Thursday, March 3, 2016

မြန်မာတို့ရဲ့ ရှေးဟောင်းဗိသုကာမြို့တော် "ပုဂံ


"မြန်မာတို့ရဲ့ ရှေးဟောင်းဗိသုကာမြို့တာ် ပုဂံမြို့ဟာ မြန်မာနိုင်ငံအလယ်ပိုင်း၊ ဧရာဝတီမြစ်အရှေ့ဘက်ကမ်းပေါ် ဒေသတစ်ဝိုက်မှာ ရှေးဟောင်းအဆောက်အအုံများနဲ့ လက်ညှိုးထိုးမလွဲ၊ မြေပြင်အနှံ့ ပုံသဏ္ဍာန်အမျိုးမျိုး ထုထည်ပမာဏအဖုံဖုံနဲ့ တည်ရှိနေပါတယ်။ လူဦးရေအားဖြင့် (၂၀၀၀၀) ခန့်ရှိပြီး အကျယ်အ၀န်း ဧရိယာအားဖြင့် စတုရန်း (၁၆) မိုင်ခန့်ရှိပါတယ်။
အေဒီ (၂) ရာစုခေတ်၊ သရေခေတ္တရာအပျက်မှာ သမုဒ္ဒရာဇ်မင်းဟာ နောက်လိုက်ဗိုလ်ပါများနဲ့အတူ မျိုးနွယ်တူများရှိရာ ယခုပုဂံပြည်တည်ရှိရာအရပ်သို့ ဆန်တက်ခဲ့ပြီး ထီးနန်းစိုက်ထူခဲ့သည်လို့ မှတ်ယူခဲ့ကြပါတယ်။ မင်းဆက် (၃၄) ဆက်မြောက် ပျဉ်ပြားမင်းလက်ထက် (၈၄၉) ခုနှစ်မှာ ပုဂံဟာ တံခါး (၁၂) ရပ်၊ ကျူံးမြို့ရိုးအစုံအလင်နဲ့ ရာဇဌာနီမင်းနေပြည်ဖြစ်လာခဲ့ပါတယ်။

ပုဂံခေတ်ဦးပိုင်း အကြောင်းအရာများမှာ ဒဏ္ဍာရီပုံပြင်များနဲ့ ရောနှောနေသဖြင် မှုန်ရီမှုန်ဝါးရှိနေခဲ့ပေမယ့် မင်းဆက် (၄၂) ဆက်မြောက် အနော်ရထာမင်းလက်ထက်မှာတော့ သမိုင်းကြောင်းဟာ ပိုမိုထင်ရှားလာခဲ့ပါတယ်။ အနော်ရထာမင်း (၁၀၄၄-၁၀၇၇) နန်းသက်ကစပြီး နရသီဟပတေ့မင်း (၁၂၅၆-၁၂၈၇) နန်းသက်တိုင်အောင် ပုဂံဟာ နှစ်ပေါင်း နှစ်ရာ့ငါးဆယ်ကျော်တိုင်တိုင် ကြီးကျယ်ထည်ဝါခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ပြည်ပမွန်ဂိုစစ်ဒဏ်ကြောင့် ပုဂံဟာ မင်းနေပြည်ဖြစ်မှ ရွေ့လျောခဲ့ပါတယ်။
ထိုစဉ်က ပုဂံပြည်ရဲ့ အကျယ်အ၀န်းဟာ မြောက်ဘက် ဗန်းမော်အထိ၊ တောင်ဘက်မှာ ထားဝယ်အထိ၊ အရှေ့ဘက်မှာ သံလွင်မြစ်အထိ၊ အနောက်ဘက်ကတော့ အနောက်ရိုးမအထိ ရှိခဲ့တာဖြစ်ပါတယ်။
ပုဂံဟာ ပူပြင်းခြောက်သွေ့သောကြောင့် စိုက်ခင်းပျိုးခင်းမကောင်းသဖြင့် မွန်တို့က တတ္တဒေသဟု ခေါ်ဆိုခဲ့ကြပါတယ်။ ဒါပေမယ့် ပုဂံရဲ့ အရှေ့မြောက်ဘက် မိုင် (၉၀) ခန့်အကွာမှာရှိတဲ့ ကျောက်ဆည်ဒေသ၊ တောင်ဘက်မိုင် (၇၀) ခန့်အကွာရှိ မင်းဘူးဒေသတို့ကို ဆည်မြောင်းတူးဖောက်ပြီး ဆန်ရေးစပါးများ စိုက်ပျိုးခဲ့ကြပါတယ်။ ထို့အပြင် ပုဂံဟာ ဧရာဝတီမြစ်ကြောင်းမှတဆင့် ပင်လယ်နှင့်လမ်းပေါက်သဖြင့် ပင်လယ်ရပ်ခြား တိုင်းပြည်များနဲ့ ဆက်သွယ်ရေးအဆင်ပြေခဲ့ပါတယ်။
ပုဂံဟာ စီးပွားရေး၊ လူမှုရေး တောင့်တင်းသော တိုင်းပြည်ကြီးဖြစ်ခဲ့ရုံမက ပို၍ထူးခြားခဲ့ခြင်းက သာသနာရောင်ဝါ အကြီးအကျယ် ထွန်းလင်းခဲ့ခြင်းဖြစ်သည်။ ဘီစီ (၃) ရာစုကာလ အသောကမင်းကြီးလက်ထက်မှာ သုဝဏ္ဏဘုမ္မိ (သထုံပြည်) သို့ ရှင်သောဏနှင့်ရှင်ဥတ္တရတို့ ကြွရောက်သာသနာပြုခဲ့ပါတယ်။ အချို့သော သုတေသီများကတော့ အသောကကျောက်စာများမှာ ထိုအချက်များဖော်ပြထားခြင်းမရှိသဖြင့် သာသနာရောက်ကြောင်း လက်မခံလိုကြပါဘူး။
မည်သို့ပင်ဖြစ်စေ ရှေးဟောင်းသုတေသနဌာနရဲ့ တူးဖော်တွေ့ရှိချက်တွေအရ ပုဂံရဲ့အရှေ့တောင်ဘက် မိုင် (၉၀) ခန့်အကွာမှာရှိတဲ့ ဗိဿနိုးဒေသမှာ (၁) ရာစုမှာ ဗုဒ္ဓဘာသာအယူဝါဒ ရှိနေပြီဖြစ်ကြောင်း အခိုင်အမာ သက်သေပြနိုင်ခဲ့ပါတယ်။ တဖန် ပုဂံရဲ့တောင်ဘက် မိုင် (၁၆၀) အကွာရှိ သရေခေတ္တရာတွင်လည်း (၅) ရာစုမှ (၉) ရာစုအထိ ဗုဒ္ဓသာသနာတည်တံ့ခဲ့တာ ဖြစ်ပါတယ်။
ဒါကြောင့် (၁၁)ရာစုမတိုင်မီကပင်ဗုဒ္ဓသာသနာသည် မြန်မာနိုင်ငံတွင် တည်ရှိခဲ့ခြင်းဖြစ်ပါတယ်။
(၁၁) ရာစုမတိုင်မီကပင် ဗုဒ္ဓသာသနာသည် မြန်မာနိုင်ငံတွင် ရှိနေခဲ့လေသည်။ အနော်ရထာမင်း လက်ထက်တွင်ကား သာသနာတော်၏ တိုးတက်မှုသည် အထင်ကရမှတ်တိုင်သဖွယ် ဖြစ်ခဲ့တော့သည်။ အနော်ရထာမင်းသည် သဒ္ဒါကြည်ညိုစိတ်လည်းပြင်းပြ၏။ ဘုန်းလက်ရုံးနှင့်လည်း ပြည့်စုံလေသည်။ အနော်ရထာမင်း၏ ကောင်းမှုတော် (မြေပုံဘုရား) အုတ်ခွက်များကို အထက်ကသာမှ အောက်တွံတေးအထိ မြန်မာနိုင်ငံအနှံ့အပြားတွင် တွေ့ရလေသည်။
ထိုအုတ်ခွက်များအလယ်မှာ မြတ်စွာဘုရားရှင်ဟာ ကြာပလ္လင်ပေါ်တွင် တင်ပျဉ်ခွေထိုင်၍ လက်တော်တစ်ဖက်တင် တစ်ဖက်ချလျက် ဗောဓိပင်နှင့် ရွှေပလ္လင်အောင်မြင်တော်မှုဟန် ပါတတ်ပါတယ်။ အုတ်ခွက်ရဲ့ အောက်ခြေမှာတော့ ပါဋ္ဌိဘာသာ၊ သင်္သကရိုက်ဘာသာများနဲ့ "ယေဓမ္မာ" အစချီဂါထာတိုကလေး ပါတတ်ပါတယ်။
မဟာရာဇ၀င်ကြီးများ အလိုဆိုရရင်တော့ သထုံပြည်မှ ရဟန်းတော် ရှင်အရဟံသည် ပုဂံသို့ကြွရောက်ပြီး အနော်ရထာမင်းကို တရားစစ်၊ တရားမှန် စတင်ဟောကြားခဲ့လေသည်။ ထိုအခါအနော်ရထာမင်းသည် တရားတော်တွင် သဒ္ဒါကြည်ညိုခြင်း ဖြစ်၍ "ငါတို့ကား ငါ့ရှင်မှတပါး အခြားကိုးကွယ်ရာမရှိပြီ။ ငါတို့ ကိုယ်အသက်နှစ်ပါးကို ငါ့ရှင်အားဆောင်နှင်းတော့သည်။ ငါ့ရှင်အဆုံးအမတွင်လည်း ငါခံတော့မည်" ဟုလျှောက်ခဲ့ပါတယ်။ ပရိယတ္တိသာသနာတော်ရှိမှ ပဋိပတ္တိနှင့် ပဋိဝေဓသာသနာတော် ဖြစ်နိုင်လေသည်။
ပရိယတ္တိဟူသော ပိဋကတ်သုံးပုံသည် ပုဂံတွင် မရှိချေ။ အနော်ရထာမင်းလည်း သထုံပြည်တွင် ပိဋကတ်တော် အစုံ (၃၀) ရှိကြောင်း ရှင်အရဟံထံမှ ကြားသိရလေသည်။ ထိုအခါ သထုံမနူဟာမင်းထံမှ ပိဋကတ်စာပေတို့ကို တောင်းလေသည်။ သထုံမင်းသည် မချေမငံဆိုလိုက်သဖြင့် အနော်ရထာမင်းသည် သထုံကိုတိုက်လေသည်။ အောင်တော်မူသောအခါ ပိဋကတ်တော် အစုံ (၃၀) ကို ဆင်ဖြူ (၃၂) စီးတွင်တင်၍ နေပြည်တော် ပုဂံသို့သွင်းလေသည်။ ထို့ပြင် ဓါတ်တော်၊ မွေတော်များကိုလည်းကောင်း၊ မင်းမိဖုရားမှူးမတ်များကို လည်းကောင်း၊ ဗိသုကာ ပန်းတမော့စသော အနုပညာသည်များကိုလည်းကောင်း၊ နေပြည်တော် ပုဂံသို့ ဆောင်ယူလေသည်။ အနော်ရထာမင်းကိုယ်တိုင် အားပေးချီးမြှောက်ခဲ့သောကြောင့် ပုဂံတွင် ထေရ၀ါဒဂိုဏ်း ဗုဒ္ဓဘာသာအခြေတည်ခဲ့သည်ဟု အစဉ်အလာမှတ်ယူကြလေသည်။
ပုဂံတွင် တည်ဆောက်ခဲ့ကြသော စေတီဂူကျောင်းအများစုသည်လည်း ထေရ၀ါဒဆိုင်ရာ သာသနိက အဆောက်အအုံများဖြစ်ကြသည်။ သို့ပေမဲ့ ပုဂံပြည်တွင် ထေရ၀ါဒဂိုဏ်း ဗုဒ္ဓဘာသာ အယူဝါဒသာ ရှိသည်မဟုတ်။ ဗုဒ္ဓဘာသာ အခြားဂိုဏ်းနှင့် အခြားဘာသာ အယူဝါဒများလည်း ရှိလေသည်။ ဗုဒ္ဓသာသနာ ရောက်မလာမီကပင် လူအများအဖို့ နဂါးကိုးကွယ်မှု၊ မိရိုးဖလာ နတ်ကိုးကွယ်မှုတို့ ရှိခဲ့ပြီးဖြစ်သည်။ နတ်ကိုးကွယ်မှုနှင့်စပ်လျဉ်း၍ ပုဂံရဲ့ အရှေ့တောင်ဘက် မိုင် (၄၀) ခန့်ဝေးသော ပုပ္ပါးတောင်သည် မင်းမဟာဂီရိ နတ်မောင်နှမနတ်ကွန်း တည်ရှိရာဌာနဖြစ်သည်။ ပုဂံမင်းအချို့လည်း နှစ်စဉ်နတ်တော်လတွင် ပုပ္ပါးတောင်တက်၍ နတ်ကနားပေးကြမြဲဖြစ်သည်။ မိရိုးဖလာ နတ်ကိုးကွယ်မှု ရှိသည့်နည်းတူ မဟာယာနဂိုဏ်း ဗုဒ္ဓဘာသာလည်း ရှိခဲ့သည်။ ထေရ၀ါဒဂိုဏ်းအဖို့ ဒါန၊ သီလ၊ ဘာဝနာပွားများပြီး မဂ်ဖိုလ် နိဗ္ဗာန်ဆိုက်ရောက်ရေးသည် အဓိကအချက်ဖြစ်လေသည်။ မဟာယာနဂိုဏ်းတွင်မူ မေတ္တာဂရုဏာတရားသည် ရှေ့သွားခေါင်းဆောင်ဖြစ်၏။ ထိုအခါ သတ္တ၀ါအပေါင်းကိုကယ်ချွတ်ရန်အလို့ငှာ မိမိကိုယ်တိုင် ဗောဓိသတ္တကျင့်စဉ် လိုက်နာခြင်းကိုကျင့်သုံးခဲ့သည်။ ထို့အပြင်သတ္တ၀ါအပေါင်းကို ဆင်းရဲဒုက္ခမှ ကယ်တင်နိုင်ရန်အတွက် နိဗ္ဗာန်မ၀င်သေးဘဲ စောင့်ရှောက်နေကြသော ဗောဓိသတ္တများအား လူတို့ကိုးကွယ်ဆည်းကပ်ခြင်း အမှုရှိသည်။
ပုဂံသူပုဂံသားတို့သည် အလှူဒါနရက်ရောကြသည်။ သူတို့သည်ဘုရားဂူကျောင်း တည်ဆောက်ကြရာမှာလည်း ဆိုင်ရာပစ္စည်း၊ ၀တ္ထုများအတွက် ကုန်ကျရသည်။ ပန်းချီ၊ ပန်းပဲ၊ ပန်းပု၊ ပန်းရန် သမားများကိုလည်း လက်ခပေးရသေးသည်။ သူတို့စားသောက်နေထိုင်ရေးအတွက် စားနပ်ရိက္ခာနှင့် ပုချည်ဖျင်၊ ခါးစီးစသော အ၀တ်များပေးရသည်။ ပေးရ၊ ကုန်ရသည်မှာ မနည်းပေ။ ပုဂံပြည်ကောင်းစားစဉ်က စေတီဂူကျောင်း ပေါများခဲ့သလို့ ကျောက်အုတ်ဖြင့်တည်ဆောက်ထားသော သာသနိကအဆောက်အအုံများလည်း အများအပြားရှိခဲ့သည်။ နန်းတော်၊ လူနေအိမ်ကဲ့သို့ သစ်ဝါးဖြင့် တည်ဆောက်သော အဆောက်အအုံများလည်း အပုံပင်ရှိလေသည်။ သို့ရာတွင် သစ်၊ ၀ါး၊ အဆောက်အအုံများမှာ နှစ်ကာလ ကြာညောင်းလာသည်နှင့်အမျှ ပျက်စီးကုန်လေပြီဖြစ်သည်။ ကျန်ရှိနေသေးသည်မှာလည်း ကျောက်အုတ်အဆောက်အအုံများသာ ဖြစ်ကြသည်။

No comments: