Thursday, January 14, 2016

အင်ကြင်းကျောက်အကြောင်းသိကောင်းစရာ

အင်ကြင်းကျောက်ဆိုသည်မှာ ဇီဝအသွင်ပြောင်း (Permineralzation) ကျောက်မျက်တစ်မျိုးဖြစ်သည်။ Petrified Wood ဟူ၍လည်းကောင်း၊ Fossils Wood ဟူ၍လည်းကောင်း ဘူမိဗေဒပညာရှင်များက သတ်မှတ်ခေါ်ဆိုကြသည်။
အဆိုပါ ဇီဝအသွင်ပြောင်း အင်ကြင်းကျောက်၏ မူလသဘာဝမှာ သစ်ပင်ကြီးများသည် သဘာဝဘေးဒဏ် များကြောင့်ပြိုလဲကျခဲ့ပြီးနောက် ရာသီအလိုက်ဖြစ်ပေါ်စေသည့် ရေတိုက်စားမှုများ၊ ရွံ့နွှံများဖုံးလွှမ်း ကာ မြေလွှာထုအောက်သို့ တ ဖြည်းဖြည်းကျရောက်သွားစေခဲ့သည်။ ထိုသို့ မြေလွှာထုအောက် သို့ နှစ် အလိုက် ဖုံးအုပ်ရောက်သွားခဲ့သော်လည်း အ ဆိုပါ သစ်ပင်များ၏ တစ်ရှူးဆဲလ်များသည် သေဆုံးပျောက် ကွယ်ခြင်းမရှိပေ။
၎င်း တစ်ရှူးဆဲလ်ပေါက်လေးများတဆင့် ရေ၌ပျော်ဝင်သယ်ဆောင်လာသော ကာဗွန် (Carbon)၊ ကိုဘော့(Cobalt)၊ ခရိုမီယန်(Chromium)၊ ကော့ပါး၊ (Copper)၊ အိုင်းရွန်းအောက်ဆိုဒ်(Iron Oxides) မင်းဂနီ(စ်)(Manganesn)၊ မင်းဂနီ အောက်ဆိုဒ်)(Manganesn Oxides) စသည့် သတ္တုဒြပ်များက အဆိုပါ သစ်ပင်ကြီးများ၏ ကိုယ်ထည်အတွင်းသို့ စီးဆင်းဝင်ရောက်၍ နေရာယူ လာခဲ့သည်။
ထို့နောက် သဘာဝ အပူရှိန်များကြောင့် ရေငွေ့ပျံတက်ခြင်း အစဉ်အလာများအရ အဆိုပါ သစ်ပင်ကြီးများ၏ ကိုယ် ထည်များအတွင်း တစ်ရှူးဆဲလ်ပေါက်လေးများမှတဆင့် ၀င်ရောက်နေရာယူထားသော ရေများ သည် ရေငွေ့ ပျံသွား သည့်အခါ သစ်ပင်ကြီးများ၏ ကိုထည်များအတွင်း သတ္တုဒြပ်စင်( Minerals)များက ကြွင်းကျန်နေခဲ့သည်။
နှစ်အလိုက်၊ ရာသီအလိုက်ဖြစ်ပေါ်စေတတ်သော ရွက်ကြွေများသည် ရေ၌စီးမျှောပါဝင်လာပြီးနောက် အဆိုပါ သစ်ပင် ကြီးများကို ဖုံးလွှမ်းသွားတော့သည်။ ထိုမှတဆင့် ရွံ့နွံများ၏ ဖိအားအများကြောင့် သစ်ပင်ကြီးများ၏ ကိုယ်ထည်သိပ် သည်းမှုမှာ ပိုမိုကြံ့ခိုင်လာစေသည်။ အဆိုပါ အခြေအနေများကြောင့် သစ်ပင်ကြီးများသည် ဇီဝအသွင်ပြောင်းလဲကာ နှစ်သန်းပေါင်းများ အချိန်ကြာမြင့်သည့်အခါတွင် သတ္ထုဒြပ်များနေရာယူဝင်ရောက် မှု(Permineralzation)များကြောင့် ကျောက်အဖြစ်သို့ပြောင်း လဲသွားရခြင်းဖြစ်ကြောင်း လေ့လာမှတ်သား ရသည်။
အင်ကြင်းကျောက်မျက်များသည် အရောင်အသွေးများစုံလင်စွာရှိသည်။ ထိုသို့ အရောင်အသွေးများ ကွဲပြားခြားနား၍ ဖြစ်ပေါ်ပြောင်းလဲလာရခြင်းမှာ သတ္တုဒြပ်စင်( Minerals)များ၏ ဂုဏ်သတ္တိ များကြောင့်ဖြစ်ကြောင်း သိရသည်။ သစ်ပင် ကြီးများ၏ ကိုယ်ထည်အတွင်းသို့ တစ်ရှူးဆဲလ်ပေါက်လေးများ မှတဆင့် သတ္တုဒြပ်စင်( Minerals)များဝင်ရောက်နေရာ ယူသည့်အခါ ကာဗွန်ဒြပ်စင်များပြား ခဲ့ပါ က အနက်ရောင်၊ ကိုဘော့ဒြပ်များပြားခဲ့ပါက အပြာနှင့်အစိမ်းရောင်၊ ခရိုမီယန် ဒြပ်များပြားခဲ့ပါက အစိမ်းနှင့် အပြာရောင်၊ ကော့ပါဒြပ်များပြားခဲ့ပါက အစိမ်းရောင်၊ အိုင်းရွန်းအောက်ဆိုဒ်များပြားခဲ့ပါက မန်းကျည်းမှည့် ရောင်၊ မင်းဂနီ(စ်)ဒြပ်များပြားခဲ့ပါက လိမ္မော်ရောင်၊ ပန်းကြားရောင်၊ မင်းဂနီ(စ်)အောက်ဆိုဒ်များပြားခဲ့ပါ က မီးခိုရောင်နှင့်အ၀ါရောင်များ အဖြစ်သို့ ပြောင်းလဲဖြစ်ပေါ်စေတတ်ကြောင်း သိရသည်။
ဇီဝအသွင်ပြောင်း အင်ကြင်းကျောက်အား ဘာသာအယူဝါဒများအရ ယုံကြည်ချက်ပေါင်းများစွာရှိသည်။ အဆိုပါ ယုံ ကြည်ချက်များအနက်မှ ထုတ်နုတ်၍ အနည်းငယ်မျှတင်ပြလိုပါသည်။ အင်းကြင်းဆိုသည် မှာ ရှေး နက္ခတဗေဒပညာရှင် များ၏ အဆိုအမိန့်များအရ အင် + ကြင်း = အင်ကြင်းဟူ၍ မှတ်ယူ ခဲ့ကြ သည်။ “အင်” =ဆိုသည်မှာ တနင်္ဂ နွေနေ့နံဖြစ်သည်။ ထိုနေ့နံ၏ အညွှန့်ကိန်းသည် တနင်္လာတည်း ဟူသော “ ကြင်း ”ပင် ဖြစ်ပေသည်။ ဤအရာအား ဆက်လက်၍ ဋီကာချဲ့၍ အနက်ဖွင့်သော် အင်+ တနင်္ဂနွေ = အအေးဓာတ်ဖြစ်သည်။ ကြင်း + တနင်္လာ = ကြီးပွားချမ်းသာခြင်း(၀ါ)လာဘ် လာဘငွေနံဖြစ် သည်။ ဤနံနှစ်ရပ်အား ပေါင်းစပ်၍ ကောက်ချက်ချ မှတ်ယူရလျင်မူ အေးငြိမ်းချမ်းသာခြင်း ဖြစ်သည်ဟု ဟိန္ဒူပရောဟိတ်တို့က ရှေးယခင်မှစ၍ ယုံကြည်ဝင်ခဲ့ကြကြောင်း သိရသည်။
ဗုဒ္ဓ၀င်၏ စာပေကျမ်းဂန်များ၏ အဆိုအမိန့်များအရ အင်ကြင်းသည် အခြားသစ်မျိုးနွယ်များကဲသို့ ပုပ်ပျက် တတ်သည့် သဘောမရှိ။ အချိန်ကြာလာသည်နှင့်အမျှ မာကြောမှု( Mohs Hardness ) အဆင့်မှာ ( 7 – 8 ) အဆင့်အထိ ပို၍ပို ၍မြင့်မားလာလေသည်။ ထို့ကြောင့် သံချေးပိုးရွဖျက်စီးခြင်းဘေးမှ အစင်ကင်းလွတ်ကာ သစ်ပင်သဘာဝမှ ကျောက် သားအစစ်၏ မူလသဘာဝသို့ အသွင်ကူးပြောင်းသွားခြင်းပင်ဖြစ် သည်။ ဖောက်ပြန်ပျက်စီးခြင်းသဘောနှင့် အစဉ်ကင်း လွတ်သည့် သဘောကို အင်ကြင်းကျောက်မှ ပုံ သက်သေဆောင်ကျဉ်းသည်ဟု မှတ်ယူခဲ့ကြသည်။
အင်ကြင်းကျောက်သည် ဇီဝအသွင်းပြောင်း ကျောက်အမျိုးအစားဖြစ်သည့်အတွက် အားအင်အထူးကောင်း မွန်သော ဒြပ်သဘောရှိသည်ဟု ယုံကြည်သက်ဝင်ကြသူများလည်း ရှိကြောင်း လေ့လာသိရှိရသည်။ “ အမျိုးသမီးများ အားအင် အကုန်ခမ်းဆုံးအချိန်ကာလဟာ မီးဖွားနေတဲ့ အချိန်ကာလဘဲဖြစ်တယ်..။ ကုန်ခမ်း သွားတဲ့ အားအင်တွေကို သွေးသစ် လောင်းနိုင်ဖို့ဆိုရင် အင်ကြင်းက အထူးသဖြင့် အထောက်အကူပေး ပါတယ်..” ဟု ဟိန္ဒူသက္ကတဘာသာ အထူးပြု ဦး စိုးတင့်( သလ္လာ မောင်မောင်စိုး)မှ မှတ်ချက်ပြုပြောခဲ့သည်။
ဗုဒ္ဒ၀င်ဖွားတော်မူခန်း မှတ်တမ်းများအရ ဗုဒ္ဓလျောင်းလျာအား ဖွားတော်မူချိန်တွင် မယ်တော်မာယာသည် အင်ကြင်း ကိုင်းအား ကိုင်ဆောင်ထားခဲ့သည်။ ထိုအရာမှာ မီးဖွားချိန်ကာလ၌ ကုန်ခမ်းသွားသော အားအင်များကို ပြန်လည်ဖြည့် ဆီးရယူခြင်း ဖြစ်နိုင်ကြောင်း ရှေးသမိုင်းပညာရှင်များမှ ထင်မြင်ယူဆခဲ့ကြ သည်။
အင်ကြင်းကျောက်သည် မူလသဘာဝ အခြေအနေမှာ သစ်ပင်ဖြစ်သည်။ ထိုမှတဆင့် ဇီအသွင်ပြောင်း ၍ ကျောက်ဖြစ်သွားခဲ့သည်။ အင်ကြင်းကျောက်သည် သစ်ပင်မှတဆင့် ကျောက်အဖြစ်သို့ ကူးပြောင်းရောက် ရှိ သွားသော်လည်း သစ် ပင်၏ မူလ လက္ခဏာ အရေးအကြောင်းများ ပျောက်ကွယ် ဆုံးရှုံးသွားခြင်းမရှိကြောင်း မြင်တွေ့နိုင်သည်။ သဘာဝ ဘေးဒဏ်များ အမျိုးမျိုးတွေ့ကြုံခဲ့ရသော်လည်း မူလသဘာဝ ပင်ကိုယ်လက္ခဏာများ တိမ်ကောပျောက်ကွယ်သွားခြင်း လုံးဝ မရှိသည့်အတွက် အင်ကြင်းကျောက်မှာ ဖောက်ပြန်ပျက်စီးတတ်သော သဘောနှင့်အစဉ်ကင်းခြင်း၊ တည်ကြည် ခြင်း၊ မပြောင်းမလဲ မားမားရပ် ကြံ့ကြံ့ခံနိုင်ခြင်း စသည့်ဒြပ်သဘောသဘာဝများရှိသည်ဟု ယုံကြည်သက်ဝင် သူများ လည်းရှိကြသည်။ အထူးသဖြင့် ဘာသာရေး ထွက်ရာပေါက် ယုံကြည်သက်ဝင်သူများက အင်ကြင်းကျောက်နှင့် ပြု လုပ်ထားသော ဘာသာရေး အဆောင်အယောင်ပစ္စည်းများကို အဓိကထား ကိုးကွယ်ယုံကြည်လျက်ရှိကြသည်။
အဆိုပါ ယုံကြည်သက်ဝင်မှုများကြောင့် ပျူခေတ်ယဉ်ကျေးမှုနယ်ပယ်တွင် အင်ကြင်းကျောက်အား အဆောင်အ ယောင်တန်းဆာများအဖြစ် ပြုလုပ်၍ ၀တ်ဆင်အသုံးပြုလာခဲ့ကြသည်ကို ရှေးဟောင်း သုတေသနများ၏ မှတ်တမ်းများ အရသိရသည်။ ၎င်း အင်ကြင်းကျောက် အဆောင်အယောင်တန်းဆာ ပစ္စည်း များ တွင် ပျူပုတီးမှာ ယနေ့ခေတ် အထိ တိုင်အောင် ထင်ပေါ်ကျော်ကြားလျက်ရှိသည်။ “ တနိုင်ငံနဲ့ တနိုင်ငံ သံတမန်ရေးအရ ကတိက၀ှက်တည်ကြည် ကြောင်း ပြဆိုညွှန်းကြတဲ့အခါ အင်ကြင်းကျောက် နဲ့ ပြုလုပ်ထုဆစ်ထားတဲ့ အဆောင်အယောင်ပစ္စည်းတစ်ခုခုကို ကြား ခံထားပြီး သက်သေထူကြတာကို စီစစ်တွေ့ရှိခဲ့ရပါတယ်..” ဟု သမိုင်းပညာရှင်ကြီး ဒေါက်တာ သန်းထွန်းမှ မုံရွာခရီး စဉ်တစ်ခုတွင် ယင်းကဲသို့ မှတ်ချက်ပြုပြောကြားခဲ့ဖူးသည်။
ဘူမိဗေဒပညာရှင်များ၏ သုတေသနပြု စစ်တမ်းများအရ အင်ကြင်းကျောက်များအား မြန်မာနိုင်ငံ အပါအ၀င် ကမ္ဘာ့ နိုင်ငံပေါင်း (၂၂)နိုင်ငံတွင် တွေ့ရှိနိုင်ကြောင်း ဖော်ပြထားသည်။ ထို စစ်တမ်းများတွင် အင်ကြင်းကျောက် ထွက်ရှိရာ နိုင်ငံနှင့် ထွက်ရှိရာ ဒေသများကို အတိအကျဖော်ပြပါရှိကြောင်း လေ့လာ သိရှိရသည်။ ကျန် အခြားတိုင်းပြည်များတွင် အင်ကြင်းကျောက်ထွက်ရှိခြင်းမရှိကြောင်း သိရသည်။ ထို့ကြောင့် အင်ကြင်းကျောက်သည် ကမ္ဘာ့ကျောက်မျက်ဈေး ကွက်ဝင် ကျောက်တစ်မျိုးဖြစ်လာခဲ့ရသည်။
အင်ကြင်းကျောက်၏ တန်ဘိုးမြင့်မားစေနိုင်သော ကျောက်အရည်အသွေးအား သတ်မှတ်ချက်(၈)ချက် ရှိကြောင်း သိရ သည်။ ၎င်းအချက်များမှာ (၁) အလင်းပေါက် ကျောက်သားဖြစ်နေရမည်( Stone is transparpont)။ (၂) မဟူရာ(သို့) အိုပယ် ခရစ်စတယ် ကျောက်သားမျိုးဖြစ်နေရမည်( Stone is Agatzed (or) Opalzed) ။ (၃) အရောင်များစွာပါရှိရ မည်( Somany Colour in same stone)။ (၄) သစ်ပင်ကဲသို့ အကြောအမျှင်များ ထင်ရှားစွာပါရှိရမည်( Gains patt- ern shows up distinctly)။ (၅) အခေါက်လှပရမည် ( Bark pattern shows up distinctly)။ (၆) စိတ်ဝင်စား ဖွယ်ရာကောင်းသော ပါရှိခြင်း( ဥပမာ အကိုင်းအခက်များ၊ အင်းဆက်များ) ( Interseting thngs drushing duzzg Iseart)။ (၇) တောက်ပ၍ လှပသော အရောင်များရှိခြင်း( Bright and pretty colour)။ (၈) တိကျလှပသော လုံး ပတ်ရှိခြင်း( Inter round intact) စသည့် အချက်များနှင့် ပြည့်စုံသော အင်ကြင်းကျောက်များသည် ကမ္လာ့ဈေးကွက် ၀င် အင်ကြင်းကျောက်များဖြစ်ကြောင်း မုံရွာမြို့ ဗိုလ်ချုပ်လမ်းရှိ KSM အင်ကြင်းကျောက် လက်မှုပညာအရောင်းပြခန်း ပိုင်ရှင် ဦးဆန်းဝင်းမိုး ထံမှ သိရသည်။
အဆိုပါ အင်ကြင်းကျောက်၏ တန်ဘိုးမြင့်မားစေနိုင်သော ကျောက်အရည်အသွေးများ စံနှုန်းနှင့် ကိုက်ညီလျက်ရှိသော အင်ကြင်းကျောက်များကို မြန်မာနိုင်ငံ မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီး၊ မလှိုင်၊ ညောင်ဦး၊ မြင်းခြံ၊ ကျောက်ပန်း တောင်း စသည့် မြို့နယ်များတွင်လည်းကောင်း၊ မကွေးတိုင်းဒေ သကြီး ပခုက္ကူ၊ ရေစကြို၊ မြိုင်၊ အောင်လံ၊ မကွေး စသည့် မြို့နယ်များတွင်လည်ကောင်း၊ ပဲခူးတိုင်းဒေ သကြီး ပြည်၊ ရွှေတောင်၊ သဲကုန်း စသည်မြို့များတွင်လည်း ကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် ဆားလင်းကြီး၊ ယင်းမာပင်၊ ကနီ၊ ပုလဲ၊ မင်းကင်း၊ ကျွန်းလှ၊ ကန့်ဘလူ၊ အရာ တော်၊ မုံရွာ၊ ချောင်းဦး၊ မြောင် စသည့်မြို့နယ်များတွင်လည်ကောင်း တွေရှိနိုင်သည်။
မြန်မာနိုင်ငံမှ ထွက်ရှိသော အင်ကြင်းကျောက်အများစုသည် အရည်အသွေးကောင်း ကျောက်မျက်တန်း ၀င် ကျောက် များဖြစ်ကြသည်။ ထို့ကြောင့် ပြည်ပကျောက်ကုန်သည်များမှ မြန်မာနိုင်ငံထွက် အင်ကြင်းကျောက် များကို ငွေကြိုတင် ပေးစနစ်ဖြင့် သူ့ထက်ငါ အလုအယက် ၀ယ်ယူလုပ်ကိုင်လျက် ရှိကြောင်း နွားထိုးကြီး အင်ကြင်းကျောက်ဈေးကွက်မှ သိ ရသည်။
အဆိုပါ ၀ယ်ယူပြီး အင်ကြင်းကျောက်များကို အိမ်နီးချင်းနိုင်ငံများမှတဆင့် ကမ္ဘာ့ကျောက်မျက် ဈေးကွက်ဝင် တတိယ နိုင်ငံများသို့ တင်ပို့ရောင်းချလျက်ရှိရာ တစ်ကီလိုဂရမ်လျင် မေရိကန်ဒေါ်လာ ၁၅၀ မှ ၃၂၀ ဒေါ်လာ အထိ ဈေးကောင်းများရရှိကြောင်းသိရှိရသည်။

No comments: