Sunday, November 22, 2015

မြန်မာ့ဆိုင်းပညာ


ဆရာကြီး ဦးစိန်တင်ညွန့်ဟာ မန္တလေး ပန်တျာကျောင်း ဆိုင်းပညာသင်ကြားမှု မျိုးစေ့ကိုချပြီး တည်ထောင်ပေးခဲ့တဲ့ ဆိုင်းပညာရှင်ကြီး ဦးစိန်လှမောင်ရဲ့ သားတပည့်ပါပဲ။
တခါ ဆရာကြီး ဦးစိန်လှမောင်ဟာ ကမ္ဘာကသိတဲ့ ဆိုင်းပညာရှင်ကြီး စိန်ဗေဒါရဲ့ တပည့်ရင်း ဖြစ်ပါတယ်။
* ဆရာကြီးခင်ဗျား မြန်မာ့ဆိုင်းပညာဟာ ဘယ်ခေတ်လောက်က စပြီး ကျယ်ပြန့်လာခဲ့ပါသလဲ ခင်ဗျား။
** သရေခေတ္တရာ နောက်ပိုင်းကစပြီး ကျယ်ပြန့်ခဲ့ပါတယ်။
* မြန်မာ့ဆိုင်းပညာမျိုး  ကမ္ဘာမှာ ဘယ်နိုင်ငံက တတ်မြောက်ပါသလဲခင်ဗျား။
** မြန်မာ့ဆိုင်းပညာမျိုး ဘယ်နိုင်ငံမှာမှ မရှိပါဘူး။ ဒါပေမယ့် ကမ္ဘာမှာ တရုတ်နိုင်ငံက ပထမဆုံး မြန်မာ့ဆိုင်း ပညာကို သင်ယူခဲ့ပါတယ်။
အခုဆိုရင် ပီကင်းနဲ့ တခြားမြို့ကြီးတချို့မှာ မြန်မာ့ဆိုင်းများ ရှိနေကြပါပြီ။
* မြန်မာ့ဆိုင်းပညာကို ပြည်ပနိုင်ငံများက ဘယ်လိုမြင်ကြပါသလဲခင်ဗျား။

** သစ်ခေါင်းနဲ့ နွားရေကို သုံးပြီး ရာသီဥတုအလိုက် အသံသာအောင် နိုင်ငံခြားက လိုက်တုလုပ်နိုင်ခြင်း မရှိကြတာကို အံ့သြနေကြပါတယ်။
* ဆိုင်းဝိုင်းမှာ သုံးတဲ့ ဗုံများကို ဘယ်လို အသားများကို သုံးပြီး လုပ်ကိုင်ပါသဲခင်ဗျား။
** ဗုံလုပ်ဖို့ အကောင်းဆုံးက ပိတောက်သားပါ။ ကုလား ကုက္ကို၊ ပိုးမည်းဇာ၊ သက်စီးသား စတဲ့ အသားများနဲ့လဲ လုပ်ကြပါတယ်။
* အကောင်းဆုံး ဗုံများကို ဘယ်မြို့ ဘယ်ဒေသက လုပ်ပါသလဲခင်ဗျား။
** ပျော်ဘွယ်မြို့နယ်၊ မကျည်းတန်းကျေးရွာက လုပ်တဲ့ ဗုံက မြန်မာပြည်မှာ အကောင်ဆုံးပါပဲ။
ရှေးကတော့ ဗုံအစ မဒေါင်းလှက-လို့ ဆိုတယ်၊ အခုတော့ မဒေါင်းလှမှာ ဗုံးမလုပ်တော့ပါဘူး၊ မန္တလေးကလဲ ဗုံကောင်း မထွက်ပါဘူး။
* ဗုံမှာ သုံးတဲ့ သားရေဟာ ဘယ်သားရေ အကောင်းဆုံးပါလဲခင်ဗျား။
** နွားရေဟာ အကောင်းဆုံးပါ။
* ဆိုင်းဝိုင်းတစ်ခုမှာ ပါဝင်တဲ့ ပစ္စည်းများကို သိပါရစေ ဆရာကြီးခင်ဗျား။
** ဆိုင်းဝိုင်းတစ်ခုမှာ
၁။ ကြေးဝိုင်း
၂။ မောင်းဝိုင်း
၃။ ဒိုးချောင် (ခြောက်လုံးပတ်)
၎။ အုပ်စုံချောင် (စည်တို လင်းကွင်း)
၅။ စည်းနဲ့ဝါး
၆။ နှဲတို့ ပါပဲ။
* ဆိုင်းဝိုင်းနဲ့ ပတ်သက်ပြီး သိသင့်သိထိုက်တာတွေကို အမိန့်ရှိပါဦးခင်ဗျား။
** မြန်မာ့ ဆိုင်းဝိုင်းမှာ ရှေးက ကြေးဝိုင်း၊ မောင်းဝိုင်းတို့ကို မသုံးခဲ့ပါဘူး၊ ဗုံကိုပဲ သုံးခဲ့ပါတယ်။
ကြေးဝိုင်း၊ မောင်းဝိုင်း တို့ဟာ ယိုးဒယား (ထိုင်း)က ဆင်းသက်ခဲ့တာပါ။ ဒါတွေကို သရေခေတ္တရာ ခေတ်ကစပြီး သုံးခဲ့ကြတယ်။
* မြန်မာ့ဆိုင်းဝိုင်းမှာ ဘင်ကို သုံးတဲ့အခါ သုံးပါတယ်၊ ဘယ်လိုသဘောပါလဲ ခင်ဗျား။
** ဘင်ကိုသုံးတာက ဆရာကြီး စိန်ဗေဒါ အင်္ဂလန်က ပြန်လာပြီး နောက်ပိုင်းမှာ သုံးခဲ့တာပါ။
ဆရာကြီး စိန်ဗေဒါရဲ့ အင်္ဂလန်ပတ်စမ်း (အင်္ဂလန်တီးလုံး)မှာ ဘင်ကို စသုံးခဲ့တာပါ။ သီပေါဘုရင်ခေတ် နောက်ပိုင်းမှာ သုံးခဲ့တာပါ။
* ဆိုင်းပညာရှင် (ဆိုင်းဆရာ) တစ်ဦးဟာ ဘယ်လို အရည်အချင်းများ ရှိရပါသလဲ ခင်ဗျား။
** ၁။ အဆို
၂။ အတီး
၃။ အကပညာတို့ကို တတ်ရပါတယ်။
* ဆရာကြီးခင်ဗျား ဆိုင်းပညာသင်ရပုံကို ရှင်းပြမိန့်ကြားပါဦးခင်ဗျား။
** ပထမနှစ်မှာ စည်းနဲ့ဝါးကို စသင်ရပါတယ်။ တံတျာ၊ သီတာ၊ သာယာ၊ ဝေဘာ၊ ထွေလာ-စတဲ့ သီချင်း (၁၃)ပိုဒ်ကို အပြီးသင်ယူရပါတယ်။ 
* ဒုတိယနှစ်ကျတော့ကော ခင်ဗျ။
** ဒုတိယနှစ်ကျတော့ ဝေယံကိုပင် ကြိုးသီချင်းကစပြီး မြိုင်ဟေမာ ယိုးဒယားသီချင်းမှာ ဆုံးသွားတဲ့အထိ သီချင်း (၁၃)ပိုဒ် သင်ရပါတယ်။
* တတိယနှစ်မှာကော ခင်ဗျား။
** တတိယနှစ်ကျတော့ ရွှေပင်ရွှေဘုန်း ကြိုးသီချင်းက စသင်ရပြီး နောက်ဆုံး ဆယ်-ဆယ်ရောင် သီချင်းမှာ ပြီးဆုံးသွားပါတယ်။
* သံစဉ်လေ့ကျင့်မှု အပိုဒ်ကို အမိန့်ရှိပါဦးခင်ဗျား။
** မြန်မာ့ဂီတ တူရိယာများမှာ တျာ-တေ-တျော-ဆိုတဲ့ အခြေခံအသံ သုံးပါးပဲ ရှိပါတယ်။
အဲဒီအခြေခံ အသံသုံးပါးကို ချဲ့လိုက်တဲ့အခါ အသံ ၇-ပါး ဖြစ်လာပါတယ်။ ဒီ အသံ ၇-ပါးကို လေ့ကျင့်ရပါတယ်။
* သံစဉ် ၇-ပါးကို ကျွမ်းကျင်လာပြီးရင် နောက်အဆင့်ဆင့် ဘယ်လိုဆက်ပြီး လေ့ကျင့်ရပါသလဲ ခင်ဗျား။
** စည်းနဲ့ဝါးကို လေ့ကျင့်ရပါတယ်။ အဲဒါပြီးရင် ထံတျာ ပုဇဉ်းတောင်သံကြိုးကို လေ့ကျင့်ရပါတယ်။
 ဒီအပိုင်း ကျွမ်းကျင်သွားတယ်ဆိုရင် သီတာ၊ သာယာ၊ ဝေဘာ၊ ထွေတလာ၊ ဘုံဆောင်၊ ဇေယျာ၊ စိမ်းလဲ့လဲ့ စတဲ့ သင်လက်ကြီုးသီချင်းတွေကို လေ့ကျင့်ရပါတယ်။ အဲဒါပြီးရင်တော့
၁။ စံရာတောင်ကျွန်း
၂။ ရွှေပြည်ကြီးဧရာ
၃။ မြို့နန်း
၎။ ကိုးပါးနဲ့
၅။ ရွှေဘုန်း -စတဲ့ သာနိုး (၅)ပိုဒ်ကို သင်ရပါတယ်။
* အခုပြောခဲ့တဲ့ သီချင်းများကို ခြုံငုံပြီး ခေါ်တဲ့ အခေါ်အဝေါ် ရှိပါသလားခင်ဗျား။
** ဒါကို သင်ရိုး (၁၃-ပိုဒ်)လို့ ခေါ်ပါတယ်။ ဒါကို ပိုင်မှ ကျန်တီးကွက်များကို တီးနိုင်မှာပါ။
* ဆိုင်းဝိုင်းတခုမှာ လူဘယ်နှစ်ယောက်ပါလေ့ရှိပါသလဲ ဆရာကြီးခင်ဗျား။
** ဆိုင်းဝိုင်းတစ်ခုမှာ
၁။ ဆိုင်းဒေါင့် ခြောက်ယောက်
၂။ နှဲဆရာ တစ်ယောက်
၃။ နောက်ထ နှစ်ယောက်
(နောက်ထကို နောက်ထိုင်လို့လဲ ခေါ်ပါတယ်) အဆိုတော်များလဲ ပါတတ်ပါတယ်။
* ဆိုင်းဝိုင်းရဲ့ နောက်ထက ဘာများ လုပ်ကိုင်ရပါသလဲခင်ဗျား။
** ဆိုင်းတီးတဲ့နေရာမှာ အပြောနဲ့ ဖြည့်စွက်ပြီး ဆိုင်းဝိုင်းစိုပြည်အောင် လုပ်ပေးရပါတယ်။
* ဆိုင်းဝိုင်းကြီးတစ်ခုမှာ ပါဝင်တဲ့ ပစ္စည်းများရဲ့ အရေအတွက်ကို သိခွင့်ပြုပါဦး ဆရာကြီးခင်ဗျား။
** ဆိုင်းဝိုင်းကြီးတစ်ခုမှာ ဗုံအကြီး အသေး အဆင့်ဆင့် (၁၉)လုံး၊
 ကြေးဝိုင်းမှာ ကြေးဝိုင်း(၁၈)လုံး၊
 မောင်း (၁၇)လုံး၊
 ခြောက်လုံးပတ်မှာ ဗုံကြီး(၂)လုံး၊ မကြီး မသေး ဗုံ(၄)လုံး ပါပါတယ်။
* ဆိုင်းဝိုင်းတခုမှာ တခြားသိသင့်သိထိုက်တာ ကျန်ပါသေးသလားခင်ဗျား။
** ဆိုင်းဝိုင်းမှာ ရှေ့တန်း သုံးမျိုးလို့ခေါ်တဲ့
၁။ ကြေးဝိုင်း
၂။ ဆိုင်းဝိုင်းနဲ့
၃။ ပဉ္စရူပရုပ်-တို့ ရှိတယ်ဆိုတာကို သိသင့်ပါတယ်။
* ဗုံတွေကို မှန်စီရွှေချနဲ့ လှလှပပ ကာရံထားတဲ့ ဝိုင်းအကြောင်း သိချင်ပါတယ် ဆရာကြီးခင်ဗျား။
** အင်္ဂလိပ်အုပ်စိုးချိန်လောက်ကစပြီး ဝိုင်းရှစ်ပြား (ပန်းဝိုင်းရှစ်ချပ်) ကို စတင်အသုံးပြုခဲ့ကြတာပါ။ အရင်ကတော့ ရိုးရိုးအကာအရံပဲ လုပ်ထားပါတယ်။
* ဆိုင်းဝိုင်းမှာပါဝင်တဲ့ ပစ္စည်းများရဲ့ တန်ဖိုးကို သိခွင်ပြုပါဦးခင်ဗျား။
** ဆိုင်းဝိုင်းထဲက
ဗုံတွေက (၁)သောင်း (၃)ထောင်လောက် ရှိပါတယ်။
ကြေးဝိုင်းက (၁)သောင်း) (၂)ထောင်လောက် ရှိပါတယ်။
မောင်းဝိုင်းက (၇)ထောင် (၈)ထောင်လောက် ရှိပါတယ်။
၆-လုံးပတ်က (၁)သောင်းဝန်းကျင် ရှိပါတယ်။ 
စည်းနဲ့ဝါးက (၅)ရာခန့် ရှိပါတယ်။
* ရွှေစစ်နဲ့ မှန်စီရွှေချ ဝိုင်းနဲ့ ကြေးဝိုင်း၊ ဆိုင်းဝိုင်းနဲ့ ပဉ္စရူပရုပ် ရှေ့တန်းသုံးမျိုးရုပ်ရဲ့ တန်ဖိုးကကော ခင်ဗျ။
** (၅)သိန်းခွဲလောက် ရှိပါတယ်။
ဒစ်စကိုရွှေနဲ့တော့ (၂)သိန်းခွဲလောက် ရှိပါတယ်။
* ဆိုင်းမှာ ပတ်စာ အရေးကြီးတယ်လို့ သိရပါတယ်။ ပတ်စာအကြောင်း အမိန့်မိန့်ပါဦး ဆရာကြီးခင်ဗျား။
** ပတ်စာကို အစာရေစာလို့လဲ ခေါ်ပါတယ်။ ရှေးကတော့ မကျည်းသားကို ပြာချပြီး ထမင်းနဲ့ ရောနယ်တာပဲ။ မကျည်းပြာက တစ်ခြားပြာထက် အငန်ဓာတ်ပိုတယ်။
ပတ်စာရဲ့သဘောက ရာသီဥတု အပူအအေးပေါ်တည်ပြီး အသံပြောင်းသွားလေ့ရှိပါတယ်။
* ဆိုင်းဆရာများအနေနဲ့ ပတ်စာကို ဘယ်လိုရွေးချယ်တတ်ကြပါသလဲ ခင်ဗျ။
** အပျော့၊ အမာ စသည်ဖြင့် နှစ်သက်သလို သုံးလေ့ရှိကြပါတယ်။
* ပတ်စာရဲ့ အပျော့ အမာကို ဘယ်လိုပုံစံနဲ့ ရွေးချယ်လေ့ ရှိကြပါသလဲ ခင်ဗျ။
** နှာသီးဖျားရဲ့ အမာ၊ နှာသီးဖျားရဲ့ အပျော့ကို စံထားတတ်ကြပါတယ်။
* လက်ရှိအချိန်မှာကော အခုပြောတဲ့ ပတ်စာကိုပဲ သုံးကြပါသလား ခင်ဗျား၊ မြန်မာ့ပတ်စာနဲ့ကော ဘာကွာပါသလဲ ခင်ဗျား။
** နိုင်ငံခြားကော်မှုန့်ကို ရေနှင့်ဖျော်ပြီး ပတ်စာလုပ်နေကြပါတယ်။ မြန်မာနည်းဖြစ်တဲ့ ထမင်းလုံးပတ်စာကို မမီပါဘူး။
ကော်မှုန့်ပတ်စာက အသံဝပ်တယ်၊ ထမင်းလုံးပတ်စာက အသံလွင်တယ်။
* ဆိုင်းဝိုင်း အကာအရံကို ဘယ်မြို့ဘယ်ဒေသမှာ လုပ်ပါသလဲ ဆရာကြီးခင်ဗျား။
**  ဆိုင်းဝိုင်းများကို မန္တလေး ဘုရားကြီးရဲ့ တောင်ဘက် ဇွန်းစုက လုပ်တာပါ။
* ဆိုင်းဝိုင်းကို ပွဲပေးရပါသလား ခင်ဗျား။
** လမိုင်းနတ်ကို ပူဇော်တဲ့ပွဲ တစ်ပွဲ ပေးရပါတယ်။
* ဟုတ်ကဲ့ဆရာကြီးခင်ဗျား မြန်မာ့ဆိုင်းပညာကို အခုလိုအချိန်ပေးပြီး ပြည့်စုံအောင် ပြောပြတဲ့အတွက် ကျေးဇူးတင်လှပါတယ် ခင်ဗျား။
မှတ်ချက်။ မန္တလေး ပန်တျာကျောင်း ဆိုင်းပညာရှင်ကြီး ဦးစိန်တင်ညွန့်ရဲ့ ဇာတိက မိတ္ထီလာမြို့ပါ။ ဆရာကြီးကို ရုံးချိန်အတွင်း ကျောင်းမှာ တွေ့နိုင်ပါတယ်။
ရေးသားသူ-ဦးသန်းဖေမြင့်
(နက္ခတ္တ-၁၉၉၆-၁၀)

No comments: