Thursday, January 28, 2016

ဆန်းဆန်းပြားပြားအရက်များ


အရက်ကြိုက်တဲ့ သူတွေ အတွက် ကမ္ဘာအရပ်ရပ်က အရက်ဆန်းဆန်း တွေ နဲ့ မိတ်ဆက်ပေးပါမယ်။
၁။ ချီရှား (Chicha)
ရှေးဟောင်း အကျဆုံး အရက်တွေ ထဲက အရက်တစ်မျိုး ဖြစ်ပါတယ်။ ပြောင်းကို အချဉ်ဖောက်ပြီး ထုတ်လုပ်တဲ့ အရက် ဖြစ်ပြီး တောင်အမေရိကနိုင်ငံ တွေ မှာ သောက်သုံးလေ့ရှိပါတယ်။ အင်ကာ လူမျိုးတွေ တည်ရှိတဲ့ နှစ်ထောင်ပေါင်းများစွာ ကြာကတည်းက ရှိခဲ့တာ ဖြစ်ပြီး အခုအချိန်မှာတော့ လူသိနည်းသွားပါပြီ။ ပီရူး၊ ဘိုလီးဗီးယား၊ ကိုလံဘီယာ၊ အက်ကွေဒေါ နဲ့ ကော့စတာ ရီကာ နိုင်ငံတွေ က ရွာလေးတွေ မှာ တော့ ဒီအရက် ကို သောက်သုံးကြဆဲပါ။

၂။ ကူးမစ်(စ်) (Kumis)
အာရှအလယ်ပိုင်းဒေသ က လူမျိုးတွေ အထူးသဖြင့် မွန်ဂိုဒေသ က မွန်ဂိုလူမျိုးတွေ အကြား လူသိများတဲ့ အရက်ဖြစ်ပါတယ်။ ချီရှားလိုပဲ ရှေးကျတဲ့ အရက် ဖြစ်ပြီး မြင်းနို့ ကနေ နာရီပေါင်းများစွာ၊ ရက်ပေါင်းများစွာ ကြာအောင် အချဉ် ဖောက်ထားတာ ဖြစ်ပါတယ်။ အယ်ကိုဟော ပါဝင် နှုန်းနည်းတဲ့ အတွက် အရက်ပြင်း အမျိုးအစား တော့ မဟုတ်ပါဘူး။ အခုခေတ်မှာ မြင်းနို့ဟာ ရှားပါးတဲ့ အတွက် နွားနို့ ဒါမှ မဟုတ် ကျွဲနို့ကိုပဲ အသုံးပြုကြပါတယ်။
၃။ တောက်တဲ့ ဝိုင် (Lizard Wine)
တရုတ်နိုင်ငံရဲ့ အထင်ကရ ဝိုင်ဖြစ်ပါတယ်။ ဂျင်ဆင်းအမြစ်နဲ့ တောက်တဲ့ တွေကို ရွှံ့အိုးထဲမှာ ထည့်ပြီး အချဉ်ဖောက်ထားတဲ့ ဆန်အရက်ထဲ ထည့်စိမ်ထားတဲ့ ဝိုင်ဖြစ်ပါတယ်။ ၁၂ လလောက်ကြာမြင့်ပြီးတဲ့ အချိန်မှာတော့ အစိမ်းရောင်သန်းနေတဲ့ တောက်တဲ့ ဝိုင်ကိုရရှိပါပြီ။ ဘရန်ဒီနဲ့ အရသာ ဆင်တူပြီး မျက်လုံးအမြင်ကြည်လင် စေတဲ့ အစွမ်းရှိတယ် လို့ဆိုပါတယ်။
၎။ ကြွက်ပေါက် ဝိုင် ( Baby Mouse Wine)
ကြွက်ပေါက်စ လေးတွေ ကို ဆန်အရက်ထဲမှာ စိမ်ထားတဲ့ ဝိုင်ဖြစ်ပြီး ကိုရီးယား နဲ့ တရုတ် နိုင်ငံတွေမှာ နာမည်ကြီးပါတယ်။ အအေးမိတာကနေ အစ အသည်းရောဂါ အဆုံး ရောဂါ အတော်များများကို ပျောက်ကင်းစေတဲ့ အစွမ်းရှိတယ် လို့ဆိုပါတယ်။
၅။ မြွေအရက် ( Snake Liquor)
မြွေအရက်ကိုတော့ ကြားဖူးကြမှာပါ။ အရှေ့တောင်အာရှ နိုင်ငံအတော်များများမှာ တွေ့ရှိနိုင်တဲ့ မြွေအရက်ဟာ ဆံပင်ကျွတ်တာ တွေ ကိုတောင် တားဆီးပေးနိုင်တယ် လို့ဆိုပါတယ်။ မြွေဟောက်လို အဆိပ်ရှိတဲ့ မြွေတွေ ကိုအသုံးများပြီး မြွေဝီစကီ၊ မြွေ ဆာကေး စသဖြင့် မျိုးစုံ ရှိပါတယ်။
၆။ ပင်လယ်ဇင်ယော် ဝိုင် (Seagull Wine)
အက်စ်ကီမိုးလူမျိုးတွေ ထွင်တဲ့ ဝိုင်ဖြစ်ပြီးတော့ ဒီဝိုင်ကို လုပ်ရတာ အရမ်းလွယ်ပါတယ်။ ဇင်ယော်အသေ တစ်ကောင်ကို ပုလင်းထဲထည့်၊ ရေလောင်းထည့်လိုက်ပြီး အချဉ်ပေါက်တဲ့ အထိနေရောင်အောက်မှာ ထားလိုက်ရုံပါပဲ။ အရက်၊ ဝိုင်လို့ပြောရမှာထက် ဇင်ယော် ကိုအချဉ်ဖောက်ထားတဲ့ သောက်စရာ ဆိုရင် ပိုမှန်ပါလိမ့်မယ်။

No comments: