Saturday, February 27, 2016

ရာဟုလာအား မာရ်နတ်ခြောက်လှန့်ခြင်း


    အရှင်ရာဟုလာသည် အရဟတ္တဖိုလ်သို့ ရောက်ပြီးစ  တစ်နေ့ မိုးချုပ်သောအခါတွင် များစွာသော မထေရ်တို့သည် ဇေတဝန်ကျောင်းတိုက်သို့ ဝင်ကြကုန်၍ အရှင်ရာဟုလာ၏ နေရာဌာနသို့ လာရောက်နေထိုင်ကြလေ၏။
    အရှင်ရာဟုလာကား ထေရ်ငယ် ဝါငယ်ဖြစ်၍ မထေရ်ကြီးများ လာရောက်နေထိုင်သည်ကို မတားမြစ်ပိုင်ပဲ အခြားနေရာတခုကိုရှာမှီးသည်တွင် နေရာမရရှိသဖြင့် မြတ်စွာဘုရားရှင်၏ ဂန္ဓကုဋီ ကျောင်းတော်မုခ်ဦး၌ လျောင်းစက်တော်မူလေ၏။
      မာရ်နတ်သည် ဝသဝတ္တီနတ်ပြည်၌ တည်နေရင်းကပင် ဂန္ဓကုဋီကျောင်းတော်မုခ်ဦး၌ လျောင်းစက်နေသော အရှင်ရာဟုလာကို မြင်လေလျှင် --

        " ရဟန်း ဂေါတမ၏ ထိလျှင်နာကျင်မည့် လက်ချောင်းကလေး အရှင်ရာဟုလာကို နှိပ်စက်အပ်လျှင် ရဟန်းဂေါတမကိုလည်း နှိပ်စက်အပ်သည် ဖြစ်ပေတော့မည်"  ဟု ကြံစည်၍ ဆင်မင်းအသွင်ကို ဖန်ဆင်းပြီးလျှင် အရှင်ရာဟုလာ၏ ဦးခေါင်းကို နှာမောင်းဖြင့် ပွေ့ပိုက်ပြီး သည်းစွာသောအသံဖြင့် ကြောက်ရွံ့ထိန့်လှန့်အောင် မည်ဟည်း ဟစ်ကြွေးလေသည်။
     မြတ်စွာဘုရားရှင်သည် ဂန္ဓကုဋီကျောင်းတော်အတွင်း ထိုင်နေတော်မူရင်းကပင် မာရ်နတ်မှန်းသိတော်မူ၍ - " ဟယ် မာရ်နတ် သင်ကဲ့သို့ မာရ်နတ်တစ်ဦးကို မဆိုထားဘိ၊ မာရ်နတ်အပေါင်း တစ်သိန်းသည်လည်း ငါ့သားတော်အား ကြောက်ရွံ့ခြင်းကို ဖြစ်စေခြင်းငှာ မစွမ်းနိုင်ချေ။ ငါ့သားတော်သည် ထိတ်လန့်ခြင်း အလျှင်းမရှိ၊ တဏှာကင်းပြီးသူ လုံ့လဝီရိယကြီးမားသူ ဖြစ်ပေ၏ " ဟု မိန့်တော်မူပြီးလျှင် -
  - တရားတံဆိပ် ခတ်နှိပ်တော်မူလေ၍
" ဟယ် မာရ်နတ် ငါဘုရား၏ ချစ်သား ရာဟုလာသည် ဗြဟ္မစရိယ ပရိယောသာန ခေါ်ဆိုသော အရဟတ္တဖိုလ် တည်းဟူသော အပြီးဆုံးသို့ ရောက်ပြီးသူ ဖြစ်ပေ၏။
- ထိတ်လန့်ကြောက်ရွံ့ခြင်းသည် အလျှင်းမရှိတော့ပေ။
- တဏှာအစစ် တစ်ရာ့ရှစ်တို့မှ စင်စစ်ကင်းပြီးသူလည်း ဖြစ်ပေ၏။
- တစ်ထောင်ငါးရာ ကိလေသာ အညစ်အကြေးတို့မှ ကင်းလွတ်သည့် ယောက်ျားမြတ်လည်း ဖြစ်ပေ၏။
- ကာမ၊ ရူပ၊ အရူပဟူသော ဘဝခပင်း ငြောင့်တံသင်းတို့ကို အမြစ်မကျန် ပယ်လှန်ဖြတ်တောက်ပြီးပြီဖြစ်၏။
- ရာဟုလာ တွင်ခေါ် ထိုငါ့သားတော်၏ ယခုဘဝ ရရှိနေဆဲ ခန္ဓာကိုယ်သည် နောက်ဆုံးရသော ခန္ဓာကိုယ်သာ ဖြစ်ပေတည်း ဟု ဘုရားရှင်က မိန့်သော်မူလေသည် -
   ဘုရားရှင်က ထိုသို့မိန့်လေသော် ---
  - မာရ်နတ်သည် " ငါ ခြောက်လှန့်သာကို မြတ်စွာဘုရားရှင် သိသွားတော်မူပြီ " ဟု သိ၍ ထိုအရပ်မှ ကွယ်ဖျောက်သွားလေ၏။

No comments: