Saturday, February 13, 2016

ပဲခူး နံကရိုင်းမယ်တော်ကြီး


သမလ နဲ့ ဝိမလ ညီနောင် ဟံသာဝတီကို တည်တာ ကနေစတဲ့ ဇာတ်လမ်းပါ ။သမလနဲ့ ဝိမလ က နိုင်ငံကို စတည်ထောင်ခဲ့တဲ့ သက္ကရာဇ် ၁၈၇-ခုနှစ် တပို့တွဲလပြည့်ကျော် တစ်ရက်နေ့ကို ယခု အခါမှာ မွန်အမျိုးသားနေ့ အဖြစ်ကျင်းပလို့နေပါတယ်။ အကို လုပ်တဲ့ သမလက ဖရုံပင်မှာ သန္ဓေယူ၍ မွေးဖွားလာသူ ရွှေဖရုံမယ်ကို မိဖုရားမြှောက်ပီး ညီတော် ဝိမလက အိမ်ရှေ့စံအဖြစ်နဲ့ တိုင်းပြည်ကို အုပ်ချုပ်လာရာကနေ မိဖုရားကြီး ရွှေဖရုံမယ်တွင် သားတော်တစ်ပါး ဖွားမြင်ပြီးနောက် အိမ်ရှေ့မင်း ဖြစ်သူညီတော် ၀ိမလ မင်းသားက နောင်တော် သမလ မင်းကြီးအား လုပ်ကြံပြီး ထီးနန်းကိုသိမ်းယူလိုက်သည်။ မရီးတော် ရွှေဖရုံမယ် မိဖုရားကြီးကိုလည်း သားတော်ကလေးအား နယ်စွန်နယ်ခြား၌ သွားရောက်စွန့်ပစ်ရမယ်ဟု အမိန့်ပေးခဲ့သည်။ ထို့ကြောင့် ရွှေဖရုံမယ်သည် သားတော်ကလေးကို ဟံသာဝတီပြည်နှင့် သထုံပြည် နယ်ခြား ကွမ်အပ်သာ တောစပ်၌ သွားရောက် စွန့်ပစ်ထားခဲ့ရသည်။ သူစွန့်ပစ်လိုက်တဲ့ နေရာက မွန်လူမျိုးသူကြီး တစ်ယောက်ရဲ့ ကျွဲခြံဝမှာပါ ။
မနက်မိုးလင်းလို့ ကျွဲတွေ ခြံထဲက ထွက်လာတော့ ရှေ့ဆုံးက ဦးဆောင်ကျွဲမကြီးဖြစ်တဲ့ နံကရိုင်းကျွဲမကြီးက ခြံဝမှာ မင်းသားလေးကို မြင်တယ်ဆိုရင်ပဲ မင်းသားလေး အပေါ်မှာ အုပ်မိုးပီးရပ်နေပါတယ် ။ ကျန်တဲ့ ကျွဲတွေ ဆက်သွားလို့မရတော့ပါဘူး ။ မဟုတ်ရင် မင်းသားလေး အနင်းခံရမှာပါ ။ ကျွဲတွေ မထွက်ပဲ ရပ်နေတော့ ဘာများဖြစ်သလဲလို့ လာကြည့်တဲ့ ကျွဲကျောင်းသား မောင်အောင်နိုင်လေးက မင်းသားငယ်ကို တွေ့တယ် ဆိုရင်ပဲ ကောက်ယူပီး ခြံရှင် မွန်လင်မယားထံသွားပေးရာမှ မွန်လင်မယားက ချစ်ခင်လို့ မွေးစားထားလိုက်ပါတယ် ။ ကလေးငယ်ကိုလဲ နံကရိုင်းကျွဲမကြီးထံမှ နို့ရေတိုက်ကျွေးပီး မွေးပါတယ် ။
ဒီလိုနဲ့ အရွယ်ရောက်တော့ ခွန်အားဗလနဲ့ ပြည့်စုံတဲ့ မင်းသားဖြစ်လာပါတယ် ။ ပင်လယ်ရပ်ခြားက လူသန်ကြီး ဟံသာဝတီကိုရောက်လာပီး သူနဲ့တိုက်ဖို့စိန်ခေါ်တယ်ဆိုရင်ပဲ နေပြည်တော်မှာ လူမရှိလို့ မောင်းခတ်ရှာတာ အဿကုမ္မာက ထွက်တိုက်ပါတယ် ။ အောင်နိုင်သွားလို့ ဘုရင်ကြီးက ချီးမြောက်တဲ့ အခါမှ တူတော်မှန်းသိသွားပီး သူအမှားကို တောင်းပန်ကာ သမီးတော်နဲ့ထိမ်းမြှားပေးပီး နန်းအပ်ပါတယ် ။ ဒီမှာ မင်းသားက ရွာမှာကျန်ခဲ့တဲ့ မွေးစားမိဖတွေကို ပြန်ခေါ်မယ်လို့ အသွား လမ်းမှာ စစ်တောင်းမြစ်ရေ ဒီရေတိုးနေလို့ ခရီးမဆက်နိုင်ပါဘူး ။ မင်းသားက သူ့ဘုန်းသူကံနဲ့ ဒီရေကို တားတော့ ဒီရေစောင့်နတ်သမီးက စိတ်ဆိုးပီး ဒီလောက် တန်ခိုးထပ်နေရင် တန်ခိုးပြိုင်မယ်လို့ စိန်ခေါ်ပါတယ် ။ နာရီ တစ်မောင်းအတွင်း ဒရယ်မြီး တစ်ထောင်ရှာနိုင်ရင် ရှာလို့ မင်းသားကို စိန်ခေါ်ရာမှာ မင်းသားက လက်ခံပီး ရှာတာ တစ်ထောင်ပြည့်ပါတယ် ။ အမြီးတွေကို ရေတွက်တော့ နတ်သမီးက မင်းသားမသိအောင် တစ်ချောင်းဖွက်ထားလိုက်လို့ မင်းသားရှုံးသွားပါတယ် ။ ဒီမှာ နတ်သမီးက အကြံကြီးစွာနဲ့ ရှုံးတဲ့လူ ခိုင်းတာလုပ်ကြေးဆိုပီး ဇမ္ဗူရစ်ရွှေစင် ဂျိုမှာကိန်းအောင်းတဲ့ ကျွဲခေါင်းကို ရှာပေးရမယ်လို့ ခိုင်းလိုက်ပါတယ် ။ မင်းသားကလဲ ရှာပေးမယ်လို့ ကတိပေးပီး ထွက်ရှာပါတယ် ။ ဘယ်မှာမှ ရှာမတွေ့အဆုံး သူရွာကို ပြန်လာပီး သူနို့တိုက်အမေ နံကရိုင်းကျွဲမကြီးကို သိသလားလို့ လာမေးပါတော့တယ်
အဲ့မှာ နံကရိုင်း ကျွဲမကြီးက
သားမောင်လူလေး အဲဒီ  ဇမ္ဗူရစ်ရွှေ ချိုမှာကိန်းတဲ့ ကျွဲခေါင်းဟာ မယ်မယ်ရဲ့ ခေါင်းမှာပဲရှိတာကွဲ့လို့ ပြောပီး သားအမိ နှစ်ယောက်ဖက်ပီး ငိုချင်းချပါတော့တယ် ။
ဒါနဲ့ပဲ မင်းမှာသစ္စာ လူမှာကတိ ငါ့သားလေး ကတိမပျက်ရလေအောင် မယ်မယ်ရှေးကပြေးမယ် နောက်က လိုက်ပေတော့ ဆိုပီး နံကရိုင်းမယ်တော်က ရှေးကနေပြေးပါတယ် ။
ငယ်စဉ်တောင်ကျေး ကလေးဘဝထဲက နို့တိုက်ပီးမွေးခဲ့တဲ့ ဒီသားနဲ့ ဒီအမေ ဒီလို လိုက်တိုင်းပြေးတမ်းတွေ ကြိမ်ဖန်များစွာ ကစားခဲ့မှာပါ ။ အရှေ့က အမေကျွဲမကြီးက ပြေးလို့ အနောက်က သားက လိုက်လို့ ဒီလို ကစားခဲ့တဲ့ ဘဝကနေ ဒီကနေ အမေခေါင်းကို ဖြတ်ဖို့ အမေက ရှေးကပြေး သားက အနောက်က နေလိုက်ရတဲ့ အဖြစ်ဆိုးကို လိုက်တဲ့လူရော ပြေးတဲ့ လူပါ ဘယ်လောက် ရင်ကွဲမတက်ခံစားရမယ်ဆိုတာ ကိုယ်ချင်းစာကြည့်နိုင်ပါတယ် ။ ဒီလိုနဲ့ သားကလိုက်ဖမ်းတာ အမေကိုမိသွားပါတယ် ။ တကယ်လဲလုပ်မယ်ဆိုရော မင်းသားက မလုပ်ရက်ပါဘူး ။ ဒါနဲ့ပဲ အမေလုပ်တဲ့ လူကို ရှေ့ကနေပြေးလိုက် သားကနောက်က လိုက်ဖမ်းလိုက်နဲ့ သုံးခါ မြောက်မိပီးလဲ ပီးရော အမေလုပ်တဲ့ လူက မပြေးတော့ဘဲ ငိုပီးတော့ ပြောပါတယ် ။ အမေဒီလို ပြေးနေရင် ငါ့သားလေး ကတိပျက်သလိုဖြစ်တော့မယ် ၊ အမေလဲ ဆက်မပြေးတော့ဘူး ၊ ငါ့သားလေးနဲ့ အမေ့ကို သတ်ရင် ကံကြီးထိုက်လို့ ..ငရဲကြီးလိမ့်မယ် ။ ဒီတော့ အမေဂုတ်ပေါ်သာ ဓားတင်ထားတော့ သားရေ ..အမေ သစ္စာဆိုပီး သား အတွက် ခေါင်းကို ဖျက်ပေးပါ့မယ် နောင်တချိန် ငါ့သားလေး ဘုရင်ဖြစ်လို့ ထီးနန်းစိုးစံတဲ့ အခါကျရင် အမေကို နန်းတော်အရှေ့မှာ သုံးထပ်ကယ် လယ်ပေါ်လို့ နတ်နန်းတော်ဆောက်ခါ သဲဖြူခင်း ရာဇမတ်ကာပီး ကိုးကွယ်ပေတော့ အမေသားကို အမေ စောင့်ရှောက်မယ်လို့ ပြောပီးငိုပါတော့တယ် ။ ထို့နောက် နံကရိုင်းမယ်တော်ကြီးက သစ္စာဆိုပါတယ် ကျမသည် ကျွဲမကြီးပင် ဖြစ်လင့်ကစား ဒီသားလေးအပေါ်မှာ မွေးမိခင် အရင်းနဲ့ မခြား ချစ်ခင်ခဲ့ပါသည် ။ သွေးမှဖြစ်သော နို့ရည်ကို တိုက်ကျွေးလို့ ဘဝ တစ်သက်သာ စောင့်ရှောက်ခဲ့ပါသည် ။ယခုအချိန်ထိ ကျမ အသက်စွန့်ရမဲ့ အနေအထားတိုင်အောင် သားတော်လေးအပေါ်မှာ မြူတမှုန်စာမျှ အချစ်မရော့ အပြစ်မမြင်ခဲ့ပါ ။ ဤမှန်သော သစ္စာစကားကြောင့် ကျမ၏ ဦးခေါင်းသည် ဓားထက်ထက်နဲ့ ဖျက်လိုက်သကဲ့သို့  မြေပေါ်သို့ ဘုန်းဘုန်းကျပီး ကျမ ခန္ဓာဆဲပါစေ ။ခန္ဓာဆဲလို့ သေပွဲဝင်ချိန်မှစ၍ သားတော်လေးနဲ့ ဒီဟံသာတိုင်းကို စောင့်ရှောက်နိုင်တဲ့ ပုဂ္ဂိုလ်ဖြစ်ရပါစေလို့ သစ္စာပြုလိုက်တယ် ဆိုရင်ပဲ  ကျွဲခေါင်းကြီးဟာ
အဿကုမ္မာ လက်ထဲကို ပါသွားပါတော့တယ် ။ထိုအချိန်မှစလို့ မွန်တလိုင်းလူမျိုးများ၏ ရိုးရာနတ် အဖြစ်လည်းကောင်း၊ ပဲခူး ဟင်္သာတ ရန်ကုန် ဒလ တွံတေး မော်လမြိုင် မုတ္တမ ပုသိမ် နယ်တကြောမှာ စောင့်ရှောက်တဲ့  နံကရိုင်းမယ်တော်ကြီးအဖြစ် လူအများက ပူဇော်လာပါတော့တယ်။ နှစ်စဉ် တပေါင်းလ၌ ပဲခူးဟင်္သာကုန်းဘုရားပွဲနှင့် တွဲဖက်၍ နံကရိုင်းမယ်တော်နတ်ပွဲ ကို ကျင်းပကြပါတယ်..
Credit - Aung Myomin

No comments: