်းထဲကို ၀င်လိုက်တာနဲ့ တစ်ပြိုင်နက် အင်တာဗျူးစပြီဆိုတာကို သိထားပြီး အဆင်သင့်ဖြစ်နေပါစေ။ အခန်းထဲကို လမ်းလျှောက်ဝင်ပုံဝင်နည်းကို လေ့ကျင့်ဖို့ လိုရင်တော့လေ့ကျင့်ပါ။ ဒါပေမဲ့ တခြားအရာတွေအားလုံးထက် ပိုအရေးကြီးတာကတော့ သင်နဲ့ပတ်သက်တဲ့တစ်ဖက် လူရဲ့ပထမဦးဆုံး ထင်မြင်ခံစားချက်က ဘယ်လိုအကျိုးရှိနိုင်သလဲဆိုတာကို သိအောင်လုပ်ပြီး အဲဒီ ထင်မြင်ချက်အကောင်းဆုံးဖြစ်အောင် တတ်နိုင်သမျှလုပ်ဆောင်ပါ။
အချိန်မှန်ပါစေ၊ သပ်သပ်ရပ်ရပ်နဲ့ ကောင်းကောင်းမွန်မွန် ဖြီးလိမ်း ၀တ်စားသွားပါ။ ကိုယ်လက်အမူအရာ မျက်နှာရိပ်မျက်နှာကဲ သတိထားပါ။ နည်းနည်းလေး ဂရုစိုက်လိုက်တာနဲ့ သင့်အတွက် first impression မှာ အများကြီး အကျိုးဖြစ်ထွန်းသွားမှာပါ။ သင် အဲဒီမှာ အလုပ်တကယ်လိုချင်တယ် မလိုချင်ဘူးဆိုတာ ဒါတွေကိုလေ့လာပြီး စစ်ဆေးသူများက သိမှာဖြစ်ပါတယ်။
၎။ ခက်ခဲတဲ့မေးခွန်းတွေကို ရင်ဆိုင်ဖြေရှင်းပါ။
အခန်းထဲကိုရောက်သွားပြီးဆိုတာနဲ့ ခက်ခဲတဲ့အပိုင်းကို ရောက်ပါပြီ။ ဒါကတော့ အင်တာဗျူးမေးခွန်းတွေကို ဖြေဆိုခြင်းပဲ ဖြစ်ပါတယ်။ သင်ဖြေဆိုရမယ့်မေးခွန်းတွေကို အပြန်ပြန်အလှန်လှန် သိထားပါ။ ဒါ့အပြင် တကယ့်ခက်ခဲတဲ့မေးခွန်းတွေကို ဖြေနိုင်ဖို့အတွက် အပိုသုတေသနလုပ်ထားပါ။
ခက်ခဲတဲ့မေးခွန်းတွေအတွက် ဥပမာတွေကတော့ "သင့်ရဲ့အကြီးမားဆုံး အားနည်းချက်က ဘာလဲ?" ၊ " အလုပ်ဖြုတ်ခံရဘူးလား?" ၊ " လုပ်ဖော်ကိုင်ဖက်တစ်ယောက်ယောက်နဲ့ ရင်ဆိုင်ခဲ့ရတဲ့ စိန်ခေါ်မှုတစ်ခုအကြောင်း ပြောပြပါ။" ဒီမေးခွန်းတွေမဟုတ်ရင်တောင်မှ အမြဲပဲ ၀ိုးတ၀ါးနိုင်လှတဲ့ " သင့်အကြောင်းပြောပြပါ" ဆိုတဲ့ အမေးမျိုးမေးနိုင်ပါတယ်။
သင့် အဖြေအများစုဟာ သတ်မှတ်ထားတဲ့ပုံစံတစ်ခုခုကို လိုက်နာရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ အရေးကြီးဆုံးကတော့ သူတို့ဘာကြောင့် ဒီမေးခွန်းတွေကို မေးနေတာလဲဆိုတာ သိအောင်လုပ်ပြီး သင့် အဖြေတွေကို သူတို့ရဲ့ အဓိကသိချင်တဲ့အကြောင်းရင်းတွေ့နဲ့ အံဝင်ဂွင်ကျဖြစ်အောင် ဖြေဆိုပါ။ သင်မဖြေချင်တဲ့ မေးခွန်းတွေကို ရှောင်ရှားသွားရမှာကိုလည်း စိုးရိမ်မနေပါနဲ့။
၅။ သင်ကိုယ်တိုင်လည်း မေးခွန်းအနည်းငယ် မေးပါ။
သင့်ကို လူတွေ့စစ်ဆေးနေတဲ့သူကပဲ မေးခွန်းမေးတဲ့သူ မဖြစ်ပါစေနဲ့။ ဒီအခွင့်အရေးမှာ သင့်အပေါ် ပထမဆုံး ထင်မြင်ချက်ကောင်းအောင် လုပ်ဖို့သာမကပဲ သင်လျှောက်ထားတဲ့အလုပ်နဲ့ ပတ်သက်တဲ့အကြောင်းကို သိအောင်ပါလုပ်ပါ။ သင့်အပေါ် အမြင် ကောင်းမဲ့ မေးခွန်းအနည်းငယ်အပြင် ဒီအလုပ်ဟာ သင့်အတွက် သင့်တော်မတော်ဆိုတာကိုလည်း ဖေါ်ပြနိုင်မဲ့ မေးခွန်းမျိုးကိုလည်း မေးပါ။ သင့်တော်တဲ့မေးခွန်းတွေ ပြင်ဆင်ထားခြင်းဖြင့် သင့်အနေနဲ့ ပြိုင်ပွဲမှာ ခြေတစ်လှမ်းသာနေမှာ ဖြစ်ပါတယ်။
၆။ သင့်ရဲ့ကောင်းသော အရည်အချင်းတွေကို အလေးထားဖေါ်ပြပါ။
သင့်အနေနဲ့ ကိုယ့်ကိုယ်ကို နှိမ့်ချမှုရှိသင့်တယ်လို့ ထင်ပေမဲ့ မလုပ်ပါနဲ့။ အင်တာဗျူးတွေမှာကတော့ "အရှက်မရှိ ကိုယ့်ကိုယ်ကိုအကောင်းပြောပြီ ဂုဏ်ဖော်" ခြင်းသည် ကောင်းတဲ့အချက်ဖြစ်ပါတယ်။ ၎င်းအချက်သည် သင့်ရဲ့ကောင်းတဲ့အရည်အချင်းတွေကို စင်တင်ပေးနိုင်မဲ့ တစ်ခုတည်းသော အရာဖြစ်ပါတယ်။ သင့်မှာ အမွှမ်းတင်ဖေါ်ပြနိုင်မဲ့ အတွေ့အကြုံမရှိလျှင်လည်း ကိစ္စမရှိပါ။ တကယ်တော့ အတွေ့အကြုံထက် အရည်အသွေးက ပိုတန်ဖိုးရှိတယ်ဆိုတာကို မမေ့ပါနဲ့။ သင်သည် ဘာ့ကြောင့် အလားအလာရှိသော အလုပ်သမား တစ်ယောက်ဖြစ်ကြောင်းပြနိုင်ရင် အဆင်ပြေပြီပေါ့။
၇။ ပုံမှန် ဖြစ်နေကြ အခက်အခဲများကို ရှောင်ပါ။
ဘာလုပ်ရမယ်တော့သိသွားပြီး ဘာတွေကို ရှောင်ရမလဲဆိုတာကို သိထားဖို့ကလည်း အရေးကြီးပါတယ်။ ကိုယ်လက်ဟန်အမူရာ မျက်နှာရိပ်မျက်နှာကဲ လွဲချော်ရုံလေးနဲ့တင် သင့်ရဲ့ အခွင့်အလမ်းကို ဖျက်စီးနိုင်ပါတယ်။ ဘာကို ရှောင်ရမယ် ဆိုတာကို မသိလိုက်ရတဲ့အတွက် ကိုယ့်ကိုယ်ကို မထိခိုက်ပါစေနဲ့။ ရှောင်ရမဲ့အကြောင်းအရာတွေကို သုတေသနလုပ်ပါ။ ဒါ့အပြင် လွန်ကဲတဲ့ ဖွင့်ဟပြောဆိုမှုတွေ မပြုပါနဲ့ ။ အထူးသဖြင့် သင့် ကိုယ်ရေးကိုယ်တာကိစ္စတွေနဲ့ ပတ်သက်လို့ပေါ့။ သင့်အနေနဲ့ ထူးထူးခြားခြားအမှားတစ်ခုမလုပ်ခဲ့ရင်တော့ ရှေ့ဆက်သွားဖို့ အဆင်သင့်ဖြစ်နေပါပြီ။
၈။ မှားယွင်းသွားသောအခါ အိနြေ္ဒပြန်ဆည်ပါ။
သင့်တော်တဲ့ ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်ခဲ့တယ်ဆိုရင်တော့ သင့်အင်တာဗျူးဟာ ချောချောမွေ့မွေ့ဖြစ်သွားဖို့ မျှော်လင့်ရပါတယ်။ ဒါပေမဲ့လည်း မေးခွန်းတစ်ခုခုကို ဆိုးဆိုးဝါးဝါးဖြေမိရင် (သို့) အတားအဆီး တစ်ခုခုနဲ့ ရင်ဆိုင်ရရင် ဒီအခက်အခဲကို ကျော်လွှားပြီး အခြေအနေပြန်ကောင်းအောင် ဘယ်လို လုပ်ရမလဲ ဆိုတာကို သိထားပါ။ အင်တာဗျူးတစ်ခုလုံးကို မအောင်မြင်ဘူးလို့ သင်ယူဆရင် ကိုယ်ကြုံတွေ့ခဲ့ရတဲ့ ပြဿနာ တွေအကြောင်း ပြောပြပြီး ဒုတိယအင်တာဗျူးကို တောင်းဆို နိုင်ပါတယ်။
၉။ အင်တာဗျူးပြီးရင် နောက်ပိုင်းမှာအကျိုးအကြောင်းဆက်သွယ်မေးမြန်းပါ။
သင့်အင်တာဗျူးဟာ အလုပ်ခေါ်သူတွေနဲ့သင့်ကြားက နောက်ဆုံးဆက်သွယ်မှုမဖြစ်ပါစေနဲ့။ နောက်ပိုင်းမှာ သူတို့နဲ့ ဆက်သွယ်ပြီး ဆက်လက်လှုပ်ရှားနေမယ်ဆိုရင် သူတို့အနေနဲ့ သင့်ကို မှတ်မိနေအောင် အကူအညီပေးသလိုဖြစ်ပါလိမ့်မယ်။ ဒါ့အပြင် သင့်ရဲ့ ကိုယ်ရေးအကျဉ်းဟာလည်း အမေ့ခံထားတဲ့ အပုံထဲမရောက် သွားအောင် ဂရုစိုက်ပါ။ အင်တာဗျူးပြီးတဲ့အခါမှာ အချိန်အနည်းငယ်စောင့်ပြီး ကျေးဇူးတင်ကြောင်း စာတိုလေးပို့လိုက်ပါ။ ပြန်ပြီး မဆက်သွယ်လာရင် e-mail အတိုလေးပို့ပြီး ထပ်စုံစမ်းပါ။ လက်ရှိအချိန်အထိ သူတို့နဲ့ ဘယ်လိုဆက်သွယ်ပြီးပြီလဲဆိုတာကို သေသေချာချာ စဉ်းစားပါ။ ဆက်သွယ်နည်းအမျိုးမျိုးကို အသုံးပြုတာက ပိုအကျိုးရှိကောင်းရှိနိုင်ပါတယ်။ နောက်ဆက်တွဲအင်တာဗျူးရှိရင်လည်း ၄င်းကို သေသေချာချာလုပ်နိုင်ရပါမယ်။
၁၀။ အရွေးမခံရခဲ့သော် အကြောင်းရင်းကို စုံစမ်းပါ။
စိတ်မကောင်းစရာတစ်ခုကတော့ သင့်အနေဲ့ အကောင်းဆုံးလုပ်ဆောင်ခဲ့တာတောင်မှ အင်တာဗျူးတိုင်းမှာ အောင်မြင်မှုမရနိုင်ခြင်းဖြစ်ပါတယ်။ အကယ်၍ သင် အရွေးမခံရပါက အကြောင်းရင်းကို စုံစမ်းပြီး ရရှိလာတဲ့ အဲဒီအသိကို နောင်လာမဲ့ အင်တာဗျူးတွေအတွက် အသုံးချခြင်းသည် သင်လုပ်နိုင်တဲ့ အကောင်းဆုံး လုပ်ရပ်ဖြစ်ပါတယ်။ ဖြေခဲ့တဲ့ အင်တာဗျူးကို ပြန်လည်သုံးသပ်ကြည့်ပါ။ ဘာကို ဘယ်လိုပိုကောင်းအောင် လုပ်နိုင်ခဲ့မလဲဆိုတာကို စဉ်းစားကြည့်ပါ။ အရည်အသွေးလွန်ကဲမှုဆိုတဲ့ ထောင်ခြောက်ကို ရှောင်ရမှာလား ဒါမှမဟုတ် ပိုကောင်းတဲ့ သဒ္ဒါအသုံးအနှုန်းကို သုံးရမှာလားဆိုတာကို ဆန်းစစ်ကြည့်ပါ။ သင် အရွေးမခံရတဲ့အကြောင်းရင်းတွေ အများကြီးရှိနိုင်ပါတယ်။ သင့်အနေနဲ့ လုပ်နိုင်တာကတော့ ဒီအင်တာဗျူးဖြေတာကို နောက်အင်တာဗျူးအတွက် လေ့ကျင့်နေတာလို့ လက်ခံထားခြင်းဖြစ်ပါတယ်။
Lifehacker.com မှ Whitson Gordon ၏ Top 10 Tips for Acing Your Next Job Interview ကို  ကိုးကားထားတာဖြစ်ပါတယ်
Ref:Myanmar Network

No comments: