Monday, March 7, 2016

မွန်ပညာရှိ အမတ်ဒိန်


သက္ကရာဇ် ၇၄၅ ခုတွင် ဗညားနွဲ့သည် ရာဇာဓိရာဇ် ဟူသော အမည်ကိုခံ၍ ရွှေနန်းတက်၏။ ဤသို့တက်ပြီးနောက် မကြာမီပင် " ငါ၏ရန်သူ အမတ်ဒိန်ငယ်ကို သတ်လေ " ဟု အမိန့်ချလေ၏။ အမတ်ဒိန် ငယ်က " အပြစ်စင်စစ် ရှိသူကို ကွပ်သောမင်းသာလျှင် ဘုန်းအာနုဘော် ကြီးရာသည်။ အကျွန်ုပ်ကို ကွပ် မည် မှာ အပြစ်ကို ရှေးဦးစွာ ပြတော်မူပါဦး " ဟု လျှောက်လေ၏။
" သင်၏ အပြစ်ကား ငါဘုရင်ဖြစ်ရန် ကြိုးစားနေစဉ်က အခြား မှူးမတ်များသည် ကိုယ်တိုင်ရောက်သူ ရောက်သည် ၊ ကိုယ်စားလွှတ်သူ လွှတ်သည် ၊ အကြံဉာဏ်ပေးသူ ပေးကြသည် ၊ သင်မူကား ဤသို့ မဟုတ် ၊ ယခု ငါဘုရင်ဖြစ်မှ နှုတ်လက်ချိုပျား ပြုလာသည် ၊ ဤကား သင်၏ အပြစ်တည်း " ဟု မိန့်တော်မူ၏။
အမတ်ဒိန် ပြန်၍ လျှောက်သည်ကား " ကျွန်တော်သည် အရှင့်ခမည်းတော်၏ ကျွန်ရင်း ဖြစ်ပါသည်။ ကျွန်တော် လူကောင်းဟု အမတ်ဒိန် အမည်နှင့် သန်လျင်မြို့ကို စားစေပါသည်။ ကျွန်တော်သည် ထီးဖြူဆောင်းသည့် ဘုရင်စစ်ကိုသာ ခစားပါသည်။ ထီးဖြူ မဆောင်းသေးသည့် မင်းကို မခစားတတ်ပါ။ အမျက်တော်ရှိ၍ ကွပ်သော် ကျွန်တော်သေရမည်ကား မှန်၏။ သို့ပြည်ထဲရေးကား ပျက်လေတော့သည်။ အကြောင်းသော် ကား နောင်အခါ လူတို့သည် အထင်အယူ မှားကုန်ရာသည်။ အမတ်ဒိန်သည် မင်းစစ်ကိုသာ ခစားသည် ၊ ထောင်ထား သောင်းကျန်းသည့် သူပုန်မင်းကို မခစား ၊ မဆည်းကပ် ၊ မကူမညီနေ၍ ထိုသူပုန်မင်း မင်းအဖြစ်သို့ရောက်လျှင် အမတ်ဒိန်ကို သတ်လေသည်။ သို့ကြောင့် ထိုအမတ်ဒိန် ကဲ့သို့ မပြုနှင့် မပြုထိုက်ဟု ယူမှားကြသော် အရှင်မင်းကြီး ပင်ပန်းဆင်းရဲတော် မူရာသည်။ ပြည်ထဲရေးလည်း ပျက်လေရာသည်။ ဤကိုမြင်၍ ကျွန်တော်သည် အရှင် ထောင်ထားနေစဉ်က မဆည်းကပ်ခဲ့ပါ " ဟု ရဲဝံ့စွာ လျှောက်လေ၏။
ဘုရင်လည်း ဆိတ်ဆိတ်သာ နေရ၏။ ထိုအခါ မပိုင်ဆရာနှင့် မင်းကန်စီ တို့က အမတ်ဒိန်၏ စကားသည် ဟုတ်မှန်လေးနက်ကြောင်းကို ဝင်၍ ထောက်ခံကြလေ၏။ ဤတွင်မှ အမတ်ဒိန် ဟူသော အမည်ရင်းနှင့် သန်လျင်မြို့ကို ပြန်၍ ပေးတော်မူသည်။ ဝင်တော်မူခါနီးသော် အမတ်ဒိန်ကို စည်တော်နှင့် အိမ်သို့ ပို့စေတော်မူ၏။

အမတ်ဒိန်ကို မြန်မာမင်းသို့ စေခြင်း
အစဉ်အဆက် ထုံးစံအတိုင်း ရာဇာဓိရာဇ်လည်း မြန်မာမင်းသို့ ပညာရှိ အမတ်ဒိန်ကို ရာဇသံ လက်ဆောင်အများနှင့် လွှတ်၏။ မြန်မာမင်း ကလည်း ကောင်းစွာ ဆီးကြိုလေ၏။
ရှေ့တော်သို့ရောက်လျှင် ပညာ အတိမ်အနက် ၊ အကျစ်အလျစ်ကို သိလို၍ အမတ်ဒိန်အား ထမင်းတည်၏။ ထမင်းပွဲတွင် ငါးဟင်း ၊ အကင် အဖုတ်တို့ကို ထမင်း မမြင်သာအောင် အပေါ်က အပြည့်အုပ်၍ ထည့်၏။ ဆားလှော်ကန်တော့ကို ထမင်းပွဲအလယ်တွင် မြှုပ်၍ထည့်၏။
အမတ်ဒိန်လည်း ထိုငါးဟင်းကို ကျစ်လျစ်စွာ တစ်စသတ်၍ လည်းကောင်း ၊ အကင် ၊ အဖုတ် တို့ကို နှစ်ဖက် လုံး အသားကို ပြန်၍လည်းကောင်း ထမင်းနှင့်တကွ စား၏။
ဤသို့ ကျစ်လျစ်သည်ကို မြင်ရမှ မြန်မာမင်းက ဤသို့မေး၏။
" အမတ်ဒိန် ၊ ဟံသာဝတီတွင် ငါး ရခဲသလော "
" အရှင်မင်းကြီး ၊ နောင်တော်ပြည်မှာ ငါးအမျိုးလေးဆယ် ထူးထူးဆန်းဆန်း ရှိပါသည်။ လဂွန်းတိုင်မြို့မှာ ချောင်းတစ်ဖက်က သရက်တော ၊ တစ်ဖက်က ကြံတော ရှိပါသည်။ သို့ကြောင့် ထိုချောင်းရှိ ငါးတို့မှာ တစ်ဖက်ချဉ် ၊ တစ်ဖက်ချို ဖြစ်ကြပါသည်။ သဲမြို့မှာ သစ်ပင်တက်သော ငါး ၊ ရေပေါ်ဝယ် သွားသောငါး ၊ ဆင်ရုပ် ၊ မြင်းရုပ် ၊ ထီးရုပ် ၊ တံခွန်ရုပ် ၊ ဆီမီးတိုင်ရုပ် ၊ ကွမ်းကျပ်ရုပ် သို့သော ငါးတို့ ရှိပါသည်။ သာယာမြို့မှာ ငါးပိနှင့် အရောင်းအဝယ် ပြုကြပါသည်။ မဟာဂံမြို့မှာ ဆင်နှင့် မုတ္တမမြို့မှာ ကြွေနှင့် အရောင်းအဝယ် ပြုကြပါသည်။ ရန်စစ်မြို့မှာ မြေကိုတူးလျှင် ရွှေ ဖြစ်ပါသည်။ ဤသို့လျှင် နောင်တော့်ပြည်မှာ အထူးအဆန်း များပြားပါကုန်၏ "
" အမတ်ဒိန် ၊ ငါ့မှာ သံပရာသီးတစ်လုံးကို နှစ်ပိုင်း ပိုင်းပြီးသော် တစ်ပိုင်းကို အသားထွင်း၍ ပင်ကန့်တကူ တပ်ပြီးလျှင် ငါနှင့်မိဖုရား စီး၍ အင်းလယ်တွင် ကစားကြသည် "
" အရှင်မင်းကြီး မိန့်တော်မူတိုင်း ဟုတ်ပေလိမ့်မည်။ နောင်တော်မှာလည်း ကန်စွန်းတစ်ဆစ်ကို ခွဲ၍ ပင်ကန့်တကူ တပ်ပြီးလျှင် နောင်တော်က ပဲ့က ၊ မရီးတော်က ဦးက စီး၍ စကျင်အင်း တွင် ကစားကြရပါသည် "
မင်းကြီးလည်း လက်ခုပ်တီး၍ ရယ်တော်မူ၏။
ထိုအခါ အမတ်ဒိန်က
" အရှင်မင်းကြီး ယခု သံပရာနှင့် ကန်စွန်းကို ရောနယ်၍ လက်သုပ် သုပ်စားရသော် အလွန်အရသာရှိမည် မဟုတ်ပါလော "
" အမတ်ဒိန် ၊ ဟံသာဝတီတွင် သင်ကဲ့သို့ မှူးကြီးမတ်ရာ မည်မျှလောက် ရှိသနည်း "
" နောင်တော်ထံတွင် ကျွန်ုပ်ထက်မက အရေးအရာ တတ်လိမ္မာသော မှူးကြီးမတ်ရာ အလွန် များပါသည်။ ကျွန်ုပ်က စာရေးမျှသာ ဖြစ်ပါသည် "
ထိုအခါ မင်းကြီးက ထန်းရွက်နှင့် ကညစ်ပေး၏။ အမတ်ဒိန် ရေးပြီး၍ တစ်ရွက်လုံး စာအပြည့် ၊ ကောင်းမွန်သေသပ်စွာ ရှိသည်ကို မင်းကြီး မြင်ရလျှင် " အိမ်း စာရေး ဖြစ်တန်ရာ၏ " ဟု မိန့်တော်မူ၏။
ဤသို့ မေးမြန်း ပြောဆိုကြပြီးနောက် တဲအုံကနား ရိက္ခာ အပြည့်အစုံနှင့် အမတ်ဒိန်ကို ကောင်းစွာထားတော်မူ၏။

မိကျောင်းတရား၌ အမတ်ဒိန် ဆုံးဖြတ်ပုံ
တစ်ခါသော် မွန်တစ်ယောက်နှင့် မြန်မာတစ်ယောက်သည် မြစ်၌ မိကျောင်းပေါ်သည်ကို မြင်လျှင် မြန်မာက ' မိကျောင်း ' ဟု ဆို၏။ မွန်က ' ကျာမ်း ' ဟု ဆို၏။
ဤသို့လျှင် သူ မှန်သင့် ၊ ငါ မှန်သင့် အငြင်းအခုံဖြစ်လျက် ရှိပစ္စည်းကို သိမ်း၍ ကျွန်ပြုစတမ်းဟု အလောင်းအစားပြုကာ မင်းကြီးထံ ရောက်လာ၏။ အမတ်တစ်ယာက်ကို ဆုံးဖြတ်စေသော်လည်း မပြီးပြတ်သဖြင့် အမတ်ဒိန်အား ဆုံးဖြတ်စေ၏။
အမတ်ဒိန်က " သင်တို့နှစ်ယောက် မိကျောင်းကို အဘယ်အရပ်၌ မြင်သနည်း " ဟု မေးသော် " မွန်အရပ်မှာ မြင်ကြပါသည် " ဟု ဆို၏။ " မွန် အရပ်၌ မြင်လျှင် မွန်အခေါ်နှင့် ပြောသူ နိုင်ကောင်း၏။ သို့ကြောင့် မြန်မာက ပစ္စည်းနှင့် ကိုယ်အစား ရွှေတစ်ပိဿာ မွန်အား ပေးလေ " ဟု ဆုံးဖြတ်၏။ မင်းကြီးကြားသော် အလွန်သဘောကျ ဝမ်းမြောက်၍ အမတ်ဒိန်အား ဆုလာဘ်များစွာ ပေးတော်မူ၏။
ရွှေရသော မွန်လည်း ထိုရွှေတို့ကို မွန်ရွာစပ် ညောင်ပင် တစ်ပင်ရင်း၌ မြှုပ်လေသောကြောင့် ထိုညောင်ပင်ကို ' ရွှေညောင်ပင် ' ဟု နောင် တွင်လေသတည်း။

သားသတ်မှုတွင် အမတ်ဒိန် ဆုံးဖြတ်ပုံ
အခါတစ်ပါး ယောက်ျားတစ်ယောက်တွင် မယားနှစ်ယောက်ရှိရာ မယားကြီးက သားမရ ၊ မယားငယ်သာ သားရ၏။ သို့သော်လည်း သား မမြင်သော မယားကြီးကို ပိုမို ချစ်လေသည်နှင့် မယားငယ်သည် " ငါ့သားကို ငါသတ်၍ မယားကြီး သတ်သည်ဟု ငါဆိုမှ မယားကြီးကို မုန်း၍ ငါ့ကို ချစ်လိမ့်မည် " ဟု ကြံစည်ပြီးလျှင် မိမိသားငယ်ကို ရေတွင်းထဲသို့ တိတ်တဆိတ် တွန်းချသတ်လေ၏။ ပြီးမှ မယားကြီး သတ်ပါသည်ဟု မင်းကြီးအား လျှောက်လေလျှင် အမတ်ကြီး လေးယောက်တို့အား စီရင်စေရာ မပြီးနိုင်။ မင်းကြီး မျက်ပြီးလျှင် ၄င်းတို့ကို အကျဉ်းထားလေ၏။ ထိုနောက်မှာ အမတ်ဒိန်အား အမှုလွှဲတော်မူသည်။
အမတ်ဒိန်လည်း မယားကြီး ၊ မယားငယ် တို့ကို စစ်မေးသော် မသတ်ပါ ဟူ၍သာ အကြောင်းအမျိုးမျိုးပြ၍ ထွက်ဆိုကြ၏။ ထိုအခါမှ အမတ်ဒိန် သည် မယားကြီးကို ဆိတ်ကွယ်ရာသို့ ခေါ်ပြီးလျှင် " သင် မသတ်ဟု ဆိုသော် အများတကာရှေ့တွင် ထဘီချွတ်ဝံ့မည်လော ၊ ချွတ်ဝံ့လျှင် သင် မသတ်ဟု ငါတို့ယုံကြည်မည် " ဟု ဆိုလေ၏။
မယားကြီးက " သခင်ဘုရား ရှေးဘဝက ကုသိုလ်ကံနည်းပါး၍ ယခု မိန်းမ ဖြစ်လာရုံမက လင်ကို တစ်ပိုင်းသာ ရပါသည်။ ဤသို့ ကုသိုလ် နည်းသော မိန်းမဖြစ်လာပြီးမှ ထဘီချွတ်ရဦးမည်ဆိုသော် အဘယ်မှာ ကောင်းတော့မည်နည်း။ အကျွန်ုပ်ကို သတ်လျှင်လည်း ခံရမည်သာ ၊ အသရေကိုသော်ကား မဖျက်ပါနှင့် ၊ သူ့သားကိုလည်း အကျွန်ုပ် မသတ်ပါ " ဟု ဆိုလေ၏။
၎င်းနောက် အမတ်ဒိန်သည် မယားငယ်ကို ဆိတ်ကွယ်ရာသို့ခေါ်၍ ရှေးနည်းအတိုင်း မေးသော် " ချွတ်ဝံ့၏ " ဟု ဆို၍ အကယ်ပင် ပရိသတ်ရှေ့၌ ချွတ်လေ၏။
ဤသို့လျှင် အမတ်ဒိန်သည် မယားငယ်၏ အရှက်အသရေ မရှိသော အဖြစ်ကို သိရှိပြီးမှ မယားငယ်ပင် သတ်တန်ရာ၏ဟု အတပ်ယူ၍ စစ်မေးသော် အဆုံး၌ မယားငယ် ဟုတ်တိုင်း ဝန်ခံရလေ၏။
မင်းကြီး ကြားသော် အမတ်ဒိန်အား ပရိသတ်ရှေ့တွင် ချီးပလျက် ဆုလာဘ်များစွာ ပေးသနားတော်မူလေသတည်း။

လက်ကောက်ခိုးမှု၌ အမတ်ဒိန် ဆုံးဖြတ်ပုံ
တစ်ခါသော် နေပြည်တော်ဝယ် အိုးကင်းကပ်မုန့်လုပ်သော မိန်းမတစ်ယောက်သည် ပတ္တမြား ၊ နီလာ စသော ကျောက်တို့ဖြင့် စီခြယ်သည့် လက်ကောက်တစ်ဆယ့်ငါးကွင်းကို အိတ်တွင်ထည့်၍ ပေါင်ပေါ်မှာထားလျက် ဈေးတွင် မုန့်ချက်နေ၏။ ထိုအခါ ရဟန်းတစ်ပါးသည် မုန့်အလှူလာခံ၍ ထိုမိန်းမ လှူမည်ဟု အမှတ်မဲ့ထလေသည်တွင် လက်ကောက်အိတ် ကျသည်ကို ရဟန်းမြင်လျှင် ခြေဖြင့် ညှပ်ယူ ၊ သင်းပိုင်ကြားတွင် ဝှက်၍ ယူသွားလေ၏။
မုန့်သည်မလည်း သတိရ၍ ကြည့်သော် လက်ကောက်များ ပျောက်ကြောင်းသိသဖြင့် သည်းစွာငိုကြွေးလျက် မင်းကြီးအား လျှောက်လေ၏။ မင်းကြီးလည်း အမတ်ဒိန်အား အပ်လေ၏။
အမတ်ဒိန်သည် မုန့်သည်မအား စစ်မေးသော် မိမိအနီးသို့ ရဟန်းတစ်ပါး လာရောက်ကြောင်း ၊ ထိုရဟန်းကိုလည်း မှတ်မိကြောင်းများကို လျှောက်လျှင် ထိုရဟန်း၏ ကျောင်းကိုပြစေ၍ သိရမှ ပင့်ပြီးသော် ဤသို့လျှောက်၏။
" အရှင်ဘုရား အဆင်းရောင် လှပတင့်တယ် သပ္ပယ်သည်ကြား၍ ပင့်ပါသည်။ ကြားသည့်အတိုင်းလည်း သပ္ပယ်ကြည်ညိုဖွယ် ရှိပေ၏။ စာပေ ကျမ်းဂန် တတ်ပါ၏လော "
" ငါသည် ခုနစ်နှစ်အရွယ်ကပင် သင်္ကန်းဝတ်၍ လောကီ လောကုတ္တရာ ကျမ်းစာစုံအောင် သင်ကြား တတ်မြောက်၏ "
" ကောင်းလှပါ၏ ဘုရား " ဆို၍ ရဟန်းကို ပြန်လွှတ်လိုက်၏။
နောက် ဒုတိယအကြိမ် ပင့်ပြန်၍ ဤသို့လျှောက်၏။
" နေပြည်တော်ဝယ် မင်းကျောင်းသုံးရာ ရှိသည့်အနက် တစ်ကျောင်းမှာ ကျောင်းထိုင်ပုဂ္ဂိုလ် လိုနေပါသည်။ သင့်လျော်သော ရဟန်းတစ်ပါး အလို့ငှာ အကျွန်ုပ်ထံမှာ ဆိုလာပါသည်။ အကျွန်ုပ်အလိုကား အရှင်ဘုရားကို ကြည်ညိုလှသည် ဖြစ်၍ အရှင်ဘုရားကိုသာ ရစေချင်ပါသည် "
" မြို့၏ အရှေ့မြောက်ထောင့်တွင် ကျောင်းတစ်ကျောင်း လစ်လပ်သည်မှန်၏။ ဤကျောင်းကို ရအောင် အမတ်ကြီး ကြံပေးပါ။ သင့်အား လက်ဆောင်များစွာ ပေးပါမည် "
" ရအောင် ကြံပေးပါမည် ၊ မည်သည့်လက်ဆောင် ပေးမည်နည်း "
ထိုအခါ ခိုးထားသော လက်ကောက်များကို ထုတ်၍ ပေးလေ၏။ အမတ်ဒိန်ကလည်း ကျောင်းရပါစေမည် ဆို၍ ရဟန်းကို ပြန်လွှတ်လိုက်၏။ ပြီးမှ လက်ကောက်များကို မုန့်သည်မအားပြသော် မှန်ကြောင်းဆိုမှ လက်ကောက်များ ၊ မုန့်သည်မ ၊ ရဟန်း အားလုံးတို့ကို မင်းကြီးအား အပ်လေ၏။
မြန်မာမင်းလည်း အမတ်ဒိန်အား ကြီးစွာချီးမြှောက် ပူဇော်လေသတည်း။
" မင်းအမတ်ဒိန် ၊ သူရဲအိမ် ၊ ကျောက်စိန်ပုံမယွင်း " (ကဝိလက္ခဏာသတ်ပုံ)


No comments: