ကမ္ဘာပေါ်ရှိလူမျိုးတိုင်းတွင် မိမိတို့လူမျိုး ဘိုးဘွားတို့ထံမှဆင်းသက် လာသော ဒဏ္ဍာရီ၊ ရာဇဝင်တို့ကို ပန်းချီ၊ ပန်းပုအနုသုခုမ အဖြစ်ပြောင်းကာ ကိုယ်ပိုင်ယဉ်ကျေးမှု သင်္ကေတ၊လာဘ်ကောင် ၊ နိုင်ငံကိုယ်စားပြုအရုပ် စသဖြင့်ဖန်တီးကြသည်။ ဥပမာ - အီဂျစ်၊ ဂရိ လူမျိုးတို့ သည် ဒဏ္ဍာရီလာများကို ဆိတ်ခေါင်းလူကိုယ် ၊ ငှက်ခေါင်းလူကိုယ်၊ လူခေါင်းမြင်းကိုယ် အစရှိသော Sphinx ရုပ်များဖန်တီးကြကာ အောင်မြင်ခြင်း ရန်သူများသိမ်ငယ် စိတ် ဖြစ်စေခြင်း အစရှိသော ရည်ရွယ်ချက်အမျိုးမျိုးဖြင့် ဖန်တီးကြသည်။အီဂျစ်နိုင်ငံရှိ The great Sphinx of Giza သည်ကမ္ဘာ့အကြီးဆုံး Sphinx ဖြစ်သည်။ ထိုတို့အနက် မြန်မာ့မူပိုင် Sphinx အရုပ်စစ်စစ်တစ်ခု ပြရမည်ဆိုလျှင် မနုဿီဟ ပင်ဖြစ်သည်။ ကျမ်းဂန်လာခြင်္သေ့(၄)မျိုးတွင် မပါသော မနုဿီဟရုပ်ကို ဘုရားများတွင် တွေ့ဖူးကြမည်ဖြစ်သော်လည်း အမှုမဲ့အမှတ်မဲ့ သာဖြစ်နေကြမည်။မနုဿီဟ ထားရှိခြင်းသည် အဘယ်သို့သော ရည်ရွယ်ချက်၊ ရည်ညွှန်းချက် ရှိကြသနည်းဟု အကြောင်းရင်း ရှာလိုက်သောအခါတွင်- မနုဿီဟသည် မနုဿဟူသော လူသားနှင့် သီဟဟူသော ခြင်္သေ့ ဝေါဟာရတို့ ပေါင်းစပ်ထားသော မွန်ဒဏ္ဍာရီလာ အကောင်တစ်မျိုးဖြစ်သည်။
ဓမ္မစေတီမင်းကြီး 1479 တွင် ကလျာဏီသိမ်တော် ဆောက်လုပ် လှူဒါန်းစဉ် ကလျာဏီကျောက်စာတွင် (10) တိုင်ကို ပါဠိ၊ မွန်ဘာသာတို့ဖြင့် ရေးထိုးရာမှ ကောက်နှုတ် ရေးသားရမည်ဆိုလျှင် ၊ မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန် ပြုပြီး သာသနာ (236) ခုနှစ်သို့ ရောက်သောအခါ၌ သီိရိဓမ္မာသောကမင်း စိုးမိုးအုပ်ချုပ်သော ရာမညတိုင်းသထုံ သုဝဏ္ဏဘုမ္မိသို့ အရှင်သောဏနှင့် အရှင်ဥတ္တရ ရဟန်းတော် (၂) ပါးတို့အား သာသနာပြုရန်အတွက် အရှင် မောဂ္ဂလိပတ္တတိဿမှ စေလွှတ်ခဲ့သည်။ ထိုအချိန်၌ သုဝဏ္ဏဘုမ္မိတိုင်း၊ သထုံပြည်တွင် ဖြစ်လေသည်။ ထိုဒေသသည် ပင်လယ်နှင့်နီးသောကြောင့် ရေစောင့်ဘီလူးများ အထွက်အ၀င်ရှိကြသည်။ ဘီလူးတို့သည် နန်းတော်၌ သားဖွားမြင်သည့်အခါတိုင်း သားငယ်ကိုစားပစ်ကြသည်။ ဘီလူးများစွာလာသည်ကို လူအပေါင်းတို့မြင်သော် ကြောက်လန့်ကြသည်။ မထေရ်မြတ်(၂)ပါးကြား၍ အကြောင်းစုံကို သိသော် လောက၌အသိဉာဏ် အကြွယ်ဆုံးလူသားနှင့် ခွန်အားဗလ သတ္တိနှင့်အပြည့်စုံဆုံး ခြင်္သေ့တို့ကို တွဲဖက်ဖန်ဆင်း၍ ခြင်္သေ့နှင့်တူသည့် လူဦးခေါင်းတစ်လုံး၊ ကိုယ်နှစ်ခုပါရှိသော မနုဿီဟသဏ္ဍာန်ကို ဘီလူးတို့ထက် နှစ်ဆသာအောင် ဖန်ဆင်းပြီးလျှင် လိုက်လံတိုက်ခိုက်ရာ ဘီလူးတို့လည်း ကြောက်လန့် ထွက်ပြေးကြကုန်သည်။
လူအများလေးစားကြည်ညိုမှု ရရှိသွားသော ရဟန်းတော်တို့သည် ဘီလူးများ နောက်ထပ် တစ်ဖန်မလာနိုင်ရန်အတွက် ပရိတ်တော်များနှင့် အရံအတား ပြုပေးသည့်အပြင် ဗြဟ္မဇာလသုတ်ကို ဟောလေသည်။ ဗြဟ္မဇာလသုတ်သည် ဥစ္ဆေဒဒိဋ္ဌိအယူ၊ သဿတဒိဋ္ဌိအယူ (၆၂)ခုကို ဝေဖန်ထားတဲ့ သုတ္တန်ဖြစ်သည်။ ဗုဒ္ဓဘာသာ ကိုယုံကြည်သူ နည်းပြီး မိစ္ဆာဒိဋ္ဌိအယူသာကိုးကွယ်ကြသူ များနေသောခေတ် တွင်တစ်ခဏအတွင်း လူအပေါင်းတို့ ရဟန်းပြုကြပြီး
သရဏဂုံ တည်ကြလေကုန်၏။ ဤအချိန်၌ ဖွားစမင်းသားငယ်ကို သောဏုတ္တရ ဟူ၍ မှည့်လေသည်။ ကလေးအပေါင်းတို့အားလည်း ဘီလူးဘေးမှတားဆီး နိုင်စေခြင်းငှာ ထန်းရွက်၊သလူရွက်စသည်များတွင် မထေရ်မြတ်များ ဖန်ဆင်း တော်မူခဲ့သည့် မနုဿီဟရုပ်ကိုရေး၍ ခေါင်းထက်တွင် အဆောင်အဖြစ် တင်ထား စေသည်။ မနုဿီဟရုပ်ကိုလည်း သထုံမြို့၏ အရှေ့မြောက်ထောင့်တောင်ထိပ် ထက်တွင် ကျောက်ရုပ်တည်ကာ ထားခဲ့သည်ကို ယခုထက်တိုင် တွေ့ရ လေသည်။ ဘီလူးတို့သည်လည်း ထိုကာလမှစ၍ မင်းသားများအား မည့်သည့် အခါမျှ လာရောက်၍ မစားတော့ချေ ။
ထိုအချိန်မှစ၍ -
"မနုဿီဟရုပ်ထုများသည် ဘီလူးစသည့် မကောင်းဆိုးဝါးများ ကြောက်လန့် စေသည်ဟူသော ယုံကြည်ချက်ဖြင့် မြန်မာလူမျိုးများက သုဝဏ္ဏဘူမိ ခေတ် အရှင်သောဏမထေရ်နှင့် အရှင်ဥတ္တရ မထေရ်မြတ် တို့၏ လက်ထက်တော်မှစ၍ မနုဿီဟရုပ်များအား တည်ထားကြသော ဓလေ့ထုံးစံ ဖြစ်တည်လာလေ တော့သည်။ မွန်လူမျိုးများသည် အဆောင်လက်ဖွဲ့ ဆောင်သူရှိသလို အိမ်တွင်းမှာလည်း ရေးဆွဲထားလေ့ ရှိပါတယ်။ အဖျက်အမှောင့်ပယောဂပူးသည့်အခါ သုဝဏ္ဏဘူမိံဂန္တာန ဂါထာကို ရွတ်ဆိုလျှင် ပျောက်ကင်းသည်" ဟုလည်း ယူဆကြသည်။
မြန်မာတို့သည် အများအားဖြင့် ဆံပင်ကောက်သူ အသွင်ပြင်ရုပ်ဆိုးသူ၊ အသားမဲ ကြမ်းကြုတ်ရက်စက်ကာ သားစိမ်းငါးစိမ်းစားတတ်သော သူတို့ကို ဘီလူးဟု ခေါ် ဝေါ်ကြလေ့ရှိသည်။ သမိုင်းရှုထောင့်မှကြည့်သော် မွန်အာနာမ် တို့သည် တရုတ်တို့ကြောင့် မြန်မာနိုင်ငံရှိ မွန်ပြည်နယ်တွင်း ပြောင်းရွှေ့လာစဉ် အခါက ထိုဒေသတွင် Semang ခေါ် အသားစား ကပ္ပလီလူရိုင်းပုများ နေထိုင်ကြပြီး မွန်တို့အား ၎င်းတို့နယ်မြေလုသူဟု သဘောထားကာ လက်တုန့်ပြန်သည့်အနေဖြင့် မွန်ခေါင်းဆောင် တော်ဝင်မျိုးဆက် ကလေးငယ် တို့ကို လိုက်လံအမြစ်ဖြတ် စားသောက်ပြရင်း မွန်တို့ကို ထိတ်လန့်စေခြင်း ဖြစ်သည်။ သို့သော် လူယဉ်ကျေးမွန်အသိုင်းဝိုင်းသည် ဉာဏ်ရည်ပိုမြင့်သဖြင့် ရဟန်းတော်များ လူရိုင်းတို့ထက် ကြီးမားအောင် ဖန်တီးလိုက်သော (ယခုခေတ်လူဝင်က နိုင်သည့်ကျောက်ဆည်ဆင် ၊ ရှမ်းတိုးနယားကဲ့သို့ ဖြစ်ဟန်တူသော) မနုဿီဟရုပ် ဖြင့်ပြန်လည် ခြောက်လန့်ရာ မော်လမြိုင် သံလွင်မြစ်ဝရှိ ဘီလူးကျွန်း သို့ပြောင်းရွှေ့သွားခြင်း ဖြစ်နိုင်ကြောင်း သမိုင်းပညာရှင် များက သုံးသပ်သည်။ ယနေ့တိုင် Andaman ပင်လယ်တွင်း တွင် ကပ္ပလီလူပုများ ရှိနေသေးသလို သထုံမြို့၏ ဂန္တဝင်အမည်မှာ ရက္ခပူရမြို့ (ဘီလူးမြို့) ဟူသောအချက်ကလည်း စဉ်းစားသင့်သည့် အချက်များ ဖြစ်နေပြန်သည်။ အချို့စာပေများတွင် မနုဿီဟကို ဟိန္ဒူအယူတစ်ခု ဖြစ်သော ဗိဿနိုးနတ်မင်းဝင်စားသည့် Nrasimha ခေါ် Lion Headed Man and 4th Avatar of Vishnu မှဆင်းသက်သည် ဟု ဆိုကြသော်လည်း ၎င်း အရုပ်မှာ လူကိုယ် နှင့် ခြင်္သေ့ခေါင်းဖြစ်နေသဖြင့် မြန်မာတို့၏ သမန်းကျားနှင့်သာ ပို၍နီးစပ်နေသည်။
ထို့ကြောင့်-
မနုဿီဟရုပ်သည် သုဝဏ္ဏဘူမိတိုင်း၏ အမှတ်တံဆိပ်ဖြစ်ပြီး သထုံ၊ ရန်ကုန်၊ ပုသိမ်၊ ကျောက်ဆည်၊ ပုဂံဒေသများတွင် တွေ့ရှိရခြင်းကား ဓမ္မစေတီမင်းကြီးထက် ရှေးကျသည့် အထောက်အထား ဖြစ်လေသည်။ ရွှေတိဂုံဂေါပက အဖွဲ့သည် မနုဿီဟ အမှတ်တံဆိပ်ကို အဖွဲ့၏တံဆိပ် အနေဖြင့် အသုံးပြုနေဆဲပင် ဖြစ်သည်။
မနုဿီဟရုပ်ထွင်းထုရာတွင် ထိခြင်း(3) ပါးနှင့် ညီရသည်။ လက်နှစ်ဖက် ထိခြင်း၊ ရင်အုပ်နှင့်လက် ထိခြင်း၊ ပေါင်နှင့်ကိုယ်ထိခြင်း တို့ဖြစ်သည်။ ရှေးမြန်မာ ဘုရင်တို့သည် မနုဿီဟလှေ အသုံးပြုသည်ဟု ရွှေဘုံနိဒါန်းစာအုပ်တွေ ဖော်ပြထား သည်။
Credit-သုခုမအလင်းတန်းများ
Ref :
- မနုဿီဟ (စောမုံညှင်း)
- ရွှေဘုံနိဒါန်း
- Oedipus and the Sphinx
- ရှေးထုံးစဉ်လာမြန်မာမှုများ
- မနုဿီဟ (စောမုံညှင်း)
- ရွှေဘုံနိဒါန်း
- Oedipus and the Sphinx
- ရှေးထုံးစဉ်လာမြန်မာမှုများ
No comments:
Post a Comment