Monday, December 14, 2015

ပါးရဲ

ပါးရဲထိုးခြင်းသည် မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသား များထဲမှ အထူးခြားဆုံးသော ချင်း တိုင်းရင်းသား များ၏ မိရိုးဖလာ အစဉ်အလာ တစ်ရပ် ဖြစ်ပါသည်။ အမျိုးသမီးများ၏ မျက်နှာ တွင်သာ ဆေးမင်ကြောင်ခေါ်၊ ပါးရဲခေါ် ပါးမဲ ထိုးခံ ရခြင်း ဖြစ်ပါသည်။ ဘုရင်များ၊ မိဖုရား တင်မြှောက် တော်ကောက်ခြင်းကြောင့်ဆိုသော အချက် အလက် များကလည်း သမိုင်းတွင် အတိအလင်းမရှိပါ။
မျက်နှာပေါ်တွင် ဆေးမင်ကြောင်ထိုးခြင်းက အာရှ တိုက်၊ အာဖရိက၊ လက်တင်အမေရိက ကမ္ဘာ့နိုင်ငံ အတော်များများတွင် ရှိသော်လည်း အမျိုးသမီး များ၏ မျက်နှာများတွင်သာ သီးသန့်ရွေးချယ်ပြီး ဆေးမင်ကြောင်ထိုးသော အလေ့အထသည် အလွန်ရှားပါးပါသည်။

ပါးရဲထိုးသော ဒေသများကမူ ပါးမည်းထိုးသည်။ ပါးထိုးသည်ဟု ခေါ်ဆိုကြသည်။
မြန်မာများက ထိုးကွင်းရှိမှ ယောက်ျားပီသသည်ဟု ယုံကြည် ကြသည့် နည်းတူ ချင်း အမျိုးသမီး များ ကလည်း ပါးရဲရှိမှ မိန်းမပီသသည်ဟု သဘော ထား ကြသည်။
ချင်းပြည်နယ် အချို့ဒေသများတွင် မျက်နှာတပြင်လုံး အပြည့်မဟုတ်သော "ပါးကြောင်" နှင့် "ပါးကျား" များ လည်း ရှိသည်ဟု သိရသည်။
ချင်းတိုင်းရင်းသားများသည် ဘာသာစကား အလွန် ကွဲပြားလွန်း၍ အိမ်ထောင်ပြုရန် ဇနီး၊ မယား ရွေးချယ် ရန် အတွက် သတ်မှတ်ခြင်းလား၊ မျိုးနွယ်စု လိုက်ပြီး ဆေးမင်ကြောင်ပုံစံများ ပြောင်းလဲနေ တတ်သည်။
မျိုးနွယ်စုတစ်မျိုးတည်းကတော့ ပုံစံချင်းက တစ်ရွာ လုံး အတူတူပင်ဖြစ်သည်။ တစ်ချိန်က လမ်းပန်း ဆက်သွယ်ရေး ခက်ခဲ၍ လူသူ အရောက် အပေါက် နည်းသော တောတောင်များတွင် တောင်ယာ လုပ်ကိုင်ခြင်း၊ ထင်းခုတ်၊ ရေခပ်ခြင်းများဖြင့် အသက်မွေးဝမ်းကြောင်း ပြုစဉ်ကာလမျိုး၌ ဤကဲ့သို့ မျက်နှာတွင် မိမိလူမျိုးစုအမှတ်အသားကို လူမှန်း သိတတ်စ အမျိုးသမီးငယ်လေးများ၏ မျက်နှာပေါ် ရေးထိုးခြင်းလည်း ဖြစ်ကောင်းဖြစ်နိုင်မည်။
ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်၊ မတူပီဒေသ၌ ပါးရဲထိုးပုံမှာ `ငလှိုရွက်´ကို ချေ၍ မီးခိုးမှိုင်းနှင့် ဖျော် ပြီး လူ၏အရေခွံပေါ်တွင် ကြိမ်ဆူးဖြစ်စေ၊ အဖျား မကျိုးနိုင် သော ဆူးတစ်မျိုးမျိုးဖြင့် အသား ပေါက်အောင် ထိုးခြင်း ဖြစ်သည်။
သို့ရာတွင် မကွေးတိုင်း၊ စေတုတ္တရာ(မြေပြန့်) ချင်းအမျိုးသမီးများ ပါးရဲထိုးပုံမှာမူ စုတ်ဖြင့် ထိုးခြင်း ဖြစ်သည်။
စေတုတ္တရာမြို့နယ်အတွင်း၌ မရင်းချင်း၊ လုံးပေါချင်း၊ ချင်းပုံချင်း၊ တောင်သူချင်း၊ မင်းကျချင်းတို့ မှီတင်း နေထိုင်ကြရာ ယနေ့အချိန်တွင် အသက် ၄၅-နှစ် အထက် အမျိုးသမီးကြီး တစ်ထောင်ကျော်မျှသာ ပါးရဲ ရှိပေ တော့သည်။
ပါးရဲထိုးသောရာသီမှာ အေးမြသော ဆောင်းရာသီ လေးလ ဖြစ်၏။ သွေးထွက်နည်း၍ သွေးတိတ် မြန်သော ရာသီဥတု ဖြစ်သည်။
ပါးရဲထိုးခံမည့် သူသည် မိန်းကလေးများ ဖြစ်သော ကြောင့် အရှက်လုံစေရန် စောင်ခြုံထားရသည်။
ဘေးတွင် ကိုင်ပေး ထိန်းပေးမည့်သူများ၊အားပေး မည့်သူများအဖြစ် ဆွေမျိုးသားချင်းများ ရှိကြသည်။
ပါးရဲ ထိုးပေးမည့်သူတွင် စုတ်သုံးချောင်း၊မင်ခွက်နှင့် လက်ထောက်တပည့်တစ်ယောက်ပါ၏။
၁၅ ခွစုတ်နှင့် ရှစ်ခွစုတ်မှာ မျက်နှာထိုးရန်ဖြစ်၍ သုံးခွစုတ်မှာ မေးစေ့ထိုးရန်ဖြစ်သည်။
မင်ခွက်မှာ ပိတောက်နှစ်ကို ပွတ်ခံထားသော လက်မ သာသာ အရွယ်ရှိသည့် ခွက်ဖြစ်သည်။
လက်ထောက်တပည့်မှာ အရေခွံတင်းစေရန် ကူညီ ပေးရသော ပါးဖြဲသူဖြစ်သည်။
ပါးရဲ စတင်ထိုးသည့်နေရာမှာ နှဖူးဖြစ်သည်။ နှဖူး တွင် စတင်ထိုးသည်ကို လက်စွပ် ကွင်းသည် ဟု ခေါ်ကြသည်။ ပါးပြင်ကို ထိုးရာတွင် ရာဇမတ်ကွက် ထိုးပေသည်။
ပါးရဲထိုးသောဆရာအတွက် အခက်ခဲဆုံးနေရာမှာ အပေါ်နှုတ်ခမ်း၊အောက်နှုတ်ခမ်း မျက်ခွံနှင့် မျက်ခမ်းတို့ဖြစ်သည်။ ပါးရဲတစ်မျက်နှာ ပြီးစေရန် ၅နာရီမျှကြာမြင့်သည်။
ပါးရဲထိုးပြီးချိန်တွင် မျက်နှာတစ်ခုလုံးသွေးဖြင့် ရွှဲနေ သည်။ သွေးကို အဝတ်ဖြင့် သုတ်ပေးပြီးနောက် မျက်နှာ တစ်ခုလုံး မင်ဖြင့်ပျံ့နှံ့အောင်လူးပေးရသည်။
ရောင်ကိုင်းနေသောမျက်နှာ ကိုလည်း မယ်ဇလီ ရွက်ပြုတ်ရည် စွတ်ထားသောအဝတ်ဖြင့် ဖိ၍ဖိ၍ ပေးရ၏။ မို့ပိတ်နေသော မျက်လုံးကိုပါ ရေအေးအေး ကလေးနှင့် ပက်ကာ ပွင့်အောင်ဖွင့်ပေးရသည်။
ခုနစ်ရက်ခန့် ခြင်ထောင်အောင်းကာ ညှော်ရှောင်ကာ မယ်ဇလီရွက်ပြုတ်ရေဖြင့်၊မျက်နှာသစ်ခြင်း၊ရေအေးအေး ဖြင့် မျက်နှာကို ပက်ခြင်းဖြင့် ကုသ ကြ လေသည်။
ပါးရဲမထိုးသော အမျိုးသမီးများသည် ပွဲလည် မတင့်၊ မျက်နှာဖြူကြီးနှင့် "ဗန္ဓတ်"ဟုသဘောထားကြသည်။
လှသည်ဟုမမြင် ရိုင်းသည်ဟု ထင်ခဲ့ကြသည်။
ထို့ကြောင့် နတ် "ပွယ်"သည့်အခမ်းနားများသို့ ဝင်ခွင့် မပြုကြချေ။
Ref: ကျွန်တော်ခရီးသွားနေသောအခါ (လွင်မိုး) နှင့် မြန်မာ့ ထိုးကွင်း မင်ကြောင်ဓလေ့ (ဆင်ဖြူကျွန်း အောင်သိန်း) စသည့် စာအုပ်တို့မှ ကောက်နှုတ် ဖော်ပြပါသည်။
Posted By- မှတ်စုကြမ်း

No comments: