Saturday, February 13, 2016

ပုဂံခတ်မှသီပေါမင်းထိသမိုင်းအကျဉ်းချူပ်


- ပုဂံခေတ်(၁၀၄၄-၁၃၂၅)
အေဒီ ၇ ရာစုမှ စ၍ ဧရာဝတီ မြစ်ဝှမ်းကို အခြေခံကာ ဗမာ လူမျိုးများ စတင်ခဲ့သည်။ ခရစ်နှစ် ၈၄၉ မှ စ၍ ပုဂံကို ဗဟိုပြုကာ နိုင်ငံငယ်များ ထူထောင်ခဲ့ကြသည်။အနော်ရထာ (၁၀၄၄ - ၁၀၇၇) မင်းကြီးက ပထမ မြန်မာနိုင်ငံတော်ကို တည်ထောင်ခဲ့သည်။ အနော်ရထာ မင်းကြီးသည် သထုံကို ၁၀၅၇ တွင် တိုက်ခိုက် အောင်မြင်ခဲ့ပြီး မွန်တို့ထံမှ ပိဋကတ် သုံးပုံကို ပုဂံသို့ ပင့်ဆောင်ခဲ့သည်။ ထိုအချိန်မှ စ၍ ဗုဒ္ဓဘာသာသည် မြန်မာနိုင်ငံတွင် ပြန့်ပွားစည်ပင်ခဲ့သည်။ အနော်ရထာ မင်းကြီးနောက် နန်းတက်သော ကျန်စစ်သားလက်ထက်တွင် ဗမာစာ ကို မွန်စာအား အခြေခံ၍ တည်ထွင်ရေးသား ခဲ့ကြသည်။ ပုဂံခေတ်တွင် စေတီ၊ ပုထိုးပေါင်း များစွာကို တည်ထား ကိုးကွယ်ခဲ့ကြသည်။ (၁၃) ရာစုတွင် ပုဂံ၏ အင်အားများ စတင်ယုတ်လျော့လာပြီး မွန်ဂိုဘုရင် ကူဗလိုင်ခန်က ၁၂၇၇ တွင် မြန်မာပြည်မြောက်ပိုင်းကို စတင် သိမ်းပိုက်ခဲ့သည်။ ၁၂၈၇ တွင် ပုဂံမြို့ကို သိမ်းပိုက်ခဲ့သည်။

-အင်းဝခေတ်(၁၃၆၄-၁၅၂၇/၁၅၅၅)
ပုဂံခေတ်နောက်တွင် မြန်မာတို့၏ ရပ်တည်မှုကို ဆက်လက်တည်ထောင်ပေးသည့် အင်းဝခေတ်ကို သတိုးမင်းဖျားက စတင်တည်ထောင်သည်။ အင်းဝမြို့ကို တည်ဆောက်ကာ နန်းမြို့အဖြစ်စတင် အသုံးပြုသည့်အတွက် ထိုခေတ်ကို အင်းဝခေတ်ဟု ခေါ်ကြသည်။ ထိုခေတ်အတွင်း အောက်အရပ်မှ မွန်တို့နှင့်ရင်ဆိုင်ကာ နာမည်ကျော် အင်းဝ-ဟံသာဝတီ အနှစ်လေးဆယ်စစ်ကို တိုက်ခိုက်ခဲ့ကြသည်။ မင်းကြီးစွာစော်ကဲနောက် နန်းတက်သည့် ဆင်ဖြူရှင်တရဖျား ၊ ဘုရင်မင်းခေါင်တို့လက်ထက်များအထိတိုင် တိုက်ခိုက်ခဲ့ရသည့် စစ်ပွဲဖြစ်ပေသည်။ ထိုမင်းများနောက် နန်းတက်သည့် မင်းများလက်ထက်တွင်လည်း တိုင်းပြည်အေးချမ်းရေးကို လိုလားစွာ ဆောင်ရွက်ကြသည်မရှိသလောက် နည်းပါးသဖြင့် အချိန်ကြာသည် နှင့်အမျှ အင်အားဆုတ်ယုတ်လာပြီး နောက်ဆုံးတွင် လက်အောက်ခံ ပဒေသရာဇ်များနှင့် မြောက်ပိုင်းမှရှမ်းစော်ဘွားများ အင်အားကြီးလာသည်။ နောက်ဆုံးမင်းဖြစ်သည့်ရွှေနန်းကျော့ရှင်နရပတိ လက်ထက်တွင် ရှမ်းစော်ဘွား မိုးညှင်းစလုံ နှင့် သားသိုဟန်ဘွားတို့က အင်းဝကို တိုက်ခိုက်သိမ်းပိုက်လိုက်ကြသည်
- တောင်ငူ -ဟံသာဝတီခေတ် (၁၃၅၁ - ၁၅၉၉)
တပင်ရွှေထီး (၁၃၅၁ - ၁၅၅၁)က တစ်စစီ ဖြစ်နေသော နိုင်ငံငယ်လေးများကို စုစည်း၍ တောင်ငူထီးနန်းကို စတင် တည်ထောင်ခဲ့သည်။တပင်ရွှေထီးနောက် ထီးနန်းဆက်ခံသောဘုရင့်နောင်မင်းတရားကြီး လက်ထက်တွင် အထက်မြန်မာပြည် ၊ မဏိပူရ ၊ ရှမ်း ၊ ချင်းမိုင် ၊အယုဒ္ဓယ နှင့် လင်ဇင်း တို့ကို တိုက်ခိုက် အောင်မြင်ခဲ့ပြီး အရှေ့တောင်အာရှ ၏ နယ်မြေ အများအပြားကို လက်အောက်သို့ ရောက်ရှိစေခဲ့သည်။ ဘုရင့်နောင်မင်းတရားကြီး ၁၅၈၁ ခုနှစ်တွင် နတ်ရွာစံပြီင်္းနောက် နန်းတက်သည့်သားတော် ငါးဆူဒါယကာနန္ဒဘုရင်လက်ထက်တွင် အုပ်ချုပ်မှု ညံ့ဖျင်းသည့်အပြင် စစ်ကိုသာလိုလိုလားလားနှင့် မပြတ်တမ်း တိုက်သည့်အတွက် တောင်ငူဘုရင်ခံ ကိုးသိန်းသခင် မင်းရဲသီဟသူ(နတ်သျှင်နောင်၏ခမည်းတော်)မှ စတင် ပုန်ကန်ပြီးနောက် ဟံသာဝတီကိုသိမ်းယူကာ နန္ဒဘုရင်ကို တောင်ငူသို့ ဖမ်းဆီးခေါ်ဆောင်သွားရာမှ ဒုတိယ ပြည်ထောင်စုမြန်မာနိုင်ငံကြီးမှာ အချိန်တို အတွင်း ပြိုကွဲခဲ့ရသည်။
-ညောင်ရမ်းခေတ်(၁၅၉၆-၁၇၅၂)
နောက် ဘုရင့်နောင်၏ မထင်မရှားသားတော်တစ်ပါးဖြစ်သည့် ညောင်ရမ်းစားရှင်သစ္စာကမဟာသီဟသူရဘွဲ့ဖြင့် ညောင်ရမ်းမင်းဆက်ကို ထူထောင်ခဲ့ပြီး တိုင်းပြည်ကို ပြန်လည်ထူထောင်ရန်ကြိုးပမ်းသော်လည်း ယခင်ကဲ့သို့ကြီးပွားစည်ပင်ခြင်းကို ပြန်မရောက်နိုင်တော့ပေ။ အယုဒ္ဓယမှ ထိုင်းတို့သည် ၁၅၉၃ တွင် တနင်္သာရီကို၎င်း ၊ ပေါ်တူဂီ ကြေးစားတို့ပါဝင်သည့် ရခိုင်တို့သည် ၁၅၉၉ တွင် ပဲခူးကို၎င်း ထိပါး တိုက်ခိုက်ခဲ့ကြသည်။ ပေါ်တူဂီ စစ်သား ဖိလစ်ဒီဘရစ်တို (ငဇင်ကာ ခေါ် ဇင်ကာကူ) သည် မြန်မာနိုင်ငံ၏ အဓိက ဆိပ်ကမ်းဖြစ်သည့် သန်လျင်ကို သိမ်းပိုက်ခဲ့ရာ ညောင်ရမ်းမင်းဆက်၏ ဒုတိယမင်းဖြစ်သည့်အနောက်ဖက်လွန်မင်း (၁၆၀၅ - ၁၆၂၈) က ၁၆၁၁ ခုနှစ်တွင် တိုက်ခိုက် နှိမ်နှင်းခဲ့ရသည်။ ညောင်ရမ်းခေတ်နောက်ပိုင်းကာလများတွင် ရာသီဥတုဖောက်ပြန်ခြင်းနှင့် ဘုရင်များအရည်အသွေးနှိမ့်ပါးခြင်းတို့ကြောင့် ဇင်းမယ်ဒေသကို လက်လွတ်ဆုံးရှူံးရသလို၊ မဏိပူရမှ ကသည်းများ၏ ကျူးကျော်မှုကိုလည်း ခံရသည်။ နောက်ဆုံးမဟာဓမ္မရာဇာဓိပတိလက်ထက်တွင် ဟံသာဝတီမှ ပုန်ကန်သည်ကို မနှိမ်နှင်းနိုင်တော့သည့် စစ်ရှူံးကာ ညောင်ရမ်းမင်းဆက်ပြတ်ပြီး ညောင်ရမ်းခေတ်လည်းကုန်ဆုံးသွားလေသည်။
-ကုန်းဘောင်ခေတ် (၁၇၅၂ - ၁၈၈၅)
အလောင်းဘုရား (၁၇၅၂ - ၁၇၆၀) က ၁၇၅၂ ခုနှစ်တွင် ရွှေဘိုကို အခြေခံ၍ ကုန်းဘောင် မင်းဆက်ကို တည်ထောင်ခဲ့သည်။ဘကြီးတော်ဘုရား (၁၈၁၉-၁၈၃၇) လက်ထက်တွင် ပထမ အင်္ဂလိပ်-မြန်မာ စစ်ပွဲ (၁၈၂၄ - ၁၈၂၆) ဖြစ်ပွားပြီး အာသံ ၊ မဏိပူရ ၊ ရခိုင်နှင့် တနင်္သာရီ တို့ကို အင်္ဂလိပ် အရှေ့အိန္ဒိယ ကုမ္ပဏီလက်သို့ ပေးအပ်ခဲ့ရသည်။ ပထမ အင်္ဂလိပ်-မြန်မာစစ်ပွဲ တွင် စစ်သူကြီး မဟာဗန္ဓုလမှာ ထင်ရှားခဲ့သည်။ပုဂံမင်း လက်ထက်တွင် ဒုတိယ အင်္ဂလိပ်-မြန်မာစစ်ပွဲ ဖြစ်ပွားခဲ့ပြီး ဧရာဝတီ ၊ ရန်ကုန် နှင့် ပဲခူးတို့ကို အင်္ဂလိပ်တို့ လက်သို့ ပေးအပ်ခဲ့ရပြီး အောက် မြန်မာနိုင်ငံ တစ်ခုလုံး ဆုံးရှုံးခဲ့ရသည်။ ဒုတိယ အင်္ဂလိပ်-မြန်မာစစ်ပွဲသည် (၃)လသာ ကြာမြင့်ခဲ့သည်။ သီပေါမင်း (၁၈၇၈-၁၈၈၅) လက်ထက်တွင် တတိယ အင်္ဂလိပ်-မြန်မာစစ်ပွဲ ဖြစ်ပွားခဲ့ပြီး မြန်မာတို့၏ အချုပ်အခြာ အာဏာ ဆုံးရှုံးခဲ့ရသည်။ သီပေါမင်းနှင့် မိသားစုများအား အင်္ဂလိပ်တို့က အိန္ဒိယသို့ ခေါ်ဆောင်သွားခဲ့သည်။ ၁၈၈၆ ဇန်န၀ါရီ (၁) ရက်နေ့တွင် မြန်မာနိုင်ငံအား အိန္ဒိယ၏ပြည်နယ်တစ်ခုအနေဖြင့် ဗြိတိသျှအင်ပါယာအတွင်းသို့ သွပ်သွင်းလိုက်ကြောင်း အင်္ဂလိပ်တို့က ကြေငြာခဲ့သည်။ တတိယ အင်္ဂလိပ်-မြန်မာစစ်ပွဲ ပြီးနောက် မြန်မာ့ နန်းစဉ် ရတနာနှင့် အဖိုးတန်ပစ္စည်း အများအပြား အင်္ဂလိပ်တို့ သိမ်းပိုက်ယူငင် ခဲ့ကြရာ သမိုင်းတွင် ထင်ရှားလှသည့် ပတ္တမြား ငမောက်လည်းပါဝင်ခဲ့ပြီး ယခုတိုင် မည်သည့်နေရာတွင် ရောက်ရှိနေမှန်း မသိရပေ။
ရှေးရာဇဝင်လာ မြန်မာတိုင်းကြီး ၄-ရပ်
မြန်မာ့ရာဇဝင်ကျမ်းများ၌ ထင်ရှားသော တိုင်းကြီး ၄-တိုင်းကို ပိုင်းခြား ရေတွက် ဖော်ပြခဲ့ဖူးသည်။ ယင်းတို့မှာ
(၁) သုနာပရန္တတိုင်း - ဧရာဝတီမြစ် လက်ျာ ဖက်ကမ်းရှိ နယ်ပယ်ဌာနများကို ခေါ်သည်၊ တစ်နည်း - စကု, စလင်း, ဖေါင်းလင်းစသော ပြည်ကြီးတို့တည်ရာ ဧရာဝတီမြစ် အနောက်ဖက် တောင်ဖက်အရပ်ဒေသများကို ခေါ်ဆိုသည်၊
(၂) တမ္ဗဒီပတိုင်း- ဧရာဝတီမြစ်၏ လက်ဝဲဖက်ကမ်းရှိ နယ်ပယ်ဌာနများကို ခေါ်သည်၊ တစ်နည်း- ပုဂံ, ပင်းယ, အင်းဝ,မန္တလေး စသော ပြည်ကြီးတို့တည်ရာ ဧရာဝတီမြစ်၏ အရှေ့ဖက်ဒေသကို ခေါ်ဆိုသည်၊
(၃) ကမ္ဗောဇတိုင်း- အရှေ့ရိုးမ တလျှောက်ကို ခေါ်သည်၊ တစ်နည်း- ရှမ်းနယ်များကို ခေါ်ဆိုသည်။
ထို့ပြင် ဗမာများနှင့် စစ်ပြိုင်ပြုခဲ့ကြသည့် (၄)ရာမညတိုင်း-မွန်တို့အခြေချခဲ့ရာ အောက်မြန်မာနိုင်ငံကိုလည်း ရာမညတိုင်းဟုခေါ်ခဲ့ကြပါသည်။
ရာမညတိုင်းကို မွန်သုံးရပ်ဟုဆိုကာ အနောက်ဖက် ပုသိမ်(ကုသိမ်) ၃၂ မြို့ ၊ဟံသာဝတီ(ပဲခူး) ၃၂ မြို့ နှင့် မုတ္တမ ၃၂ မြို့ ဟုခွဲခြားသတ်မှတ်သည်။

ကျမ်းကိုး
ရှမ်းလူမျိုးများအကြောင်း။ ဒေါ့ဗ်
ရှမ်းခေတ်။ ဂျီအီးဟာဗီ ။ပန်း။ ဟောလ်။
ရခိုင်ရာဇ၀င် ။ အောင်သာဦး
အရှေ့တောင်အာရှရာဇ၀င်၊ ဟော-၁၉၅၅
မြန်မာရာဇ၀င် (ဟာဗေး ၁၉၂၅)
မိတ်ဆိနာ-ခေတ်ဦးဖုနန်-ဖန်-ပျူ နှင့်ရခိုင်ယိုးဒယားသင်းဂျာနယ်။
ရှေးဟောင်းမြန်မာခေတ်ဦး ပုဂံ နယူးယောက်။ ဂျေဂျေအော်စတင်။ -
မဟာ မြန်မာရာဇ၀င်တော်ကြီး ( ဦးကုလား )မှန်နန်းရာဇ၀င် သုံးတွဲ
-wikipedia
Credit to Soe Moe Aung

No comments: