သုတေသနစာတမ်း စောဖော (ရန်ကုန်တက္ကသိုလ်)
ကရင်သည် အာရှအရှေ့တောင်သို့ ရောက်ရှိမလာမီ
မည်သည့်အရပ်က လာခဲ့သည့် နောက် ကြောင်းကို ပြန်လေ့လာရမည် ဖြစ်သည်။ အာရှ အလယ်ပိုင်း၊
တရုတ်ပြည် အနောက်ဘက်နှင့် အနောက်တောင်ဘက်မှ လူရေစီးကြောင်းသဖွယ် တရွေ့ရွေ့
ပြောင်းလာသည်မှာ ထင်ရှားပါသည်။ ယနေ့တိုင် ယူနန်နယ်နှင့် တရုတ်ပြည်
အနောက်တောင်ပိုင်း၌ မြောင်၊ လားဟူ စသော ကရင်မျိုးနွယ်စု အများအပြား ရှိကြသေးသည်။
အာရှတိုက် အလယ်ပိုင်း၌ ကရင်အခေါ်အဝေါ်နှင့် တွေ့ရသော အင်းအိုင်များလည်း ရှိသည်။
၎င်းတို့မှာ - ၁။ အီစီနို (Issyk Nor) E.Long 77˚ N.Lat 43˚ ၂။ လော့ပ်နို (Lop Nor)
E.Long 90˚ N.Lat 41˚ ၃။ ဒါလေနို (Dalai Nor) E.Long 117˚30 N.Lat 47˚15 ၄။
ကိုကိုနို (Koko Nor) E.Long 100˚ N.Lat 37˚ ၅။ ခါရင်နို (Charing Nor) E.Long 97˚
N.Lat 34˚45 ၆။ အိုရင်းနို (Oring Nor) E.Long 97˚30 N.Lat 34˚45 ၇။ ဇေလင်းနို
(Zilling Nor) E.Long 89˚ N.Lat 31˚45 ၈။ တန်ကရဲနို (Tengri Nor) E.Long 90˚30
N.Lat 30˚45 စသည် စသည်ဖြင့် အများအပြား ရှိပါသည်။ သို့သော် ယခုအခါ ထိုအမည်
အများအပြားသည် ပြောင်းလဲ သွားကြပြီး ဖြစ်ပါသည်။ ထူးခြားသည့် အချက် တခုမှာ
ကရင်များ၌ မိဘဘိုးဘွား အစဉ်အဆက် ပြောကြသော “ထီးဆဲ့မဲ့ယွာ” (River of punning sand)
ဖြစ်သည်။ ထီးဆဲ့မဲ့ယွာ ဆိုသည်မှာ ရေစီးဆင်းရာတွင် သဲများပါ ရော၍ စီးနေသော
နေရာဒေသကို ရည်ရွယ်ပြောခြင်း ဖြစ်သည်။
ဤစကားအရ ကရင် ဘိုးဘေးများသည် အာရှ
အရှေ့တောင်သို့ တရွေ့ရွေ့ ပြောင်းရွှေ့လာရာ၌ သဲနှင့် ရေ ရော၍ စီးဆင်းသော
ထူးထူးခြားခြားရှိသည့် နေရာကို ဖြတ်ကျော်လာရကြောင်း ဖော်ညွှန်းလျှက်ရှိသည်။
သို့ဖြစ်၍ အာရှတိုက် ကုန်းတွင်းပိုင်း ထိုနေရာကို အမျိုးမျိုး ရှာဖွေကြည့်ရာ ယခု
အီရန်နှင့် အာဖဂန်နစ္စတန် နိုင်ငံ၏ မြောက်ဘက်၊ ဆိုဗီယက် ပြည်ထောင်စုတွင် ပါဝင်သော
တာကစ္စတန် (Turkestan) နယ် (ယခု သီးခြားနိုင်ငံ) တွင် ၎င်း ထီးဆဲ့မဲ့ယွာ အမည်နှင့်
ကိုက်ညီသော နေရာ ထင်ထင်ရှားရှားရှိကြောင်း သိရပါသည်။ (See. Lands and Peoples. Vol
III, p163- “A Glimpse of Turkestan” In this strange land of Turkeston, The
surface of the earth is constanl changing, rivers are shifting their courses or
wandering off to be swallowed up by the desert courses or wandering off to be
swallowed up by the desert sands.) အချို့က ထီးဆဲ့မဲ့ယွာကို မြစ်ဝါမြစ်ဟု
ယူဆကြသည်။ မြစ်ဝါမြစ်သည် ‘လိုးအက်စ်’ ဒေသများကို ဖြတ်ကျော်လာရသဖြင့် ရေ၏အရောင်မှာ
အ၀ါရောင် ပေါက်လာခြင်းဖြစ်သည်။ ယခု ကရင် ဘိုးဘေးများ ပြောသော “သဲစီးဆင်းသောမြစ်”
“သဲစီးဆင်းသောချောင်း” ဆိုသည်မှာ ၎င်းတို့ ဖြတ်သန်း ကျော်လွှားရာ၌ အလွန်အန္တရာယ်
ရှိပုံရပြီး အလွန်ခက်ခဲပုံ ရပါသည်။ သို့ဖြစ်၍လည်း ၎င်းဒေသကို မမေ့နိုင်ဘဲ
သားစဉ်မြေးဆက် ပြောဆိုလာကြခြင်း ဖြစ်နိုင်ပါသည်။ မြစ်ဝါမြစ် ခေါ် ဟွမ်ဟိုမြစ်သည်
လှေ၊ သမ္ဗာန်ဖြင့် ကူး၍ လွယ်ကူသော နေရာ ဖြစ်သဖြင့် ထိုဒေသဖြစ်ရန် ခဲယဉ်းပါသည်။
ဖြစ်နိုင်သည်က မြစ်ဖျားခံရာအရပ် ဖြစ်သည်။ သို့သော် မှတ်တမ်းမှတ်ရာအရ တာကစ္စတန်
နိုင်ငံတွင် အချို့နေရာ၌ မြစ်ထဲတွင် သဲများ စီးဆင်းရုံမျှသာမက သဲကန္တာရထဲပင်
မြစ်များမြုပ်ဝင်သွားကြသည်ဟု သိရပါသည်။ ထိုမြုပ်ဝင်သွားသော မြစ်များ၊
ချောင်းများသည် တနေရာရာတွင် ပြန်၍ ပေါ်လာမည်ဖြစ်ပြီး ထိုပေါ်လာသော မြစ်ချောင်းသည်
သဲနှင့်ရေ ရောလျှက် သဲစီးသော မြစ်ချောင်းသဏ္ဌာန် ဖြစ်လာပေလိမ့်မည်။ ဤအချက်အရ ကရင်
ရှေးရှေးဘိုးဘေးများသည် တာကစ္စတန် ဒေသကို ဖြတ်ကျော်လာရမည်ဟု ယူဆရန် ရှိပါသည်။ တဖန်
ဆက်လက်၍ လေ့လာပါက စိုက်မရ ပျိုးမရနိုင်သော သဲစီးသော မြစ်ဝှမ်းတွင် ယဉ်ကျေးမှု
စတင်နိုင်စရာလည်း မဖြစ်နိုင်ပါ။ ကရင်လူမျိုးသည် ယခုလက်ရှိ အခြေချရာ ဒေသသို့
ရောက်ရှိစအခါက စိုက်ပျိုးရေး မွေးမြူရေးကို လုပ်ကိုင်နေထိုင်ကြသည်သာမက အုပ်ချုပ်သူ
မင်းနှင့် စော်ဘွား (စကော) နှင့် ရှိနေသည်ကို ထောက်ရှုခြင်းဖြင့်
အုပ်ချုပ်ပုံစနစ်နှင့် စိုက်ပျိုးမွေးမြူသည့် အတတ်တို့ကို တနေရာရာမှ
တတ်သိနားလည်လာသည်ဟု ယူဆရပေသည်။ ထိုပညာရပ်များအား ကရင်များ နည်းယူရရှိခဲ့သော
နေရာကို ဆက်၍ စူးစမ်းရပေမည်။ အထက်တွင် ဖော်ပြထားသည့်အတိုင်း ကရင်တို့သည်
တာကစ္စတန်နယ်၏ အနောက်တောင်ဘက် အီရန်နိုင်ငံ (ယခင်အခေါ် ပါရှားနိုင်ငံ)
အနောက်မြောက်ဘက်ကို ဖြတ်ကျော်လိုက်ပါက မြစ်ဝှမ်းယဉ်ကျေးမှု ထွန်းကားသော
“မြစ်နှစ်မွှာ” မြစ်ဝှမ်းဒေသကို ရောက်ပေမည်။ လမ်းပန်း ဆက်သွယ်ရေးအရ လွယ်ကူသော နေရာ
ဖြစ်စရာ ရှိပါသည်။ အဘယ်ကြောင့်ဆိုသော် ပိုးကုန်သည် လမ်းကြောင်း (Silk road) နှင့်
မာကိုပိုလို တရုတ်ပြည်သို့ သွားရာလမ်းသည် ဤဒေသများမှ ဖြတ်သန်းသွားသည်ကို
ထောက်ရှုခြင်းဖြင့် သိနိုင်ပေသည်။ သို့ဖြစ်၍ ကရင်လူမျိုးများ ထိုမြစ်ဝှမ်းဒေသတွင်
အခြေချ နေထိုင်စရာ ရှိသည်ဟု ယူဆစရာ ရှိသည်။ ကရင်လူမျိုးများ၏ အစဉ်အလာ ယဉ်ကျေးမှု
အသုံးအနှုန်းများနှင့် အသုံးအဆောင် အချို့သည် မြစ်နှစ်မွှာ မြစ်ဝှမ်းတွင် အင်ပါယာ
ထူထောင် အုပ်ချုပ်ခဲ့သော ဆီးမိုက်များနှင့် သော်လည်းကောင်း၊ ဆီးမိုက်အနွယ် ဟီဘရူး
ခေါ် ဟေဗြဲ တို့၏ အစဉ်အလာ အသုံးအဆောင်များနှင့် တူကြသည်ကို တွေ့ရသည်။ ဥပမာအားဖြင့်
‘စကော’ (မြန်မာအခေါ် ‘စော်ကဲ’) သည် အကြီးအကဲ ခေါင်းဆောင် စော်ဘွားဟု အဓိပ္ပါယ်ရသည်။
တိုင်းရင်းသား ရိုးရာယဉ်ကျေးမှု “ကရင်” စာအုပ်တွင် စော်ကဲသည် ၁၁၅၀ ခန့်ကို
အုပ်ချုပ်ရသည်ဟု ဆို၏။ ကရင်များက မိမိ အကြီးအကဲကိုခေါ်သော ‘စကော’ သည် မြစ်နှစ်မွှာ
မြစ်ဝှမ်းဒေသတွင် အင်ပါယာနိုင်ငံ ထူထောင်၍ အုပ်ချုပ်ခဲ့သော ဆီးမိုက်ခေါင်းဆောင်
‘ဆာဂွန်’ နှင့် အခေါ်အဝေါ် တူပါသည်။ မြန်မာ့ သမိုင်းမှာ “မင်းကြီးစွာစော်ကဲ ဘယ်သူလဲ”
သိလိုသော ကရင်လူငယ်များ “မှန်နန်းရာဇ၀င်” ကို အခေါက်ခေါက် အခါခါ ဖတ်၍
လေ့လာနိုင်ပါသည်။ (History of the World by Leech, p56 “Sargon Empire” Propably
about 275089, a Semitie chieftain called Sargon ruled in Akkad, and he was a
truly great soldier.) ကရင်လူမျိုးတို့ အမြတ်တနိုး ၀တ်ဆင်ကြသော ကရင်အင်္ကျီ
(သင်တိုင်း) သည် ရှေးရှေးအခါက ဆီးမိုက်အနွယ်ဝင် ယုဒလူမျိုး၊ ဣသရေလ လူမျိုးတို့၏
သင်တိုင်းနှင့် တူသည်။ ကရင်လူမျိုးတို့၏ ယဉ်ကျေးမှု အသုံးအဆောင် တခုဖြစ်သော
ကျွဲချိုသည် ဣသရေလ၊ ယုဒတို့၏ ကျွဲချိုနှင့် တူသည်။ ကရင်လူမျိုးတို့က မိမိတို့
ကိုးကွယ်သော တန်ခိုးရှင်၊ ဘုရားကို ယွာ (Ywah) ဟု ခေါ်သည်။ ဆီးမိုက်အနွယ်ဝင် ဣသရေလ
ဟီဘရူးတို့က ဘုရားကို ယာဝယ် (Yahweh) ဟု ခေါ်သဖြင့် အလွန် ဆင်တူသည်။ (A star in the
east by Rev. Edward Norman Haris p.30, The Karen name for God, Y’wah is very
like Yahweh … Ancient Hebrew pronunciation of the scored name Jehovah.)
ကရင်များ အော်ဘွာ (နတ်စားခြင်း) သည် ဆီးမိုက်အနွယ်ဝင် ဣသရေလ၊ ယုဒနှင့် ဟီဘရူးတို့၏
ပဿခါပွဲတော် (Passover) နှင့် ဆင်တူသည်။ (A star in the east by Rev. Edward
Norman Haris p.31, The Karen know nothing of circumcisin, but they have certain
customs which remind one of some of the mosaic Institution, notably the
Passover.) ကရင်များသည် ရှေးအခါက ယေရှုခရစ် ဆိုသည်ကို ကြားလည်း မကြားဘူးပါ။
ကိုးလည်း မကိုးကွယ်ပါ။ ယွာ (Y’wah) ကိုသာ ကိုးကွယ်သည်။ အော်ဘွာ ပြုလုပ်ခြင်းသည်
ဘုရားကို ယဇ်ပူဇော်ခြင်းသာ ဖြစ်သည်။ ဂေါတမ ဗုဒ္ဓကိုလည်း မကိုးကွယ်ခဲ့ပါ။
မြန်မာနိုင်ငံသို့ ရောက်လာပြီးမှသာ ဗုဒ္ဓဘာသာဝင်များ၊ ခရစ်ယာန် ဘာသာဝင်များ ဟူ၍
ဖြစ်လာခြင်းသာ ဖြစ်သည်။ ကရင်ကိုးကွယ်သော ရှေးဘုရားမှာ ယွာ (Y’wah) သာလျှင်
ဖြစ်သည်။ ယခု ဗုဒ္ဓဘာသာဝင် ကရင်များ အော်ဘွာ နတ်စားခြင်းသည် ရှေးအစဉ်အလာအတိုင်း
ပြုလုပ်ခြင်း ဖြစ်သည်။ ကာလကြာလာခြင်းကြောင့် အနည်းငယ် ပြောင်းလဲမှု ရှိခြင်းသည်
ဓမ္မတာပင် ဖြစ်သည်။ အတိုချုပ် ပြောရမည်ဆိုပါက ယဉ်ကျေးလာပြီဟု ယူဆရမည်ဖြစ်သော
မွန်ဂိုအနွယ်ဝင် ကရင်ဘိုးဘေးများသည် ဤလူမျိုးပေါင်းစုံတို့၏ ယဉ်ကျေးမှု စတင်ရာ
(Cradle of civilization) မြစ်နှစ်မွှာ မြစ်ဝှမ်းဒေသတွင် အခြေချ နေထိုင်ခဲ့သည်ဟု
ယူဆနိုင်ပေသည်။ ယနေ့ အရှေ့တောင်အာရှတွင် အနှံ့နေထိုင်ကြသော ကရင်များသည်
အလွန်ဝေးလံလှသော မက်ဆိုပိုတေးမီးယား ဒေသမှ လူမျိုးများနှင့် အရေးကြီးသော
အကြောင်းအရာများ တူညီနေခြင်းသည် ထူးခြားချက်ပင် ဖြစ်သည်။ အတူတကွ သော်လည်းကောင်း၊
နီးနီးကပ်ကပ် သော်လည်းကောင်း နေထိုင်ခဲ့ကြရမည်ဟု ယူဆရပေသည်။ ၎င်းပြင်
မက်ဆိုပိုတေးမီးယား ဒေသ၌ ဆူးမားရီးယန်းတို့၏ အုတ်ဖုတ်ခြင်း၊ မြို့တည်ခြင်းကိုလည်း
ကရင်များ နားလည် နည်းယူခဲ့သည်ဟု ယူဆနိုင်သေးသည်။ မက်ဆိုပိုတေးမီးယား ဒေသသည်
မြေသြဇာ အလွန်ကောင်းသော ဒေသ ဖြစ်သည်။ စပါးတတင်း မျိုးချလျှင် တင်း ၁၀၀ ထွက်သည်ဟု
အဆိုရှိပါသည်။ (ဦးတင်မောင် ရေးသည့် ရှေးခေတ်ဟောင်း ကမ္ဘာ့သမိုင်း ပထမတွဲ၊ စာ- ၈၇၊
စာကြောင်းရေ ၁၁) ဤမျှ မြေသြဇာကောင်းသော ဒေသကို မွန်ဂိုအနွယ်ဝင် ကရင်များသည်
အဘယ်ကြောင့် စွန့်ပစ်၍ တောအထပ်ထပ်၊ တောင်အထပ်ထပ်၊ သဲစီးဆင်သော အန္တရာယ်ရှိသည့်
မြစ်များကို ကျော်ဖြတ်လျှက် အရှေ့တောင် အာရှ ဒေသသို့ ပြောင်းရွှေ့လာကြရပါသနည်း။
စိတ်ဝင်စားဖွယ်ရာ အချက်တခုပင် ဖြစ်သည်။ မြစ်နှစ်မွှာ မြစ်ဝှမ်းဒေသ (သို့)
မက်ဆိုပိုတေးမီးယား ဒေသ (သို့) ရှိနလွင်ပြင် ဒေသသည် မြေသြဇာ အလွန်ကောင်းသော ဒေသ
ဖြစ်သည် (Pertile cresent)။ ထိုသို့ မြေသြဇာ ကောင်းသော ဒေသကို လူမျိုးများ တမျိုးပြီး
တမျိုး၊ တသုတ်ပြီး တသုတ် ၀င်ရောက်လာကြပြီး ရှိနှင့်သော လူမျိုးများကို တိုက်ခိုက်
အနိုင်ယူကာ အခြေချ နေထိုင်ခဲ့ကြသည်။ ရှုံးနိမ့်သော သူများအနက် အချို့မှာ
ရှောင်ခွာသွားကြပြီး အချို့မှာ လက်အောက်ခံ ဘ၀ဖြင့် ရောနှော နေထိုင်သွားကြသည်။ ဥပမာ
ဘီစီ ၅၀၀၀ ခန့်က မက်ဆိုပိုတေးမီးယား အောက်ပိုင်းတွင် ဆူးမားရီးယန်း လူမျိုးများ
အခြေချ နေထိုင်ကြသည်။ အထက်ပိုင်း၌ အကားဒီးယန်းများ နေထိုင်ကြသည်။ အတန်ကြာသော်
အာရေးဘီးယား သဲကန္တာရဘက်မှ ဆီးမိုက်များ ၀င်ရောက်တိုက်ခိုက်ပြီး အကာဒီးယန်းဒေသကို
သိမ်းပိုက်လိုက်သည်။ နောက်တဖန် အောက်ပိုင်းဒေသတွင်ရှိသော ဆူးမားရီးယန်းကိုလည်း
တိုက်ခိုက်သိမ်းပိုက်ပြီး ဆူးမားအက္က နိုင်ငံ နှစ်ခုပေါင်း အုပ်ချုပ်ခဲ့သည်။ ၎င်းတို့၏
ဘုရင် ဆာဂွန်သည် အလွန်တန်ခိုးကြီးသည့် အင်ပါယာနိုင်ငံကို ထူထောင်ခဲ့သည်။ တခါတရံ
ဆီးမိုက်ဘုရင်ငယ်များ အချင်းချင်းလည်း တိုက်ခိုက်ကြသည်။ အာမိုရိုက် လူမျိုး၊
ဟစ်တိုက်ဟူရယန်၊ ကဆိုကများ၊ ပါရှန်းများ၊ မိဒိများ၊ အီလာမိုက်၊ ဟစ်ဆော့၊
အဆီးရီးယန်း၊ အာရိယန် စသည့် လူမျိုးများသည် တဦးနှင့်တဦး တိုက်ခိုက်ကြသောကြောင့်
မက်ဆိုပိုတေးမီးယား ဒေသသည် စစ်တလင်းဖြစ်လိုက်၊ အေးဆေးသောအခါ တိုးတက်လိုက်နှင့်
လူမျိုးပေါင်းစုံတို့၏ ယဉ်ကျေးမှု ထွန်းကားရာ ဒေသ ဖြစ်လာတော့သည်။ ထိုသို့ မကြာခဏ
ဆိုသလို စစ်ပွဲ ဖြစ်နေ၍ ငြိမ်းချမ်းစွာ နေလိုသော ကရင်များသည် ထိုဒေသမှ
ထွက်ခွာကြခြင်း ဖြစ်ဟန်တူပေသည်။
ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော် ကျင်းပရေး
ဗဟိုကော်မတီ (မဟာရန်ကုန်) ၏ နံရံကပ်စာစောင်တွင် ဖော်ပြထားသည့် သုတေသန စာတမ်းတခုကို
ပြန်လည် ဖော်ပြခြင်း ဖြစ်ပါသည်။
No comments:
Post a Comment