Monday, March 7, 2016

တပင်ရွှေထီး


မြန်မာနိုင်ငံကြီးကို နိမ့်ကျကွဲပြား ပျက်စီးနေရာမှ ဆယ်တင် တည်ထောင်၍ တစ်စုတစ်လုံးတည်း ဖြစ်စေလျက် တိုင်းပြည်၏ အကျိုးကို အထူးဆောင်ရွက် ခဲ့ပေသော အာဇာနည် မင်းသုံးပါး (သို့မဟုတ်) လေးပါး ရှိ၏။
ပထမအကြိမ် သက္ကရာဇ်၄၀၀ ခန့်ဆီ၌ တိုင်းပြည် နိမ့်ကျနေရာမှ အနော်ရထာမင်းစော ဆယ်ယူ ၊ တည်ထောင် ၊ ဝပြော သာယာအောင် ပြုပေ၏။ ဒုတိယအကြိမ် သက္ကရာဇ် ၉၀၀ ခန့်၌ တပင်ရွှေထီးနှင့် ယောက်ဖတော်ကြီး ဘုရင့်နောင် ကျော်ထင်နော်ရထာတို့ ဆယ်ယူ တည်ထောင်ခဲ့ပြန်သည်။ တတိယအကြိမ် သက္ကရာဇ် ၁၁၀၀ ကျော်တွင် အလောင်းဘုရား ဦးအောင်ဇေယျ ဆယ်ယူ တည်ထောင်ခဲ့လေသည်။
ဤတွင်ဒုတိယအကြိမ်ကယ်ဆယ်သူ တောင်ငူဘုရင်တပင်ရွှေထီးနှင့် ဟံသာဝတီဘုရင် ဘုရင့်နောင် ကျော်ထင်နော်ရထာတို့ အကြောင်းကို အမြွက်မျှ ဖော်ပြပါအံ့။
သက္ကရာဇ် ၈၀၀ ကျော် ၉၀၀ အတွင်းလောက်တွင် မြန်မာနိုင်ငံကြီး ကစဉ့်ကလျား ပျက်စီးလျက် ဘုန်းတန်ခိုးအာဏာ ကြီးမားသော ဘုရင်မရှိ ၊ ဘုရင်ငယ် မင်းငယ်တို့သည် ထီးပြိုင်နန်းပြိုင် များစွာ ရှိကြကုန်၏။
ထိုအခါက အင်းဝတွင် ရှမ်းသိုဟန်ဘွား အုပ်စိုး၍ တစ်ဘုရင် ၊ ပြည်မြို့တွင် နရပတိ အုပ်စိုး၍ တစ်ဘုရင် ၊ ဟံသာဝတီတွင် သူရှင်တကာ ရွက်ပိ အုပ်စိုး၍ တစ်ဘုရင် ဤသို့ အစိတ်စိတ် အမြွှာမြွှာ အုပ်စိုး၍ နေကြ၏။ ဤခေတ်ကြီးသည် ' ဂ ငယ်သုံးခု ဥသျှစ်ထု ' ဆိုသဖြင့် ၈၈၈ ခုတွင် မြန်မာနိုင်ငံ စိစိညက်ညက် ကြေ၍ ပျက်စီးသော အခါဆိုးကြီး ဖြစ်၏။
ဤသို့ရှိနေစဉ် တိုင်းသားပြည်သူ ရှင်လူတို့ကို ဆင်းရဲကြီးစွာမှ ကယ်တင်ရန် တောင်ငူတွင် တပင်ရွှေထီးနှင့် ဘုရင့်နောင်တို့ ပေါ်ပေါက်လာလေ၏။
တပင်ရွှေထီး ပဋိသန္ဓေတည်ခြင်း
ကေတုမတီ တောင်ငူပြည်ကြီးဘုရင် မဟာသီရိဇေယျသူရ (မင်းကြီးညို)သည် ငနွဲကုန်း သူကြီးသမီးကို ကောက်ယူလေသည်။ တစ်ခါသော် ထိုမိန်းမငယ်သည် မင်းကြီးအား ယပ်ခတ်နေစဉ် ခြေတော်ကို ဖက်၍ အိပ်ပျော်နေရာမှ ကျယ်လောင်စွာ လန့်၍ အော်၏။ မင်းကြီးမေးသော် " ကောင်းကင်က နေမင်း ဆင်းလာပြီးလျှင် ကျွန်တော်မ၏ ဝမ်းကိုခွဲ၍ ဝင်သည်ဟု အိပ်မက်သောကြောင့် လန့်၍ အော်ပါသည် " ဟု လျှောက်၏။ မင်းကြီးလည်း " နင့်တွင် ပဋိသန္ဓေ တည်လာသူသည် နေကဲ့သို့ ဘုန်းကြီးလိမ့်မည် ၊ ယောက်ျားဖွားလျှင် နင့်ကို မိဖုရားမြှောက်မည် " ဟု မိန့်တော်မူ၏။
နေ့လ စေ့၍ ၈၇၈ ခု ၊ ကဆုန်လပြည့်ကျော် ၁ ရက် ၊ ဗုဒ္ဓဟူးနေ့ ၊ ညဉ့် ၄ ချက်တီးကျော် (စက်နာရီ ၆ နာရီကျော်) တွင် သားတော် တပင်ရွှေထီး ကို ဖွားသတည်း။ ဖွားသောအခါ မိုးသီး ရှောက်သီးခန့် ကျ၏။ တောတောင် မြို့ရွာကို မီးလျှံကဲ့သို့ တောက်ကုန်၏။
မင်းကြီး၏ ဆရာတော်သည် ယနေ့ တိတ်နိမိတ် ကြီးလှ၏။ ဘုရင်မှာ တစ်စုံတစ်ခုသော အကြောင်း ရှိလိမ့်မည်ဟု နန်းတော်သို့ ဝင်ခဲ့၏။ စုံစမ်း၍ သားတော်ဖွားကြောင်း သိရသော် ဆရာတော်က " အမည် ပေးပြီးပြီလော " ဟု မေးတော်မူ၏။ " ' တပင်ရွှေထီး ' သမုတ်ပေသည် " ဟု လျှောက်လျှင် ဆရာတော်က " မင်းဆက် ပြတ်လေပြီတကား " ဟု မိန့်တော်မူ၏။
မယ်တော်ကို ကတိအတိုင်း ဘုရင်က ' ရာဇဒေဝီ ' ဟူသော အမည်ဖြင့် မိဖုရား မြှောက်တော်မူ၏။
[မှတ်ချက် ဖွားစဉ်က ဦးထိပ်တွင် တံပူခန့် ဆံပင်တစ်ချောင်းတည်း ပါလာသည်ကို စွဲ၍ ' တပင်ရွှေထီး ' ဟု မှည့်ခေါ်လိုက်ခြင်း ဖြစ်သည်။ ဆရာတော်ကား တစ်ပင် = တစ်ခု = တစ်ပါး ဟူသော အနက်ကိုယူ၍ နောက်ဆုံး မင်းတစ်ပါး အနေဖြင့် မင်းဆက်ပြတ်ပြီဟု မိန့်ဆိုလိုက်ခြင်း ဖြစ်သည်။
ယိုးဒယား (ထိုင်း) ကမူ မိမိတို့ ဘာသာဖြင့် ' ဘုရားကျောက် ဟုံစာလင့်ဒမ်း ' ဟု ခေါ်သည်။ အဓိပ္ပါယ်ကား ' လျှာနက်မင်းတရား ' ဆိုလိုသည်။ ဤသို့ခေါ်သည်မှာ ထိုမင်း၏ လျှာတော်၌ အလွန်မည်းနက်သော စက်တော် ပါရှိသောကြောင့် ဖြစ်လေသည်။ ]
ဟံသာဝတီဘုရင် ဓမ္မစေတီမင်း၏ သားတော် မင်းရဲကျော်စွာသည် အပြစ်မရှိဘဲ မိမိ အသတ်ခံရသည်ဟု " နောင်ဘဝ၌ မြန်မာတို့ ဝမ်းဝယ် ဖြစ်၍ မွန်တို့ကို နှိမ်နင်းညှင်းဆဲ၍ အစိုးရစေသော " ဟု ဆုတောင်းကာ မိမိ၏ ဝတ်စားတန်ဆာ တို့ကို ရွှေမော်ဓော ဘုရားတွင် ပူဇော်လေသည်။ တပင်ရွှေထီး သန္ဓေတည်စက ဓမ္မစေတီမင်း၏ သားတော် မင်းရဲကျော်စွာ ဖြစ်လာသည်ဟူ၍ အိပ်မက်ပေးသော ဟူ၏။
တပင်ရွှေထီး၏ သူရသတ္တိ
ခမည်းတော် နတ်ရွာစံလျှင် ၈၉၂ ခုတွင် တပင်ရွှေထီး နန်းတက်၏။ ၈၉၄ ခု ၊ အသက် ၁၇ သို့ အဝင် နားထွင်းမည်ရှိရာ " ရွှေမော်ဓော ဘုရားမှာ နားထွင်းမည် " ဟု မိန်ပတော်မူ၏။ မှူးတော် မတ်တော်တို့က " ဟံသာဝတီသည် ရန်သူတို့မြို့ ဖြစ်ပါသည် ၊ မသင့်ပါ " ဟု လျှောက်သော် " ငါ့ကို မွန်တို့ ဝံ့မည်လော " ဟု မိန့်တော်မူပြီးမှ (သတ္တရုဇေယျ) ဟူသော မြင်းကိုစီး၍ အမတ်လေးကျိပ် ၊ မြင်းရံ ၅၀၀ နှင့် ချီတော်မူသည်။
ရောက်သော် မြင်း ၅၀၀ ကို ဘုရားပတ်လည်၌ ဝန်းရံနေစေပြီးလျှင် ရင်ပြင်တော်ပေါ်သို့ တက်၍ ဦးသျှောင်ထုံးခြင်း ၊ နားထွင်းခြင်းကို ပြုတော်မူ၏။
မွန်မင်း သူရှင်တကာရွတ်ပိ ကြားလျှင် " ဖမ်းလေ " ဟု အမိန့်တော် ရှိ၏။ ထိုအခါ အထိန်းတော် ဗညားလော ၊ ဗညားကျန်း တို့သည် အလုံးအရင်း ဆင်မြင်း များစွာနှင့် ဝန်းရံကြလေ၏။
ထိုအကြောင်းကို သိ၍ အမတ်တို့က လျှောက်ကြသော် တပင်ရွှေထီးက " နားကိုသာ တည့်အောင်ထွင်း ၊ မွန်တို့ကို ငါ တိုက်တော် မူမည် " ဟု မိန့်တော်မူ၏။
နားထွင်းပြီးသော် သတ္တရုဇေယျကို စီး၍ " ငါမင်းတရားရွှေထီး ၊ နင်တို့ ဝံ့မည်လော " ဟု ကြုံးဝါးပြီးလျှင် မြင်းတော်ကို အားကုန်လွှတ်၍ မြင်းရံ ၅၀၀ နှင့် အတင်းထွက်တော်မူ၏။
ရန်သူတို့လည်း တစ်ယောက်မျှ မလိုက်ဝံ့ ၊ အံ့ဩ၍သာ ကျန်ရစ်ကြ၏။ မင်းတရားရွှေထီးလည်း သုံးလေးရက်နှင့် ကေတုမတီ တောင်ငူသို့ ရောက်တော်မူလေ၏။
တပင်ရွှေထီး ဟံသာဝတီကို ရတော်မူပုံ
၈၉၆ ခု ၊ အသက် ၁၉ နှစ်တွင် တပင်ရွှေထီးသည် သူရှင်တကာရွတ်ပိ အုပ်စိုးလျက်ရှိသော ဟံသာဝတီကို အလုံးအရင်းနှင့်ချီ၍ သုံးကြိမ်တိုင်တိုင် လုပ်ကြံရာ မရချေ။ ထိုအခါမှ ဥပါယ်တံမျဉ်ဖြင့် ကြံလေတော့၏။
ဟံသာဝတီကို မရနိုင်သည်မှာ သူရှင်တကာရွတ်ပိ၏ အထိန်းတော် ဗညားလော ၊ အချီတော် ဗညားကျန်းတို့ အစီအမံ ခိုင်ခံ့လှသောကြောင့် ဖြစ်လေသည်ကို တပင်ရွှေထီး ကြားသိ၏။
၈၉၉ ခုတွင် သူရှင်တကာရွတ်ပိက မဟာမိတ်ပြုရန် သံလွှတ်သောအခါ ဗညားလော ၊ ဗညားကျန်း တို့ကလည်း သံဖက်တွဲ၍ ထည့်လိုက်၏။ ထိုအခါ အထင်အမြင် မှားစေရန် တပင်ရွှေထီးက ၊ ဗညားလော ဗညားကျန်း တို့၏ သံကိုသာ အရေးယူ ကျွေးမွေးပြုစု၏။ ၎င်းတို့ ပြန်သောအခါလည်း " ဦးရီးတော် ဗညားလော ၊ ဗညားကျန်း တို့အား ဤပန်းများကို ပေးပါလေ " ဟု ရွှေသစ္စာပန်းနှစ်ပွင့် ပေးတော်မူလိုက်၏။ ဤအကြောင်းကို သံတို့ပြန်ရောက်၍ ကြားသိရသော် သူရှင်တကာရွတ်ပိသည် ဗညားလော ၊ ဗညားကျန်း တို့ကို မယုံမကြည် ရှိလာလေ၏။
မင်းတရားရွှေထီးကလည်း အောက်ပါအတိုင်း ဆက်လက်ကြံပြန်၏။
ရွှေပေတွင်စာရေး၍ ဗညားလော ၊ ဗညားကျန်း တို့ထံသို့ ပို့ရသည့်အဟန် စီရင်ရ၏။ စာတွင်ပါသည်ကား " ကေတုမတီပြည့်ရှင် တူတော်မင်းတရား ကြားလိုက်သည် ၊ ဦးရီးတော်နှစ်ပါး။ ဦးရီးတော်တို့က ပေးမှာသည့်စာတွင် ပါသည့်အတိုင်း အရေးတော်ပြီးလျှင် ဦးရီးတော် ဗညားလောအား ဟံသာဝတီကို စားပါစေမည်။ ဦးရီးတော် ဗညားကျန်းအား မုတ္တမကို စားပါစေမည်။ အရေးတော်ပြီးလွယ်အောင်သာ ကြိုးစား အားထုတ်ပါ။ သူကောင်းပြုပါမည် " ဟု ရေးပြီးလျှင် စာကို တံဆိပ်လက်ရာခတ်၍ လူသုံးကျိပ်ကျော်ကို လွှတ်လိုက်၏။
သံတို့ကို မှာတော်မူသည်ကား " ဟံသာဝတီကျေးသို့ ရောက်လျှင် ဝန်စည်ပို့စေ။ ရွာတစ်ရွာတွင် ရွာသားတို့နှင့် အချင်းများအောင် ချည်နှောင်ရိုက်နှက် အနိုင်ထက်ပြုလေ။ မခံနိုင်၍ ရန်မူသောအခါမှ မနိုင်ဟန်ဆောင်၍ ဝန်စည်နှင့်တကွ စာကိုပစ်ခဲ့၍ ကိုယ်လွတ်ထွက်ပြေးခဲ့ " ဟု မှာတော်မူ၏။
ထိုအတိုင်း နာခံပြုလုပ်သဖြင့် ပစ်ခဲ့သော စာကို မွန်တို့ရရှိ ၊ သူရှင်တကာရွတ်ပိအား ဆက်လေ၏။ စာတွင်ပါသည်ကို တွေ့သော် မဆင်ခြင်ဘဲ ယခင်ကလည်း မယုံကြည်သည်နှင့် ဗညားလော ၊ ဗညားကျန်း တို့ကို ခေါ်၍ သတ်လေ၏။ ဤအမတ်ကြီးနှစ်ဦး မရှိလျှင်ပင် ဟံသာဝတီ အားလျော့ချေ၏။
ထိုအခါမှ တပင်ရွှေထီး ချီလာ၏။ သူရှင်တကာရွတ်ပိလည်း မခံနိုင်ပြီဖြစ်၍ စစ်ကူရအံ့သောငှာ ယောက်ဖတော် ပြည်ဘုရင် နရပတိထံသို့ ဆန်လေ၏။ ထိုအခါ တပင်ရွှေထီးသည် ဟံသာဝတီကို အလျင်ချီ၍ သိမ်းယူတော်မူ၏။
တပင်ရွှေထီး ပြည်မြို့သို့ ချီခြင်းနှင့် (ကျော်ထင်နော်ရထာ၏သတ္တိ)
တပင်ရွှေထီး ပြည်သို့ချီ၍ နောင်ရိုးသို့ရောက်သော် သူရှင်တကာရွတ်ပိသည် နောင်ရိုးတစ်ဖက်မှာ ရှိ၏။ ထိုအခါ ကျော်ထင်နော်ရထာ ဤသို့ စီစဉ်၍ တိုက်၏။
ကျော်ထင်နော်ရထာသည် သူရှင်တကာရွတ်ပိ၏ စစ်ကိုတိုက်ရန် မိမိ၏ ဆင်မြင်း ဗိုလ်ပါတို့ကို နောင်ရိုးချောင်း တစ်ဖက်သို့ဖောင်ဖြင့် ကူးစေ၏။ တစ်ဖက်သို့ရောက်သော် အမှုထမ်းတို့ စိတ်နှစ်ခွ မရှိရအောင်ဟု ဖောင်ကို ဖျက်ပစ်ရ၏။
ထိုအခါ တပ်မှူး စစ်ကဲတို့က " ကျွန်တော်တို့မှာ ဆင်မြင်းဗိုလ်ပါ နည်းလှ၏။ သူတို့မှာ ကျွန်တော်တို့ထက် ဆယ်ဆမက များလှ ပါသည်။ ကျွန်တော်တို့အောင်သော် ကောင်းပါ၏။ မအောင်၍ ဆုတ်ခဲရသော် ပြန်ကူးစရာ ဖောင်မရှိသဖြင့် မခက်ပြီလော " ဟု လျှောက်ကြ၏။
ကျော်ထင်နော်ရထာက " အစ်ကိုတို့ မစိုးရိမ်လင့် ၊ ဘုန်းတော်ကြောင့် အောင်လိမ့်မည်။ ပြန်ကူးစရာ ဖောင်မရှိမှ အားလုံး စိတ်နှစ်ခွ မရှိဘဲ အသက်ကိုစွန့်၍ တိုက်ကြလိမ့်မည် မဟုတ်လော " ဟု ဆိုလေ၏။
ဤအတောအတွင်း မင်းတရားရွှေထီးက " ရန်သူကိုတွေ့လျှင် မတိုက်နှင့်ဦး ၊ ငါရောက်လာမှ တိုက် " ဟု မြင်းဆယ်စီးနှင့် လွှတ်၍ မိန့်တော်မူသည်ကို ကျော်ထင်နော်ရထာက " ဘုန်းတော်ကြောင့် အောင်မြင်လေပြီ " ဟု ပြန်လျှောက်လိုက်၏။
ထိုအခါ မှိုင်းရဲ ဟူသော အမတ်က " ကျွန်တော်တို့သည် သူ့ကို မအောင်သေး ၊ တွေ့ပင် မတွေ့ရသေးပါ။ ယခု အောင်ပြီဟု လျှောက်လိုက်သည်မှာ အကယ်၍ အရပ်အနေ မသင့်သဖြင့် မအောင်သော် အပြစ်တော် မတင်လော " ဟု လျှောက်၏။
ကျော်ထင်နော်ရထာက " သည်စစ်ကို ငါတို့ မုချနိုင်ပါလိမ့်မည် ၊ နိုင်မှသာ ငါတို့ အသက်ရှင်မည် ၊ မအောင်သော် ငါတို့ သေရမည် ၊ သေပြီးသည်ကို အဘယ်သူအား အပြစ်တင်နိုင်ဦးမည်နည်း " ဟု ရဲမက်ဗိုလ်ပါတို့ စိတ်နှစ်ခွ မရှိရအောင် မိန့်တော်မူလိုက်၍ တိုက်ကြသော အခါလည်း စင်စစ် အောင်နိုင်လေ၏။ ထိုအခါ သူရှင်တကာရွတ်ပိသည် ပြည်မြို့သို့ ခိုရလေသတည်း။

ကျော်ထင်နော်ရထာ၏ သားတော် အသက် ၁၃ နှစ်ရှိ ဇေယျသီဟ
၉၁၀ တွင် တပင်ရွှေထီးသည် ယိုးဒယား (ထိုင်း)သို့ စစ်ချီတော်မူရာ ဘုရင့်နောင် ကျော်ထင်နော်ရထာ ကြီးကြပ်၍ ဆောင်ရွက်ရ၏။ စစ်ပွဲတစ်ပွဲတွင် ယိုးဒယား (ထိုင်း) တို့နှင့် တွေ့ကြသောအခါ ယိုးဒယား (ထိုင်း) ဘုရင့်သမက် ဩယာလဂွန်းအိမ်မာ သည် အရပ် ခုနစ်တောင်ရှိသော် ' ဇေယျာနုဘတ် ' ဟူသော ဆင်ကိုစီး၍ အပြင်းလွှတ်လာသည်ကို ကျော်ထင်နော်ရထာက ' ဇေယျပလ္လင် ' ဟူသော ဆင်နှင့် ခံ၍ တိုက်၏။ ဇေယျာနုဘတ်၏ အာပေါင်ကို ထိုးမိ၍ ဆင်အား မတန်သဖြင့် ရပ်လေ၏။
ထိုအခါ ဘုရင့်နောင်သားတော် ၁၃ နှစ် အရွယ် ပတ္တမြားကြက်တောင်နှင့် ရွှေမောက်တို့ကို ဖောက်၍ ဆောင်းသော ဇေယျသီဟ သည် ' ရဲလုလင် ' ဟူသော ဆင်ကိုစီး၍ ကူညီတိုက်၏။ ဩယာလဂွန်းအိမ်မာ ဆင်၏ မုန်အိုးကို ထိုးမိလျှင် မျက်နှာသုတ်၍ ပြေးလေ၏။ ဤအခါမှ ဘုရင့်နောင်၏ ကုန်းလယ်စီးက လှံနှင့်လွှတ်သော် ဇေယျနုဘတ်၏ နားတွင် တန်းလန်းငြိလျက် ဇေယျာနုဘတ် ပြေးရလေ၏။ အဆုံး၌ မြန်မာတို့က နိုင်၍ ဩယာလဂွန်းအိမ်မာ နှင့်တကွ အများကို ရလိုက်၏။
ဇေယျသီဟသည် ကူညီ၍ တိုက်သဖြင့် ဩယာလဂွန်းအိမ်မာကို အောင်သည်ဟု တပင်ရွှေထီး အားရတော်မူသဖြင့် ဇေယျသီဟအား ' မင်းရဲကျော်စွာ ' ဟူသောအမည်နှင့် ရွှေကွမ်းခွက် ၊ လက်ဖက်အိုး ၊ မိုးကြိုးထွေးခံ ၊ ရွှေခွက် စသည်များကို သနားတော် မူလေ၏။
ဘုရင့်နောင်၏ သဘောသတ္တိ
စစ်ပွဲအောင်ပြီးနောက်မှ တပင်ရွှေထီး မီလာသော် ဤသို့ မိန့်၏။ " သူ့ကိုတွေ့လျှင် မတိုက်နှင့် ငါ့ကိုငံ့ဦး ၊ ငါရောက်မှ တိုက်တော် မူမည်ဟု မိန့်လိုက်သည်ကို အဘယ်ကြောင့် ငါ့ပွဲကို ဖျက်သနည်း " ဟု မိန့်တော်မူ၏။
ဘုရင့်နောင် လျှောက်သည်ကား " ကျွန်တော်တို့သည် အမိန့်တော်အတိုင်း စစ်အင်ကျင်း၍ အရှင့်ကို ငံ့နေစဉ် ယိုးဒယား (ထိုင်း) စစ်သည်များသည် လက်ဝဲလက်ယာ ညှပ်၍ တက်လာသည်ကို ကျွန်တော်တို့ မြင်လျှင် အမိန့်တော်ကို ကြောက်၍ကား နေသည် မဟုတ် ၊ မရဲ၍ နေသည်ဟု အများဆိုမည် စိုးသဖြင့် အကွပ်တော် ခံတော့မည် ၊ သူ့ အသွမ်းသွေးကို မခံပြီဟု ကျွန်တော်တို့ တိုက်ပေသည် " ဟု လျှောက်၏။
မင်းတရားရွှေထီးလည်း " ငါ့အမိန့်တော်ကို လွန်ဆန်သည်ကား မှန်၏။ သို့ရာတွင် အရေးတော် မလစ်လပ် စစ်ရေးလှသည်ကို ငါအပြစ်တင်ထိုက်တော့သလော " ဟု မိန့်ဆိုကာ ဆုလာဘ် ပေးသနားတော်မူ၏။
တပင်ရွှေထီး ပျက်စီးပုံ
ဤသို့ ဘုန်း ၊ လက်ရုံးအာဏာနှင့် ပြည့်စုံသော မင်းတရားရွှေထီးသည် မပေါင်းအပ်သော ကုလား ဗရင်ဂျီတစ်ယောက်နှင့် ပေါင်းဖော်မိ၍ ပျက်စီးရချေသည်။ ဗရင်ဂျီတစ်ယောက်သည် စစ်ရေးမလှ ၊ သင်္ဘောပျက် ၊ မုတ္တမဆိပ်သို့ မျောလာ ၊ မုတ္တမစားက ဖမ်း၍ တပင်ရွှေထီးအား ဆက်၏။ ရုပ်ရည်ကောင်းခြင်း ၊ သေနတ်ပစ်ကောင်းခြင်း တို့ကြောင့် တပင်ရွှေထီးက နှစ်သက်သဖြင့် အိမ်ရာပေး၍ ကိုယ်လုပ်တော် တစ်ယောက်နှင့် ပေးစားထား၏။
ထိုဗရင်ဂျီ ကုလားတို့ အစားအသောက်ကို ချက်ပြုတ်ကြော်လှော်၍ ဘုရင်အား ဆက်၏။ ၎င်းပြင် စပျစ်ရည် ၊ အရက်တို့ကိုလည်း ဆက်၏။ တစ်စတစ်စနှင့် ဘုရင်သည် အရက်စွဲ၍ အလွန် မူးယစ်ပြီးလျှင် ဤသူ့မယားကို ထိုသူ့အားပေး ၊ ထိုသူ့မယားကို ဤသူအားပေး စသည်ဖြင့် မအပ်မရာ အလွဲလွဲ အမှားမှား တို့ကို ပြုမူလေ၏။ မလို၍ ချောစားသည်များကိုလည်း စစ်ဆေးခြင်းမရှိ ခေါ်၍သာ သတ်လေ၏။
ထိုသို့ ကျင့်ဖန်များသော် ဘုရင့်နောင် ကျော်ထင်နော်ရထာသည် ညီတော်ကို ဆုံးမတားမြစ်၏။ သို့ပါသော်လည်း လွန်နေပြီဖြစ်၍ မရတော့ချေ။ ညီတော်သည်ကား " ငါ့ကို မလျှောက်နှင့်တော့ ၊ ငါပျော်သလိုပင် နေတော့မည်။ နောင်တော်သာ တိုင်းရေးပြည်မှုကို ကြည့်ရှု စီမံပါတော့ " ဟူ၍သာ အထပ်ထပ် မိန့်တော်မူသည်။ ထွက်တော်မူနိုင်သောအခါလည်း ရှိ၏။ ထွက်တော်မမူနိုင်သော အခါလည်း ရှိ၏။ တိုင်းရေးပြည်မှု အရပ်ရပ်ကိုလည်း မိမိပင် အုပ်စီး၍ စီမံခန့်ခွဲရလေ၏။
ဤသို့ဖြစ်လတ်သော် မွန် ၊ မြန်မာ ၊ ရှမ်း အားလုံးသော မှူးမတ်တို့က ဘုရင့်နောင်အား " ယခု ပြည်ရွာငြိမ်ဝပ်မည့်အရေး မရှိပြီ ၊ ညီတော်ကို လုံခြုံစွာထား၍ အရှင်သာ နန်းတက်တော်မူပါတော့ ၊ ကျွန်တော်တို့ အမှုတော်ကို ထမ်းရွက်ပါမည် " ဟု လျှောက်ကြကုန်၏။
တရားပြည့်၍ သစ္စာကြီးသော ဘုရင့်နောင်က " အစ်ကိုတို့ ၊ ငါတို့တွင် မင်းတရား၏ ကျေးဇူးသစ္စာနှစ်ပါး ရှိပေသည်။ လောကတွင် ' မတော်မမှန် ကျင့်သူသည် အနှစ်တစ်ရာ နေရသော်လည်း တော်မှန်သူ တစ်နေ့နေရသည်ကို မတန် ' ဟု တရားတော်ရှိသည်။ ငါလည်း မင်းတရားကို ဖျောင်းဖျပါဦးမည်။ မရစေကာမူ မသင့်သော အကြံကိုကား မကြံအပ် ၊ အစ်ကိုတို့ ဝိုင်းဝန်းစောင်မ၍သာ တိုင်းပြည်ကို အုပ်ချုပ်ကြရမည်။ အစ်ကိုတို့အတွက်ကိုလည်း မစိုးရိမ်လင့် ၊ ငါရှိလေပြီ။ စားမြဲသော စည်းစိမ်နှင့် ငြိမ်သက်စွာ နေကြရမည် " ဟု မိန့်တော်မူ၏။ မှူးမတ်တို့လည်း ထပ်၍ မလျှောက်ဝံ့ကြကုန်။
ထိုသည့်နောက် တိုင်းရေးပြည်မှုကို ကိုယ်တော်တိုင် အုပ်ချုပ်၍ ကုလားကို ကုလားပြည်သို့ ပြန်စေသတည်း။
တပင်ရွှေထီး နတ်ရွာစံပုံ
သက္ကရာဇ် ၉၁၁ တွင် သန်လျင်မှ အခြေပြု၍ သူပုန်ထသည်နှင့် ဘုရင့်နောင်သည် နှိမ်နင်းရန် သွားရ၏။ အခြား သစ္စာရှိသော သူတို့လည်း ကိစ္စအသီးသီးနှင့် မင်းတရားရွှေထီး အပါးတော်တွင် မရှိသောအခါ စစ်တောင်းစား သမိန်စောထွတ်မှာ ကြံလျက်ရှိရာ မိမိ၏ ညီနှစ်ယောက် ဖြစ်သော လက်ဝဲဓားမှူး ၊ လက်ယာဓားမှူး များနှင့် တိုင်ပင်မှာထားရင်း ရှိသည့်အတိုင်း ၉၁၂ ခု ၊ ကဆုန်လပြည့်ကျော် ၁ ရက် ၊ ဗုဒ္ဓဟူးနေ့ အဝင် ညဉ့် ၃ ချက်တီး (၃ နာရီ) ကျော်တွင် မင်းတရားရွှေထီး စက်တော်ခေါ်လျက်ရှိစဉ် လက်ဝဲဓားမှူးသည် မိမိစွဲသော ဓားနှင့် လုပ်ကြံလေသတည်း။
ဦးခေါင်းပြတ်၍ သလွန်အောက်သို့ စဉ်ကျလေသည်ကို မိုးသောက်မှ ကြည့်ရှုကြသော် အသက်ရှင်သောသူကဲ့သို့ မျက်တောင် တခတ်ခတ် ရှိသည်။ နေ့တစ်ချက်တီး (နံနက် ၉ နာရီ) ကျော်မှ ငြိမ်သောဟူ၏။ ထိုအကြောင်းကို ဇောတိသာရံ ဆရာတော်ကြားသော် " ဟံသာဝတီကို မွန်တို့ အုပ်စိုးရမည် မဟုတ်သေး ၊ မြန်မာတို့ပင် အုပ်စိုးလိမ့်မည် " ဟု နိမိတ်ဖတ်လေ၏။
တပင်ရွှေထီးသည် ၈၇၈ ခု ၊ ကဆုန်လပြည့်ကျော် ၁ ရက် ၊ ဗုဒ္ဓဟူးနေ့ ၊ ဓနုလဂ် ၊ ဓနုစန်းတွင် ဖွားတော်မူသည်။ ၉၁၂ ခု ၊ ကဆုန်လပြည့်ကျော် ၁ ရက် ၊ ဗုဒ္ဓဟူးနေ့ ၊ အသက် ၃၄ နှစ် တိတိတွင် နတ်ရွာစံတော်မူရသည်။ ဤမင်းသည် ဘုန်း ၊ လက်ရုံး ၊ အာဏာနှင့် ပြည့်စုံ၍ မွန်ပြည် ၊ ရခိုင်ပြည် ၊ သရေခေတ္တရာပြည် တို့ကို အောင်ပြီးမှ မပေါင်းအပ်သူနှင့် ပေါင်း၍ အရက်သေစာ စွဲလေသဖြင့် စည်းစိမ်အသက် ဆုံးခြင်းကြီး ဆုံးရှုံးရလေသတည်း။

No comments: