ကဆုန်သည် မြန်မာပြက္ခဒိန်၏ဒုတိယလ ဖြစ်သည်။ ကဆုန်လတွင် ၃၀ ရက်ရှိသည်။ ရက်စုံသောလ ဖြစ်သည်။
ဒုတိယလဖြစ်သည့် ကဆုန် (ကုဆန်) လသည် ခရစ်ပြက္ခဒိန်တွင် ဧပြီလ-မေလ အတွင်းဖြစ်သည်။ 'ကု' သည် 'ရေ' ဟုအဓိပ္ပာယ်ရပြီး 'ဆုန်' မှာ 'သွန်းလောင်းခြင်း' အဓိပ္ပာယ် ရှိသည့်အတွက်ကြောင့် အလွန်ပူပြင်းသည့်နွေရာသီ၏ အပူဒဏ်ကြောင့် သစ်ပင်ကြီးငယ်တို့ကို ရေလောင်းပေးရသည်ဟု ယူဆပါသည်။
ကျင်းပသောပွဲတော်
ကဆုန်လတွင် ထင်ရှားသော ပွဲတော်မှာ ညောင်ရေသွင်းပွဲ ဖြစ်သည်။
မှတ်သားဖွယ်ကြီး ၁၆-ချက်
ကဆုန်လနှင့်စပ်၍မှတ်သားဖွယ်အချက်များကား ၁၆-ချက်မျှအကျဉ်းတွေ့ရ၏။
အလောင်းတော် သုမေဓါသည် ဒီပင်္ကရာမြတ်စွာဘုရားထံ နိယတဗျာဒိတ်ခံယူသောလ။
အလောင်းတော် သိဒ္ဓတ္ထမင်းသား ဖွားမြင်တော်မူသောလ။
တောထွက်တော်မူသော လ။ (နာနာဆန္ဒပျို့)
သစ္စာလေးပါးနှင့်တကွ ဘုရားအဖြစ်ကို ရယူသော လ။
ပရိနိဗ္ဗာန် စံဝင်တော်မူသော လ။
ဗောဓိပင်မြတ်ကို ညောင်ရေဓါတ်သွန်းလောင်းသော လ။
စံကားပန်းပွင့်သော လ။
ဝိသာခါနက္ခတ်နှင့် စန်းယှဉ်၍ ပြည့်သော လ။
တံငါတာရာ ထွန်းသော လ။ သက္ကဋ နက္ခတ္တဒီပနီအလို ဆင်တာရာထွန်းသော လ။
နေ့နာရီ ၃၂၊ ညနာရီ ၂၈-ရှိ၍ ညတာတိုသော လ။
ရက်စုံသတ်သော လ။
နဂါးဦးခေါင်း အနောက် မြောက်မှာ ဝမ်းပြင် တောင်ခွင်ကျောသား မြီးကားအရှေ့သို့ ထားသော လ။
စနေ ကြာသပတေး ရက်ရာဇာ၊ ဗုဒ္ဓဟူး သောကြာ ပြဿဒါးဖြစ်သော လ။
နှစ်ဖဝါးဖြင့် မွန်းတည့်သော လ။
ပြိဿရာသီ မည်သော လ။
ဖွားဘက်တော် ၇-ပါး မွေးဖွားဖြစ်ပေါ်သော လ။
No comments:
Post a Comment