Saturday, February 13, 2016

လဂွန်းအိန်ရဲ့ သစ္စာတရား


လဂွန်းအိန် (ခေါ်) မသံလုံ ဟာ စစ်ဘုရင်ရာဇာဓိရာဇ် အလွန်ချစ်မြတ်နိုးသလောက် အလွန်အားကိုးခဲ့ရတဲ့ စစ်သူကြီးတစ်ယောက်ဖြစ်ပါတယ်။ ဒါကြောင့်လည်း သူသေတော့ ရာဇာဓိရာဇ်ဟာ ငါ့လက်တစ်ဖက်ပြတ်တော်မူပြီ ဟုမိန့်တော်မူပါတယ်။
သူရဲကောင်းလဂွန်းအိန် ဟာ မွန်-မြန်မာ နှစ် ၄၀ စစ်ပွဲအတွင်း အလွန်ထင်ရှားတဲ့ သူရဲကောင်းတစ်ယောက်ဖြစ်ခဲ့ပါတယ်။ အင်းဝဘုရင် မင်းခေါင်နဲ့ ဟံသာဝတီ ရာဇာဓိရာဇ် တို့ရဲ့ ဒီအနှစ် ၄၀ စစ်ပွဲဟာ သမိုင်းတစ်လျှောက် စစ်ရေးကိုအကြောင်းပြုပြီး မှတ်သားလောက်တဲ့ ဖြစ်ရပ်တွေ များစွာပေါ်ပေါက်ခဲ့ပါတယ်။ လေးစားဖို့ကောင်းတဲ့ သူရဲကောင်း အမတ်တို့ရဲ့ လက်ရုံးရည် ၊ နှလုံးရည် ဥာဏ်စွမ်းထက်မြက်မှုနဲ့ ရိုးသားဖြောင့်မတ်မှု တွေကိုလည်း မြင်တွေ့ရပါတယ်။
လဂွန်းအိန်ရဲ့ စကားတစ်ခွန်းလည်း အပါအ၀င်ပေါ့။

ဘုရင်မင်းခေါင်ဟာ တောင်ငူအထိချီတက်ပြီး ရာဇာဓိရာဇ်ကို တိုက်ခိုက်ခဲ့ပါတယ်။ ဒါပေမယ့် ရာဇာဓိရာဇ်ရဲ့ ခုခံမှုကိုလည်း မကျော်လွှားနိုင် ၊ အနောက်ပြန်ဆုတ်ဖို့ ဆိုတော့လည်း ရိက္ခာက မရှိ ၊ ရာဇာဓိရာဇ်ရဲ့တပ်လိုက်တိုက်ရင် ဒုက္ခရောက်မှာကို သိတာကြောင့် ငြိမ်းချမ်းရေး သစ္စာပြုဖို့ ရာဇာဓိရာဇ်ထံ စေ့စပ်စကား ဆိုပါတယ်။ ရာဇာဓိရာဇ်က တင်းခံနေပေမယ့် နှစ်ဖက် မှုးမတ်တို့ရဲ့ တောင်းပန်စကားကြောင့် သစ္စာပြုမယ်လို့ သဘောတူလိုက်ရပါတယ်။ ဒီလိုနဲ့ ပန်းကျော်ချောင်း သောင်ပြင်မှာ စစ်ပြေငြိမ်း သစ္စာပြုကြဖို့ အချိန်းအချက်လုပ်ကြပါတယ်။
ဒီလိုစီစဉ်ခဲ့ပေမယ့် ရာဇာဓိရာဇ်က "ဘုရင်မင်းခေါင်သည် မြသီတင်းဘုရားမှာ ငါနဲ့အတူဆိုခဲ့တဲ့ သစ္စာကို ဖောက်ဖျက်ပြီး ငါ့ကိုတိုက်ဖို့ အလုံးအရင်းနဲ့ ချီတက်လာခဲ့တယ်။ ဒါပေမယ့် ဟံသာဝတီကိုလည်း သူမသိမ်းနိုင် ၊ အခုရိက္ခာပြတ်ပြီးငတ်မွတ်တော့မှ သစ္စာပြုဖို့ကမ်းလှမ်းတယ်။ မင်းတို့ ဘယ်လိုသဘောရလဲ" လို့ မှူးမတ်တွေကို မေးပါတယ်။ သမိန်ဗြတ်ဇက
"သူတို့သစ္စာစောင့်သိရင် ကျွန်တော်တို့လည်း စောင့်သိရမှာပါ။ သူတို့မစောင့်ပဲ ကျွန်တော်တို့က စောင့်ရမှာလားလို့ " ပြန်လျှောက်တဲ့အခါ ရာဇာဓိရာဇ်က "ငါလည်း ဒီလိုသဘောရတယ်" လို့ မိန့်တော်မူရာ ကျန်မှူးမတ်များလည်း  သဘောတူကြပါတယ်။
ဒီလိုနဲ့ သစ္စာပြုမယ့်နေ့ရောက်တော့ အင်းဝ မှူးမတ်သေနာပတိတွေကို အကုန်ဖမ်းယူရမယ် လို့ ရာဇာဓိရာဇ်က အမိန့်ပေးထားပြီး ပန်းကျော်ချောင်းသောင်ပြင်သဲအောက်မှာ ဓား၊ လှံတွေကို မြုပ်ထားစေပါတယ်။ သစ္စာပြုကြတဲ့အခါ ဒီလက်နက်တွေကို ဖော်ပြီး လုပ်ကြံကြမယ့် အစီအစဉ်ပါ။
သစ္စာပြုမယ့်နေ့။ အင်းဝ-ဟံသာဝတီ မှူးမတ် ၃၀ စီ တစ်တွဲချင်းသစ္စာပြုကြဖို့စီစဉ်ပါတယ်။ ဟံသာဝတီဘက်က ရာဇာဓိရာဇ်ကိုယ်စား သမိန်ဗြတ်ဇ၊ အငယ်ဆုံးက လဂွန်းအိန်။ အင်းဝဘက်ကလည်း ဘုရင်မင်းခေါင်ကိုယ်စား မြင်စိုင်းစားသရေစည်သူ ၊ အငယ်ဆုံးကမိုးညှင်းသတိုး။ ဟိုဘက်ဒီဘက် ဘုရင်နှစ်ပါးနဲ့ မှူးမတ်များနေရာယူကြပါတယ်။ သစ္စာပြုပြီးတာနဲ့ အင်းဝမှူးမတ်တွေက ရာဇာဓိရာဇ်ကိုလာရှိခိုးတဲ့အခါ ဖမ်းထားလိုက်မှာဖြစ်ပြီး ၊ ဘုရင်မင်းခေါင်ကိုရှိခိုးရမယ့် မှူးမတ်တွေကလည်း ဘုရင်မင်းခေါင်ကို ဖမ်းမယ့် အကြံဖြစ်ပါတယ်။ ဒီလိုနဲ့ တစ်တွဲစီ သစ္စာပြုပြီး အငယ်ဆုံးနှစ်ယောက်ဖြစ်တဲ့ လဂွန်းအိန် နဲ့ မိုးညှင်းသတိုင်း အလှည့်ရောက်ပါတယ်။ ဒီအတွဲဆုံတဲ့အချိန် နှစ်ဘက်မှူးမတ်များသဘောကျကြပါတယ်။ လဂွန်းအိန်က လက်ခွင်ပြီး မိုးညှင်းသတိုး ပေါင်ခွင်တဲ့အတွက်ကြောင့်ပါ။ ဒီလိုနဲ့အပြန်အလှန်လက်ဆောင်ပေးပြီး သစ္စာပြုကြဖို့ လုပ်စဉ်မှာ မိုးညှင်းသတိုင်းက လဂွန်းအိန်ကို
"သွေးသောက် သင်လည်းသူရဲကောင်း ၊ ငါလည်း သူရဲကောင်း ၊ သူရဲကောင်းချင်းစကားပြောကြရအောင်။ယခု ငါတို့ ပြုကြမယ့်သစ္စာ ဖြောင့်မှန်မယ်ထင်သလော၊ ဖောက်ပြန်ကြဦးမှာလား" လို့မေးတဲ့အခါ လဂွန်းအိန်က
"သတိုး ၊ နင်ရူးနေသလော စစ်အတွင်းပြုတဲ့သစ္စာ မှန်တယ်ရှိဖူးသလား ၊ ငါ့ကိုနင်ရလည်း သတ်မှာ၊ နင့်ကိုငါရလည်းသတ်မှာပဲ။ စစ်အတွင်းပြုတဲ့ သစ္စာ ဖြောင့်မှန်မယ်လို့ နင်ယုံမလား" လို့ပြန်ဖြေလိုက်ပါတယ်။
အရိပ်ပြရင် အကောင်မြင်တဲ့ သတိုးကလည်း လဂွန်းအိန်စကားကို ယုံပြီး ခေါင်းဆောင်မြင်စိုင်းစားဆီသွားကာ အခုပြုမယ့်သစ္စာ မမှန်ပါဘူး။ ဆက်မသွားပါနှင့် လို့လျှောက်တဲ့အတွက် အင်းဝ မှူးမတ်တွေ အချင်းချင်း အချက်ပေးပြီး ဆင်တွေပေါ်တက်ကာ ပြန်လှည့်ဆုတ်ခွာခဲ့ပါတယ်။ သစ္စာပြုပွဲလည်း ပျက်သွားပါတော့တယ်။
ဒီလိုပျက်သွားတာ လဂွန်းအိန်ကြောင့်မှန်း ရာဇာဓိရာဇ်သိသွားတော့  ရာဇာဓိရာဇ်က ငါ့အကြံကိုဖျက်ဝံ့သည်ဟု ဆိုကာ ကွပ်မျက်ဖို့ အဲမွန်ဒယာကို ခိုင်းလိုက်ပါတယ်။ အဲမွန်ဒယာကလည်း သူ့ရဲဘော်ရဲဘက် လဂွန်းအိန်ကို ခေါ်ထုတ်သွားပေမယ့် မကွပ်မျက်ပဲအချိန်ဆွဲထားပါတယ်။ ဒီအချိန်မှာ သမိန်ဗြတ်ဇ နဲ့ အမတ်ဒိန်က သူတို့မေးပါရစေဦး၊ အပြစ်ရှိမှ ကွပ်မျက်တော်မူပါ ၊ ဒီလိုစစ်အတွင်းမှာ သူလိုအစားထိုးစရာ မရှိတဲ့ သူရဲကောင်းတစ်ဦးကို မဆုံးရှုံးသင့်ပါ လို့ လျှောက်တဲ့အခါ ရာဇာဓိရာဇ်က ဒေါသထွက်လွန်းတဲ့ အတွက်ကြောင့် အစားထိုးမယ့်သူမရှိရင်သူ့နေရာငါဝင်မယ်လို့ ဆိုပါတယ်။ သမိန်ဗြတ်ဇတို့ အတန်တန်လျှောက်တဲ့အခါမှာတော့ ရာဇာဓိရာဇ်ဟာ နှုတ်ဆိတ်တော်မူပါတယ်။
ဒါနဲ့ သမိန်ဗြတ်ဇတို့က ဘာကြောင့်ဒီလိုလုပ်သလဲ မေးတဲ့အခါ လဂွန်းအိန်က "အင်းဝတပ်တွေ ရှုံးတော့မယ် ၊ ရိက္ခာပြတ်သွားလို့ ဆုတ်ပြေးတဲ့အခါ ကျွန်တော်တို့လိုက်တိုင်ရင် အလွယ်တကူနိုင် နိုင်ပါတယ်။ ဒီလိုအလွယ်တကူနိုင်ရက်နဲ့ တရားသဖြင့်မတိုက်ပဲ သစ္စာပြုဟန်ဆောင်ပြီး လုပ်ကြံတာ တရားနည်းလမ်းမကျပါဘူး။ တရားနည်းလမ်းမကျတဲ့ အောင်မြင်မှုကို မနှစ်သက်တဲ့အတွက် သခင်ရဲ့လျှို့ဝှက်ချက်ကို ဖျက်ရခြင်း ဖြစ်ပါတယ်" လို့ပြန်လျှောက်ပါတယ်။ သမိန်ဗြတ်ဇက "အခုပွဲနင့်ကြောင့်ပျက်ပြီ ၊ နင်နိုင်အောင်ပြန်တိုက်နိုင်မည်လော ၊ နိုင်မှနင့်အသက်ကို ချမ်းသာပေးမယ်" လို့ ဆိုတဲ့အခါ လဂွန်းအိန်က "တိုက်နိုင်ပါတယ်" လို့ပြန်ဖြေတဲ့အတွက် ဘုရင်မင်းခေါင်တပ်ကို သွားတိုက်စေပါတယ်။
သွားတိုက်တဲ့အခါ ရာနှုန်းပြည့်မအောင်မြင်ခဲ့ပေမယ့် ဘုရင်မင်းခေါင်ရဲ့ အနီးဆုံးအထိရောက်ခဲ့ကာ လုပ်ကြံသင့်မသင့် စဉ်းစားနေချိန်မှာ မောင်းမငယ်တစ်ယောက်ထအောင်တဲ့အတွက် ဘုရင်မင်းခေါင်လွတ်မြောက်သွားပါတယ်။ ဒါနဲ့လဂွန်းအိန်ဟာ ဘုရင်မင်းခေါင်ရဲ့လက်သုံးတော်ဓါးနဲ့ ရွှေကွမ်းခွက်ကို သက်သေအဖြစ်ယူလာပြီး ရာဇာဓိရာဇ်ကို ဆက်သပါတယ်။ ဘာလို့မလုပ်ကြံခဲ့သလဲ လို့ ရာဇာဓိရာဇ်ကမေးရာ လဂွန်းအိန်က "ဘုန်းကြီးသူ ဘုရင်ကို လုပ်ကြံသူမှာ သက်ဆိုးမရှည်တတ်ပါ။ ကျွန်ုပ် ဘုရင်မင်းခေါင်ကို လုပ်ကြံလိုက်လျှင် သခင့်အမှုတော်ကို အသက်ရှည်ရှည် ထမ်းနိုင်မည်မဟုတ်တော့ပါ၊ အသက်ထက်ဆုံး သခင့်အမှုတော်ကို ထမ်းဆောင်ချင်တဲ့အတွက် အခုလို မလုပ်ကြံခဲ့ခြင်းဖြစ်ပါတယ်" လို့လျှောက်ရာ သုရှင်သဘောကျတော်မူပြီး လဂွန်အိန်အား အသက်ချမ်းသာပေးကာ ဆုလာဘ်တော်များ ချီးမြှင့်ပါတော့တယ်။ 
လဂွန်းအိန်ကား ရန်သူ၊ လျို့ဝှက်ချက် ၊ အရှင်သခင်အပေါ်စောင့်သိတဲ့ သစ္စာ ၊ အမှန်တရား အားလုံးကိုကျောခိုင်းကာ လောကအမှန်တရား တစ်ခုကိုသာကြည့်တတ်သော လေးစားဖွယ် စိတ်ထားမြင့်မြတ်တဲ့ သူရဲကောင်းတစ်ယောက် ဖြစ်ပါကြောင်း...
Ref:
သမိုင်းမတွင် သမိုင်းတွင် သမိုင်းဝင်နေတဲ့စကားများ - ချစ်ဦးညို
မြန်မာ့ဂုဏ်ရည် ရာဇ၀င်ဖတ်စာ - ဦးဖိုးကျား

No comments: