Thursday, February 25, 2016

ခြင် ၊ ယင် နှင့်ပျား


ဟိုးရှေးရှေးတုန်းက ခြင်၊ ယင်နဲ့ ပျား သတ္တ၀ါတွေဟာ ကိုယ်ပိုင် ဘာအစွမ်းအစမှ
မရှိကြသေးဘူးတဲ့ကွယ်။ ခြင်ကလည်း သွေးမစုပ်တတ်၊ ယင်ကလည်း တွေ့လေ
ရာ ရောဂါပိုးတွေ မသယ်တတ်သလို၊ ပျားကလည်း ပျားရည် မလုပ်တက်သေးဘူး
ပေါ့။အဲဒါကြောင့် ခြင်၊ ယင်၊ ပျား သတ္တ၀ါ(၃)ကောင်ဟာ ဘုရားသခင်ထံမှာ သူတို့ကို
အစွမ်းအစ ကိုယ်စီပေးဖို့ တောင်းဆိုကြသတဲ့။ အဲဒီလိုတောင်းတော့ ဘုရားသခင်က
ခြင်၊ ယင်၊ ပျား သတ္တ၀ါ(၃)ကောင်ကို ပုလင်းတစ်လုံးဆီပေးပြီး ပုလင်းထဲကို ပန်းပေါင်း
စုံနဲ့အသီးနှံပေါင်းစုံရဲ့ဝတ်ရည်တွေ အပြည့်ထည့်ယူလာဖို့ မှာလိုက်တယ်။ ပန်းပေါင်းစုံနဲ့
အသီးနှံပေါင်းစုံရဲ့ဝတ်ရည်တွေ အပြည့်ထည့်ယူလာတဲ့နေ့မှာ ဘုရားသခင်က သူတို့(၃)
ကောင်ကို အမှတ်သင်္ကေတ ဆုတံဆိပ်အဖြစ် အစွမ်းတွေ ချီးမြှင့်မယ်ပေါ့။

ဒီလိုနဲ့ ခြင်၊ ယင်၊ ပျား သတ္တ၀ါ(၃)ကောင်ဟာ ပုလင်းကိုယ်ဆီနဲ့ ၀တ်ရည်စုဆောင်းတဲ့
အလုပ်ကို စတင် လုပ်ဆောင်ကြတာပေါ့။ပျားက ပန်းတွေ အသီးအနှံတွေရဲ့ဝတ်ရည်တွေကို စုပ်ယူပြီး ပုလင်းထဲကို နေစဉ် စုဆောင်းသလို ခြင်နဲ့ယင်ကလည်း နေ့စဉ် ရှာဖွေ စုဆောင်းကြတာပေါ့။ ဒါပေမယ့်
ပန်းပွင့်တွေနဲ့အသီးအနှံတွေက ရတဲ့ဝတ်ရည်ဟာ အရမ်းနည်းလွန်းတော့ ၀တ်ရည်
စုဆောင်းရတဲ့အလုပ်ကို ခြင်နဲ့ယင်က စိတ်ပျက်နေတယ်။ ပုလင်း မြန်မြန်ပြည့်မှ
ဘုရားသခင်စီက အစွမ်းတွေ မြန်မြန်ရမှာဆိုတော့ ပုလင်း မြန်မြန်ပြည့်မယ့် နည်းလမ်း
ကို ခြင်နဲ့ယင်က စဉ်းစားသတဲ့။ ရေတွေ စုပ်ယူပြီး ထည့်ပြန်ရင်လည်း ရေက အရောင်
အဆင်းမရှိတော့ ဘုရားသခင်က လက်ခံမှာ မဟုတ်လောက်ဘူးဆိုတာလည်း တွေး
မိသတဲ့။
ဒီလိုနဲ့ တစ်နေ့ ခြင်က ပန်းခင်းထဲမှာ ၀တ်ရည်ရှာဖွေရင်း ပျင်းတာနဲ့ လူတစ်ယောက်ရဲ့
ကိုယ်ပေါ်မှာ သွားနားလိုက်သတဲ့။ အဲဒီလို နားလိုက်ရင်း လူရဲ့အရေပြားအောက်က
သွေးကြောတွေ စီးဆင်းနေတာကို တွေ့လိုက်ရတယ်။ သွေးကြောတွေ စီးဆင်းနေတာ
ကိုကြည့်ပြီး ဒီလူကိုယ်ထဲက အနီရောင်အရည်တွေနဲ့ဆိုရင် ပုလင်းမြန်မြန်ပြည့်မှာ
အသေချာပဲလို့တွေးရင်း သွေးတွေကို စုပ်ယူလိုက်တယ်။ ဒီလိုနဲ့ နေ့စဉ် ပန်းဝတ်ရည်တွေကို
အပင်ပန်းခံမရှာတော့ဘဲ သွေးတွေကို အလွယ်တကူစုပ်ယူပြီး ပုလင်းထဲကို ထည့်နေခဲ့တယ်။
ယင်ကလည်း ဘုရားသခင်ခိုင်းတဲ့အတိုင်း ၀တ်ရည်စုဆောင်းတဲ့အလုပ်ကို ကြိုးစား
အားမထုတ်ပဲ အိပ်လိုက် စားလိုက် သွားချင်ရာသွား နားချင်ရာနားရင်း အပျော်အပါး
တွေ လိုက်စားနေတယ်။ ပုလင်းထဲကို တွေ့လေရာ အရည်တွေ အလွယ်တကူရှာထည့်ပြီး
ဘုရားသခင်စီက အစွမ်းတွေ ရတော့မယ့်အရေး တွေးရင်း စိတ်ကူးတွေနဲ့ ပျော်နေတာပေါ့။
ပျားကတော့ ဘုရားသခင်မှာတဲ့အတိုင်း နေ့စဉ် ၀တ်ရည်တွေကိုပဲ တစ်စိုက်မတ်မတ်
ရှာဖွေစုဆောင်းတယ်။ ဒီလိုနဲ့ အချိန်တွေ ကြာလာခဲ့ပြီး ပျားရဲ့ပုလင်းမှာ ၀တ်ရည်တွေ
အပြည့်ဖြစ်သွားတယ်။
ဒါနဲ့  ခြင်၊ ယင်နဲ့ ပျား သတ္တ၀ါတွေဟာ ပုလင်းကိုယ်စီနဲ့ ဘုရားသခင်ထံကို သွားကြ
တယ်။ ဘုရားသခင်ထံ ရောက်တဲ့အခါ သူတို့ ရှာဖွေ စုဆောင်းထားတဲ့ ပုလင်းတွေကို
ဘုရားသခင်ထံ ဆက်သကြတယ်။ ဘုရားသခင်က ပုလင်းတွေကို ယူလိုက်တယ်။
ပြီးတော့ သူတို့ပုလင်းတွေကို သူတို့စီ ပြန်ပေးလိုက်ပြီး လူတွေရဲ့ရှေ့မှာ ပုလင်းတွေကို
ဖွင့်ဖို့ မှာလိုက်တယ်။ အဲဒီလို ပုလင်းကို ဖွင့်လိုက်တဲ့အခါ အစွမ်းအစတွေ ကိုယ်စီ ရလာ
ကြလိမ့်မယ်လို့လည်း မှာလိုက်တယ်။

ခြင်၊ ယင်၊ ပျား သတ္တ၀ါ(၃)ကောင်လည်း လူတွေရဲ့အရပ်ကို ပြန်လာပြီး လူတွေရဲ့အနားမှာ
ပုလင်းတွေကို ကိုယ်စီဖွင့်ကြတယ်။
ခြင်က သူရဲ့ပုလင်းကို ဖွင့်လိုက်တဲ့အခါ သွေးညှီနံ့တွေကြောင့် လူတွေက ကြောက်လန့်ပြီး
သွေးစုပ်ကောင်လို့ စွပ်စွဲကာ မောင်းထုတ်ကြတယ်။
ယင်ကလည်း သူရဲ့ပုလင်းကို ဖွင့်လိုက်တဲ့အခါ ဆိုးရွားတဲ့အပုတ်နံ့တွေကြောင့် ရွံကြပြီး
ညစ်ပတ်တဲ့ကောင်လို့ စွပ်စွဲကာ မောင်းထုတ်ကြပြန်တယ်။
ပျားက သူရဲ့ပုလင်းကို ဖွင့်လိုက်တဲ့အခါမှာတော့ မွှေးပျံတဲ့ရနံ့ကြောင့် လူတွေ စုရုံးလာကြ
တယ်။ ပျားရဲ့ပုလင်းထဲက အရည်တွေကို သောက်ကြည့်တဲ့အခါ ချိုပြီး မွှေးလွန်းတာကြောင့်
လူတွေ ပျားကို အကောင်သေးသလောက် အစွမ်းကြီးပေတယ်လို့ ချီးကျူးကြတယ်။ ဘာဖြစ်
လို့လည်းဆိုတော့ သူတို့ရဲ့ဘ၀မှာ ဒီလောက်ချိုမြပြီး မွှေးးပျံ့တဲ့အရည်ကို မသောက်ဘူးတာ
ကြောင့် ဖြစ်ပါသတဲ့။
အဲဒီအချိန်က စပြီး ပျားဟာ ဆေးဘက်ဝင်တဲ့ ပျားရည်တွေ ဖော်စပ်တဲ့ အစွမ်းအစရှိတဲ့
သတ္တ၀ါဖြစ်လာသတဲ့ကွယ်။
ဒါပေမယ့် ခြင်နဲ့ယင်ကတော့ လူတွေကို မကျေနပ်ဘူးပေါ့။ ဘာဖြစ်လို့လည်းဆိုတော့ ပျားကို
ချီးကျူးပြီး သူတို့ကို မောင်းထုတ်တဲ့ လူတွေကို အညိုးတစ်ကြီးနဲ့ ခြင်က ကိုက်/သွေးစုပ်၊
ယင်က အညစ်အကြေးတွေ သယ်လာပြီး ဒုက္ခပေးနေတော့သတဲ့ကွယ်။ ပုံပြင်လေးကတော့
ဒါပါပဲ။
အကောင်းဆုံးဖြစ်ချင်ရင် အကောင်းဆုံး ကြိုးစားလုပ်ရပါမယ်။ အသုံးမကျတာတွေ အကျိုးမဲ့
တာတွေနဲ့ အချိန်ဖြုန်းနေပြီး အောင်မြင်မှုကို လိုချင်လို့ မရနိုင်ပါဘူး။ အောင်မြင်သူတို့ သွားရာ
လမ်းတွင် ဖြတ်လမ်းမရှိပါဘူး။
လူတစ်ယောက်ရဲ့ အစွမ်းအစ အောင်မြင်ခြင်း ရှုံးနိမ်ခြင်းတွေကို ဘုရားသခင်က ဖန်းဆင်း
ပေးထားခြင်း မဟုတ်ပါဘူး။
လူတစ်ယောက်ရဲ့ အောင်မြင်ခြင်းသည် အဲဒီလူရဲ့စွမ်းဆောင်မှုကြောင့်ဖြစ်သလို လူတစ်ယောက်
အသုံးမကျခြင်းသည်လည်း အဲဒီလူရဲ့ ညံ့ဖျင်းမှုကြောင့်သာ ဖြစ်ပါသည်။
မျိုးဝဏ္ဏ(စာပေဥယျာဉ်)

No comments: