Saturday, February 27, 2016

သွေးတိုးအတွက် ဆေးနည်းတိုများ


ဒီနေ့မနက် မိမိရဲ့မိတ်တွေတစ်ဦးနဲ့တွေ့စဉ် သူ့မှာ သွေးတိုးရောဂါရှိပြီး မကြာခဏ သွေးတိုး၊ ခေါင်းကိုက်တတ်ကြောင်း၊ ဆေးနည်းညွန်ပေးဖို့ ပြောလာပါတယ်။ ဒါ့ကြောင့် သွေးတိုးနဲ့ပတ်သက်တဲ့ ကျန်းမာရေးဆိုင်ရာ စာမျက်နှာများကို ရှာဖွေလေ့လာပြီး ဆေးပါရဂူကြီးများနှင့် သမားတော်များက ညွန်ကြားထားတဲ့ သွေးတိုးအတွက် အလွယ်ဆေးများကို ကောက်နုတ်ဖော်ပြ၍ ဆေးဒါန ပြုပေးလိုက်ပါတယ်။
သွေးတိုးရောဂါဟာ လူကြီးလူငယ် ကျား၊ မ မရွေး အဖြစ်များနေတဲ့ ရောဂါတစ်ခုပါ။ အစားအသောက်၊ အနေအထိုင်နဲ့ မျိုးရိုးပါ သွေးအမျိုးအစားများကြောင့် ဖြစ်တတ်ကြပြီး မဆင်မခြင် ပေါ့ပေါ့တန်တန်နေပါက လေဖြတ်ရောဂါ၊ နှလုံးရောဂါနှင့်
ကျောက်ကပ်ရောဂါတို့ကိုပါ ဖြစ်စေတတ်ပါတယ်။
အလွန်သတိထားရမယ့် ရောဂါတစ်မျိုးပါပဲ။
အပေါ်သွေး (၁၆၀)နှင့် အောက်သွေး (၉၅) မီလီမီတာ အထက် တောက်လျှောက် ဖြစ်စေရင် သွေးတိုးရောဂါ ကျိန်းသေဖြစ်နေပါပြီ။
သွေးတိုးရောဂါဟာ အဆီအဆိမ့်ကြိုက်သူ၊ အ၀လွန်သူ၊ အချိုနှင့် အငန်ကြိုက်သူ၊ ဆေးလိပ်၊ အရက်သောက်သူများနှင့် ကျောက်ကပ်၊ ဆီးရောဂါရှိသူများမှာ အဖြစ်များကြပါတယ်။
သွေးတိုးအတွက် တိုင်းရင်းဆေးတွေထဲမှာ နာမည်အကျော်ကြားဆုံးကတော့ ဒန့်သလွန်ရွက် ဖြစ်ပါတယ်။
သွေးတိုးရောဂါအတွက် ဆေးနည်းတိုများ
ဆေးနည်း(၁)
ဒန့်သလွန်ရွက် လက်တစ်ဆုပ်ခန့်ကို ရေစင်အောင်ဆေးကာ ထုထောင်း၍ အရည်ညှစ်ယူကာ ထမင်းစားဇွန်း(၂)ဇွန်းခန့် တနေ့ ၃-ကြိမ် သောက်ပါ။
ဆေးနည်း(၂)
ဧကရာဇ်ရွက်လက်တစ်ဆုပ်ခန့်ကို ထုထောင်းကြိတ်၍ အရည်ညှစ်ကာ ထမင်းစားဇွန်း(၂)ဇွန်းခန့် တနေ့ ၃-ကြိမ်သောက်ပါ။ အမြစ်ကို ရေအေးဖြင့်သွေး၍ မနက်၊ နေ့၊ ည ၁ ဇွန်းစီ သောက်ပါ။
ဆေးနည်း(၃)
သံပုရာသီးတစ်လုံးကို ထက်ခြမ်းပိုင်း၍ အခွံများ၊ အစေ့များနှင့်အတူ ရေနွေးခွက်ထဲထည့်၊ ရေနွေးပူပူလောင်းထည့်၊ အဖုံးအုပ်ထားပြီး တစ်နာရီခန့် နှပ်ထားပြီး သောက်ပါ။ အခြားဘာမှ မထည့်ပါနဲ့။
(၄) ဥတစ်လုံးကြက်သွန်ဖြူ သို့မဟုတ် ရိုးရိုးကြက်သွန်ဖြူကို ထမင်းစားတိုင်း များများထည့်စားပါ။
ရှောင်ရန်၊ ဆောင်ရန်
အဆီအဆိမ့်၊ အချို၊ အငန်၊ ဆေးလိပ်၊ အရက်၊ ဘီယာ၊ မလှုပ်မရှား၊ အထိုင်များ၊ စိုးရိမ်သောကစိတ် စသည်တို့ကို ရှောင်ပါ။ သွေးပေါင်မှန်မှန်ချိန်ပါ၊ ပေါ့ပေါ့ပါးပါးလေ့ကျင့်ခန်း လုပ်ပါ၊ တစ်နေ့ကို အနည်းဆုံး နာရီဝက်ခန့် လမ်းလျှောက်ပါ။ ပူပင်သောကစိတ်ကို ဖယ်ထုတ်ပြီး စိတ်ပျော်ရွှင်အောင် နေပါ။
သွေးတိုးရောဂါဝေဒနာရှင်များ ကျန်းမာပျော်ရွှင်နိုင်ကြပါစေ။
စောနွဲ့ နေဆိုင်(ပူတာအို)
ကိုးကား - တိုင်းရင်းဆေးပညာများ
စောနွဲ့ နေဆိုင် - ပူတာအို
.

No comments: