Thursday, March 17, 2016

ကျောက်စာများက ပြောသော အသောကမင်းကြီး (အပြည့်အစုံ)



ကျောက်စာ နံပါတ် (၁၃) မှာ ရေးထိုးထား တဲ့ ဗုဒ္ဓသာသနာ ပြန့်ပွားဖို့ သာသနာပြု အဖွဲ့တွေ စေလွှတ်ရာ ဌာနဖြစ်တဲ့ အနောက်နိုင်ငံတွေက ဘုရင် (၅) ပါးရဲ့အမည်တွေကိုအခြေခံပြီး အသောက ဘုရင်ရဲ့ နန်းစံနှစ်ကိုဘီစီ ၂၆၈ - ၂၃၂ လို့ ခန့်မှန်းကြပါတယ်အဲဒီဘုရင်(၅)ပါးရဲ့အမည်ထဲမှာအီဂျစ်ဆီးရီးယားနဲ့မက်ဆီဒိုးနီးယားက ဘုရင်တွေပါတယ်။ အသောက ဘုရင် နန်းစံ တဲ့ သက်တမ်းကို အဲဒီ ဘုရင် (၅) ပါးရဲ့ နန်းစံနှစ်တွေကနေ ခန့်မှန်းကြတာ ဖြစ်တယ်။ ဒီ ခန့်မှန်းချက်ဟာ ၂ နှစ်ကနေ ၁၀ နှစ် လောက်တော့ မှား ချင်မှား သွားနိုင်တယ်။ ရှေးအင်ဒီးယန်းတွေဟာသမိုင်းနှစ်ကာလမှတ်တမ်းတွေကိုမှတ်လေ့မရှိကြတော့ယခုတွက်ချက်ခန့်မှန်းထားတဲ့နှစ်နဲ့ဘဲ အိန္ဒိယ ရှေးဟောင်း သမိုင်းကို ခုနှစ် စဉ်ကြည့်ကြရတယ် ။ သီဟိုဠ် သမိုင်းကျမ်းဖြစ်တဲ့ ‘’မဟာဝံသ’’ က အသောကဘုရင်ရဲ့ နန်းစံနှစ်ကို (၃၇) နှစ်လို့ ပြောထားပြီး၊ ‘’ပုရာမ်’’ ကျမ်းကတော့(၃၆) နှစ်လို့ ဖော်ပြထားပါတယ်။အသောကဘုရင်လက်ထက်အတွင်းက ရေးထိုးခဲ့တဲ့ကျောက်စာ တွေဟာ အဲဒီ ခေတ်ကာလ ကို ခန့်မှန်းတွက်ချက်ဖို့အတွက် ခိုင်မာတဲ့ သက်သေအထောက်ထားတွေဖြစ်တယ်။
ဒီကျောက်စာတွေ အပြင် သီဟိုဠ်မှာ မှတ်တမ်းတင်ထားတဲ့ ‘’မဟာဝံသ၊ ဒီပ၀ံသနဲ့ သမန္တပါသာဒိကာ’’ ကျမ်းတွေကို လည်း တိုက်ဆိုင်ကြည့်ကြရတယ်။ ပြီးတော့ မြောက်ပိုင်း ဗုဒ္ဓဘာသာ ကျမ်းတွေဖြစ်တဲ့အသောကရာဇ၀ဒါန’’၊‘’အသောကရာဇသုတ္တ’’နဲ့‘’ဒိဗျာဝဒါန’’ကျမ်းတွေနဲ့လည်းနှိုင်းယှဉ်တွက်ချက်ကြည့်ရပါတယ်။
အစဉ်အလာ သမိုင်းအရတော့ အသောက ဘုရင်ဟာ ငယ်ရွယ်စဉ် အခါတုန်းက အလွန်ကြမ်းတမ်းခက်ထန်တယ်၊ လူအသက်ပေါင်းများစွာ သတ်ခဲ့တယ်၊ နောက်ပိုင်း ဗုဒ္ဓဘာသာဝင် ဖြစ်သွားတဲ့အခါအလွန်ယဉ်ကျေးသိမ်မွေ့သွားပြီး ပြည်သူပြည်သားတွေကို မေတ္တာ ကရုဏာနဲ့ အုပ်ချုပ်ခဲ့ လို့ သူဟာ ‘’ဓမ္မာသောကဘုရင်’’လို့ ထင်ရှားသွားတယ်၊ စသည်ဖြင့် ဖြစ်ပါတယ်။
အသောကဘုရင်ရဲ့ ဘ၀ဇာတ်ကြောင်းကိုကျောက်စာရေးသားချက်တွေကပိုပြီးခိုင်ခိုင်မာမာပြောပြနေပါတယ်။ ကျောက်စာတွေထဲကအတိုင်းပြောရရင်တော့ အသောက ဘုရင်ဟာ နန်းစံနှစ် (၇) နှစ်မှာ ဗုဒ္ဓဘာသာဝင်ဖြစ်ခဲ့တယ်။ ဗုဒ္ဓဘာသာ ၀င်ဖြစ်ပြီး ၂ နှစ်ခွဲလောက်ထိ သူဟာ ဗုဒ္ဓဘာသာကိုလေးလေးနက် မသက်ဝင်ခဲ့သေးဘူးလို့ ခန့်မှန်းရမှာ ဖြစ်တယ်။ နန်းစံနှစ် (၈) နှစ်မှာကလိင်္ဂတိုင်းကိုစစ်နိုင်ခဲ့တယ်၊ ဒီ စစ်ပွဲအတွင်းမှာအပြစ်မဲ့ ပြည်သူများစွာသေကြခဲ့ရတာကိုအသောကဘုရင်မြင်တွေ့
ခဲ့ရတယ်။ စစ်သုံ့ပမ်းတွေကို ပြည်နှင်ဒဏ်ပေးခဲ့တယ်။ ကလေးသူငယ်တွေ မိတကွဲ၊ ဖတကွဲ ဖြစ်ခဲ့ကြရ သလို ၊ လင်ဆုံး၊ သားဆုံး၊ မယားဆုံးလို့ ပူဆွေးသောက ရောက်နေတဲ့ စစ်ဒဏ်ထိပြည်သူတွေကို အသောကဘုရင်တွေ့မြင်ခဲ့ရတယ်။ ဒီလို စစ်ရဲ့ အနိဋ္ဌာရုံမြင်ကွင်းကို မြင်တွေ့ခဲ့ရတဲ့ အသောကဘုရင်ဟာအလွန်စိတ်မချမ်းမမြေ့ဖြစ်ခဲ့ရပြီး စစ် ကိုစက်ဆုပ်သွားခဲ့တယ်။ တိုက်ခိုက်သတ်ဖြတ်ပြီး ဖြစ်ပေါ်ရရှိလာတဲ့အောင်ပွဲကိုအလွဲအောင်ပွဲ အဖြစ်သိမြင်လက်ခံခဲ့ပြီးတော့တကယ့် အောင်ပွဲဆိုတာ ဟာအကြမ်းဖက်၊ နှိပ်ကွပ်မူ မပါတဲ့ ဗုဒ္ဓမြတ်စွာရဲ့ ဓမ္မ၊၀ိနယအဆုံးမတွေပေါ်မှာအခြေခံတဲ့ အောင်ပွဲသာ ဖြစ်တယ်
လို့ လက်ခံသိမြင်လာခဲ့တယ်။
အဲဒီနောက်တစ်နှစ်ကျော်ကာလပတ်လုံးဗုဒ္ဓမြတ်စွာရဲ့တပည့်သာဝကသံဃာတော်အရှင်မြတ်တွေကို ဆည်းကပ်ခဲ့တယ်။ ကောင်းမှုကုသိုလ်များစွာပြုခဲ့တယ်၊ ကိုယ်ကျင့် သီလတွေ ယုံယုံကြည်ကြည်ကျင့်ကြံခဲ့တယ်။ ကျောက်စာ နံပါတ် (၈) မှာ အသောကမင်းကြီးဟာ နန်းစံနှစ် (၁၀) နှစ်မှာ ‘’သမ္ဗောဓိ’’ ကိုသွားခဲ့တယ် လို့ ရေးထိုးထားတယ်။ ဒီရေးထိုးမူဟာ အသောကမင်းကြီးဟာသူကိုယ်တိုင်ထူးမြတ်တဲ့တရားအသိဉာဏ်ရရှိသွားခဲ့တယ်လို့အဓိပ္ပါယ်ထွက်သလိုဗုဒ္ဓမြတ်စွာသဗ္ဗညုတဉာဏ်တော်ရရှိတော်မူခဲ့တဲ့ ဗုဒ္ဓဂါယာဒေသ ကို သွားရောက်ခဲ့တယ် လို့လည်း အဓိပ္ပါယ်ထွက်နေပါတယ်။
အဲဒီအချိန်ကစပြီးအသောကဘုရင်ဟာဗုဒ္ဓမြတ်စွာရဲ့ဘ၀ဖြစ်စဉ်နဲ့ပတ်သက်တဲ့ နေရာဌာနတွေကိုဘုရားဖူးခရီးထွက်ခဲ့တယ်။ နောက်ထပ်ကျောက်စာတစ်ခုကတော့အသောကဘုရင်ဟာနန်းစံနှစ်(၁၂) နှစ်မှာဗုဒ္ဓမြတ်စွာဖွားတော်မူရာ လုမ္ဗိနီကိုသွားခဲ့တယ် လို့ ရေးထိုးထားပါတယ်။အသောက ဘုရင်ဟာ ဗုဒ္ဓ၀ါဒကို ထက်သန်တဲ့သဒ္ဓါတရားနဲ့ယုံကြည်ကိုးကွယ်ပြီးလိုက်နာကျင့်သုံးခဲ့ တယ်။သူ့သြဇာ ဖြန့်ကျန်မူအောက်မှာရှိတဲ့တိုင်းပြည် ဒေသအနှံ့မှာလည်းဗုဒ္ဓမြတ်စွာရဲ့ တရားတော်တွေ ထွန်းကားပြန့်ပွားအောင် ကြိုးစားဆောင်ရွက်ခဲ့တယ်။
စေတီပုထိုးတွေမှာ ဗုဒ္ဓ၀င်ကြောင်းချင်းရာ နတ်ပြည်လောက ရုပ်လုံးရုပ်ကြွတွေ ထုလုပ်တန်ဆာဆင်စေပြီး တိုင်းသူပြည်သားတွေကို ရုပ်ပုံတွေက တဆင့် ဗုဒ္ဓ၀ါဒ အဆုံးအမတွေကို သင်ကြားပေးခဲ့တယ်။ ဒီလိုသင်ကြားမူတွေကြောင့် အရင်တုန်းက ဗုဒ္ဓ၀ါဒအကြောင်းဘာမှမသိကြရတဲ့သာမာန်ပြည်သူတွေဟာနတ်သားနတ်သမီးတွေအကြောင်းနတ်ပြည်လောကအကြောင်းကိုသိကြရတယ်လို့ကျောက်စာများစွာမှာရေးထိုးဖော်ပြထား ပါတယ်။
နန်းစံနှစ်(၇) နှစ်ကစပြီး(၂၇) နှစ်အထိအသောဘုရင်ကြီးဟာ ဗုဒ္ဓသာသနာတော်ပြန့်ပွားထွန်းကားဖို့ကြိုးစားဆောင်ရွက်ခဲ့ပြီး ဒီဆောင်ရွက်မူတွေကို ကျောက်စာမှတ်တမ်းတွေနဲ့ ရေးထိုးမှတ်တမ်းတင်ခဲ့တယ်။ဒီလို ရေးထိုးထားခဲ့တဲ့ ကျောက်စာအများစုကိုရှာဖွေတွေ့ရှိခဲ့ကြပြီး ဖြစ်ပါတယ်။အချို့ကျောက်စာတွေကို ပြောင်ချောနေတဲ့ ကျောက်ပြားတွေပေါ်မှာ ရေးထွင်း ထားခဲ့ပြီး ကျောက်ချပ်စာလို့ခေါ်ကြတယ်။ အချို့ကျောက်စာတွေကို ကြီးမားတဲ့ သဲကျောက်လုံးတိုင်ကြီးတွေပေါ်မှာ ရေးထွင်းခဲ့ပြီး ကျောက်စာတိုင် လို့ခေါ်ကြပါတယ်။
ကျောက်ချပ်စာ ကိုဘဲ နောက်ထပ် နှစ်မျိုးခွဲခြားနိုင်ပါတယ်။ အဓိက ကျောက်ချပ်စာ(၁၄)ချပ်ကို အသောက ဘုရင်အုပ်ချုပ်စိုးစံသွားခဲ့တဲ့ ဂါနာအပါအ၀င်တိုင်းပြည်နယ်စပ် တစ်လျှောက် ဒေသ(၇) နေရာကနေရှာဖွေတွေ့ရှိခဲ့ကြတယ်။အဲဒီကျောက်ချပ်တွေမှာရှည်လျားတဲ့ကျောက်စာမှတ်တမ်းတွေပါဝင်ပြီး ကျောက်စာမှတ်တမ်းတွေရဲ့ အရေးကြီးတဲ့အချက် လက်တွေကို တွေ့ရှိကြရပါတယ်။သေးငယ်တဲ့အခြား ကျောက်ချပ်စာတွေကိုတော့အိန္ဒိယနိုင်ငံ၊အလယ်ပိုင်းနဲ့တောင်ပိုင်းဒေသက နေရာ (၇) နေရာမှာရှာဖွေတွေ့ရှိခဲ့တယ်။ ဒီ ကျောက်စာတွေဟာ အများအားဖြင့် ဗုဒ္ဓ၀ါဒနဲ့ သက်ဆိုင်နေပြီး အချို့ကျောက်စာတွေမှာတော့ အသောကဘုရင်ရဲ့မင်းကျင့်တ ရားဆိုင်ရာကျင့်ထုံးတွေကိုရေးထိုးထားပါတယ်။အသောကဘုရင်က လေ့လာသင်ယူကြဖို့တိုက်တွန်းထား တဲ့ဗုဒ္ဓတရားတော်သုတ်(၇)သုတ်ပါတဲ့မှတ်တမ်းကျောက်စာချပ်ကို ‘’ဘရတ်ထ်’’ မှာတွေ့ရှိခဲ့ပြီး အဲဒီကျောက်ချပ်စာ ဟာ အသေးစားတွေထဲက တစ်ချပ်ဖြစ်ပါတယ်။
အကြီးစား၊အသေးစားကျောက်စာတိုင်တွေများစွာ လည်းယနေ့ခေတ် ထိအောင်ကျန်ရစ်ခဲ့ပါတယ်။ ကျောက်စာတိုင်(၆)တိုင်၊သို့မဟုတ်(၇)တိုင်ကိုအဓိက အားဖြင့်အိန္ဒိယနိုင်ငံအလယ် ပိုင်းက နေရာ(၆) နေရာမှာ တွေ့ရှိခဲ့တယ်။ ကျောက်စာတိုင်တွေမှာ ရေးထိုးထားတဲ့မှတ် တမ်းတွေဟာ အများအားဖြင့် ကျောက်ချပ်စာတွေမှာပါသလို ဗုဒ္ဓဓမ္မဆိုင်ရာ အဆုံးအမတွေဖြစ်ပါတယ်။ အဲဒီကျောက်စာတိုင်တွေကိုအသောကဘုရင် နန်းစံနှစ် (၂၆) နှစ်မှာ ရေးထိုးစိုက်ထူခဲ့တာဖြစ်တယ်။အသေးစားကျောက်စာ တိုင်တွေကို ဗုဒ္ဓ၀င်နေရာတွေဖြစ်တဲ့ ‘’ဆာရာနတ်ထ်’’လို၊ ‘’ဆန်ချီ’’ လို နေရာတွေမှာ တွေ့ရများတယ်။ ဒီကျောက်စာတိုင်တွေ ကတော့ ဗုဒ္ဓမြတ်စွာရဲ့ တပည့် သံဃာ့အဖွဲ့အစည်းနဲ့ သက်ဆိုင်တဲ့အကြောင်းရာတွေ ပါဝင်နေတယ်။ ပြီးတော့ သံဃာတွေ မညီမညွတ်ဂိုဏ်းကွဲသွားနိုင် တဲ့ အန္တာရာယ်တွေကိုလည်း သတိပေးရေးထိုးထားပါတယ်။ ဒီကျောက်စာတိုင်တွေရဲ့ ထိပ်ဆုံးမှာ အများအားဖြင့်သတ္တ၀ါတစ်မျိုးမျိုးနဲ့ တန်ဆာဆင်ထားတယ်။ ‘’ဆာရာနတ်ထ်’’မှာ ရှာဖွေတွေ့ရှိခဲ့တဲ့ ကျောက်စာတိုင်ရဲ့ ထိပ်မှာ ခြင်္သေလေးကောင်း လေးဘက်လေးတန်မျက်နှာမူနေပုံထွင်းထုထားပြီးအောက်ဘက်မှာ ဓမ္မစကြာလှည်းဘီး တွေပါတယ်။ဒီလက်ရာပြောက်မြောက်လှတဲ့ အသောကဘုရင်ရဲ့ သင်္ကေတအမှတ်တံဆိပ်ကို ဒီနေ့ခေတ် အိန္ဒိယနိုင်ငံရဲ့ နိုင်ငံတော်အမှတ်တံဆိပ်အဖြစ် အသုံးပြုထားပါတယ်၊ပြီးတော့ဓမ္မလှည်းဘီးပုံကိုတော့အိန္ဒိယနိုင်ငံရဲ့
နိုင်ငံတော်အလံပေါ်မှာတွေ့မြင်နိုင်ပါတယ်။
အသောကဘုရင်ရဲ့ကျောက်စာတွေကို(၁၉)ရာစုနှစ်ကစပြီးပညာရှင်တွေစတင်တွေ့ရှိခဲ့ကြတယ်။မကြာသေးခင်နှစ်များထိဆက် လက်တွေ့ရှိနေဆဲဖြစ်တယ်။၁၉၄၉ခုနှစ်မှာအာမေးနီးယန်း ဘာသာနဲ့ ရေးထိုးထားတဲ့အသောက ဘုရင်ရဲ့ကျောက်စာတစ်ချပ်ကိုအာဖရိကန်နစ်စတန်နိုင်ငံလမ်ပါက ဒေသမှာရှာဖွေတွေ့ရှိခဲ့တယ်။ဂရိ၊အာမေးနီးယန်း နှစ်ဘာသာ ရေးထိုးထားတဲ့ ကျောက်စာကိုတော့၁၉၅၈ ခုနှစ်က ကန်ဒဟာရ် ဒေသမှာတွေ့ရှိခဲ့တယ်။ ၁၉၆၆ ခုနှစ်မှာဒေလီမြို့နယ်အစပ်မှာ လည်း ကျောက် စာချပ်တစ်ချပ်တွေ့ရှိခဲ့ တယ်။ကျောက်စာ (၃၀) ကျော်ကို အတည်ပြုထားနိုင်ခဲ့ပြီးဖြစ်တယ်။ဂျိမ်း ပရင့်ဆပ် က ၁၈၇၃ ခုနှစ်မှာ အသောကကျောက်စာတွေရဲ့အဓိပ္ပါယ်တွေကို စတင် ဖော်ထုတ်နိုင်ခဲ့တဲ့ အချိန်ကစပြီး တဖြည်းဖြည်းအဓိပ္ပါယ် ပိုကောက် နိုင်ခဲ့ရာကနေ အခုတော့ကျောက်စာချပ်တွေရဲ့ စကားအဓိပ္ပါယ်ကို အပြည့်အ၀ နီးပါးနားလည်နိုင်ကြပြီဖြစ်ပေမဲ့ ဒွိဟဖြစ်စရာ ကျောက်စာ အဓိပ္ပါယ်များစွာလည်း ကျန်ရှိနေပါသေးတယ်။
အသောကမင်ကြီးဟာဗုဒ္ဓ၀ါဒရဲ့သင်ကြားမူဖြစ်တဲ့လူသားအားလုံးဟာအခြေခံအားဖြင့်အဆင့်တန်းတူညီတယ် ဆိုတဲ့ ဆုံးအမကို လက်ခံယုံကြည်ခဲ့တယ်။ ဒါကြောင့်မို့ သူ အပါဝင် လူသား အားလုံးဟာ ဗုဒ္ဓမြတ်စွာရဲ့ အဆုံးမတရားတော်တွေကို လိုက်နာကျင့်သုံးဖို့လိုတယ်။ လူသားအားလုံးဟာကရုဏာ တရားကိန်းအောင်းပြီးရိုးသားဖြူစင်ဖို့လိုတယ်လို့ယုံကြည်ယူဆခဲ့တယ်။
ဘုရင်မင်းမြတ်ဟာသူ့ရဲ့ပြည်သူ ပြည်သားတွေကိုသက်ရှိ သတ္တ၀ါတွေ အားလုံးအပေါ်မှာသနားကြင်နာဖို့၊ မှန်ကန်စွာ ပြောဆိုဖို့၊ စိတ်ရှည် သည်းခံဖို့အကူညီမဲ့နေသူတွေကိုကူညီဖို့ တိုက်တွန်းခဲ့တယ်၊အားပေးခဲ့တယ်။ဆိုခဲ့တဲ့လူသားကျင့်ဝတ်တွေဟာအလွန်ရိုးရှင်းနေပေမဲ့၊ အသောကမင်းကြီးကတော့ ဒီကျင့်ဝတ်တွေဟာ ဘယ်တော့မှ ဖောက်ပြန်ပြောင်းလဲမူ မရှိတဲ့လူသားအားလုံးလိုက်နာ ကျင့်သုံးသင့်တဲ့သစ္စာတရားတွေအဖြစ်ယုံကြည်လက်ခံခဲ့တယ်။ အဲဒီ ကျင့်ဝတ်တွေကိုနောက် အနာဂတ် မျိုးဆက်တွေ လက်ဆင့်ကမ်းဖို့အတွက် သူဟာဆိုခဲ့ပြီးတဲ့ ကျောက်စာချပ်၊ ကျောက်စာတိုင်တွေမှာရေးထိုးခဲ့တာ ဖြစ်ပါတယ်။
ကိုယ့်လို ဝေဒနာခံစားမူရှိတဲ့သတ္တ၀ါအားလုံးရဲ့အသက်ကို လေးစားတန်ဖိုးထားဖို့အရေးကြီးတယ်ဆိုတဲ့အချက်ကိုအသောကမင်းကြီးရဲ့ ကျောက်စာတွေမှာထပ်ခါတလဲလဲ ဖော်ပြရေးထိုးထားခဲ့ပါတယ်မလိုအပ်ဘဲသတ်ဖြတ်ညဉ်းဆဲခြင်းကို ဥပဒေနဲ့ ပိတ်ပင်တားမြစ်ခဲ့တယ်။ အကယ်၍ သတ္တ၀ါတွေကို မဖြစ်မနေသတ်ဖြတ်ရမယ် ဆိုရင်တောင် ကိုယ်ဝန်ဆောင် မိခင်နဲ့ငယ်ရွယ်တဲ့သတ္တ၀ါတွေကိုလုံးဝမသတ်ရဘူး။တိုင်းပြည်အနှံ့မှာ ဆေးရုံတွေ ဆောက်လုပ်ပေးခဲ့တယ်၊ ဆေးရုံတစ်မျိုးက လူတွေ အတွက်ဖြစ်ပြီး၊ နောက်ထပ် ဆေးရုံတစ်မျိုးက တိရစ္ဆာန်တွေအတွက်ဖြစ်တယ်။ ဆေးဝါးကုသဖို့လိုအပ်တဲ့ ဆေးပင်တွေကို အထူးစိုက်ပျိုးစေခဲ့ တယ်၊လမ်းဘေးတွေမှာအရိပ်ရသစ်ပင်တွေစိုက်ပျိုးစေခဲ့တယ်။ရေတွင်းရေကန်ပေါင်းများစွာတူးဖော်စေခဲ့တယ်။ခရီးသည်တွေနားခိုဖို့ဇရပ်၊နားနေရန်ဌာနတွေ၊ သောက်သုံးရေစင်တွေ ခရီး လမ်းမတွေရဲ့ဘေးမှာ တည်ထားစေခဲ့တယ် (ကျောက်စာ ၃) ၊ ဒီလို ကူညီစောင့်ရှောက်ခြင်းနဲ့ အသောကမင်းကြီးဟာ သူ့တိုင်းပြည်က ပြည်သူပြည်သားတွေရဲ့ ဘ၀ကို ငြိမ်းချမ်းသာယာစေခဲ့တယ်၊ လူအပါအ၀င် သတ္တ၀ါအားလုံးရဲ့အပေါ်မှာထားရှိတဲ့ သူ့ရဲ့ မေတ္တာတရား၊ သနားစောင့်ရှောက်မူ (ဒယာ)တရားတွေကို ဖော်လှစ်ပြသခဲ့ပါတယ်။
အသောကမင်းကြီးရဲ့ကျောက်စာတွေမှာမိဘ၊ဆရာသမားနဲ့ သက်ကြီးဝါကြီးတွေရဲ့ဆုံးမစကားကို ရိုသေလေးစားဖို့အ ရေးကြီးကြောင်းကိုလည်း ထပ်ခါတလဲလဲဖော်ပြထားတယ်။ သက်ကြီးရွယ်အိုတွေကို ယဉ်ကျေးစွာဆက်ဆံဖို့လမ်းညွှန်ထား တယ်။ မိတ်ဆွေတွေ၊ ပညာရှိ၊ သမဏ၊ ဗြာဟ္မဏတွေ၊ ဆင်းရဲသားတွေ၊ကျေးကျွန်တွေကို ကောင်းမွန်စွာ ဆက်ဆံဖို့၊ဘယ်အဆင့်တန်းမှာဘဲဖြစ်ဖြစ်လူသားတစ်ဦးစီမှာရှိတဲ့လူသားဂုဏ်သိက္ခာကို လေးစားဖို့တိုက်တွန်းထားတယ်။ဒီအပြင်သာမဏ၊ ဗြာဟ္မဏတွေနဲ့ဘုန်းတောင်းယာစကာတွေကို ဆွမ်း၊ ထမင်းလှူဒါန်းစွန့်ကျဲဖို့ လည်း လမ်းညွှန်ထားပါတယ်။ အသောကမင်းကြီး ကိုယ်တိုင်လည်းအမဲလိုက်လေ့ရှိတဲ့ ၀ါသနာကို စွန့်လွတ်ခဲ့ပြီး တိုင်းပြည်အနှံ့ ဓမ္မခရီးတွေလှည့်လည်ခဲ့ကြောင်း ကျောက်စာမှာ ရေးထိုးဖော်ပြထားတယ်။ (ကျောက်စာ - ၈) ဒီလို ဓမ္မခရီးထွက်တဲ့အခါ အသောကဘုရင်ဟာ ဘာသာရေးခေါင်းဆောင်ကျမ်းတတ်ပုဂ္ဂိုလ်တွေကိုသွားရောက်ဖူးမြင် တယ်၊ဆွမ်းပစ္စည်းတွေလှူဒါန်းထောက်ပံ့တယ်၊ပြီးတော့သာမာန်ပြည်သူ၊ ပြည်သားတွေနဲ့ တွေ့ဆုံပြီးသူသိထားတဲ့တရား ဓမ္မတွေနဲ့သူတို့ကို ဟောပြောဆုံးမပါတယ်။ဒီလိုဓမ္မခရီးထွက်ရတာကို အသောကမင်းကြီးအလွန်နှစ်သက်မြတ်နိုးတယ်။ ဘုရင်မင်းကြီး ဟာ အလှူတကာ့ အလှူတွေထဲမှာ ဓမ္မ အလှူကိုအမြတ်ဆုံးလို့ ခံယူထားပြီး ဒီလို သူသိတဲ့ တရားဓမ္မတွေကိုမျှဝေရင်း ဓမ္မမိတ်ဆွေပေါင်းများစွာနဲ့ ချစ်ကြည်မူရယူခဲ့တယ်။ တရားဓမ္မဟောကြားခြင်းဟာ ဟောကြားသူအတွက် ဒီဘ၀မှာ လည်း ကောင်းကျိုး တရားတွေရမယ် ..နောင်သံသရာမှာလည် မရေမတွက်နိုင်တဲ့ အကျိုးတရားတွေရမယ်လို့အသောကမင်းကြီး ယုံကြည်ပါတယ်။ ပြည်သူပြည်သားတွေကိုကာမဂုဏ်အာရုံတွေကိုအလွန်ကျူးမလိုက်စားဖို့၊ကာမဂုဏ်ဆန္ဒတွေကိုပညာနဲ့ထိန်းကြောင်းဖို့ ဟောပြောလေ့ရှိတယ် လို့ ကျောက်စာတွေမှာ မှတ်တမ်းတင်ထားတယ်။
အသောကမင်းကြီးဟာတိုင်းပြည်ကိစ္စကို ဆောင်ရွက်ရာမှာ အလွန်လုံ့လပြုတယ်။ နိုးကြားတယ်။တိုင်းရေးပြည်ရေးကိစ္စကြုံလာရင်သူပွဲတော်တည်နေသည်ဖြစ်စေ၊မိဘုရားဆောင်ရောက်နေသည်ဖြစ်စေ၊ ဥယျာဉ်တော်မှာပျော်ပွဲစားနေ သည်ဖြစ်စေ၊ ချက်ချင်းသတင်းပို့ရမယ်လို အမိန့်ထုတ်ထားပါတယ်။မင်းကြီးဟာ ရှင်ဘုရင်ကောင်းတစ်ပါးဖြစ်အောင် ကြိုးစားခြင်း ၊ကျင့်ကြံခြင်းဟာတိုင်းပြည်ဘုရင်တစ်ပါးက ပြည်သူတွေအတွက် ဆောင်ရွက်ရမဲ့ တာဝန်ဝတ္တရားတစ်ရပ်အဖြစ်ခံယူထားပါတယ်။ကမ္ဘာပေါ်ကသက်ရှိအားလုံးရဲ့အကျိုးစီးပွားကို ဆောက်ရွက်ရတာ၊ ဆောက်ရွက်လို့ ဖြစ်ပေါ်လာတဲ့ အကျိုးစီးပွားတွေကို ဆထက်တပိုး တိုးပွားလာအောင်ကြိုးစား အားထုတ်နေတာဟာအမွန်မြတ်ဆုံးအလုပ်လို့အသောကမင်းကြီးခံယူထားပါတယ်။သူရဲ့အုပ်ချုပ်စီမံမူအားလုံးဟာ ပြည်သူပြည်သားနဲ့သက်ရှိအားလုံးအပေါ်မှာ တင်ရှိနေတဲ့ ကျေးဇူးတရား၊ သံသရာကြွေးကိုဆပ်နေရတာဖြစ်တယ်လို့လည်း သူ ခံယူထားပါတယ်။ အသောကမင်းကြီးဟာ ပြည်သူ၊ ပြည်သား သတ္တ၀ါအားလုံးကို ယခု မျက်မှောက်ဘ၀မှာလည်း ပျော်ရွှင်ချမ်းမြေ့စေချင်တယ်၊ နောင်သံသရာမှာလည်း ကောင်းမွန်တဲ့ သုဂတိဘုံဘ၀တွေမှာခံစားပျော်ရွှင်စေချင်တယ်။ သူဟာ သူမှတပါး အခြား သတ္တ၀ါအားလုံးကိုသူ့ရဲ့ရင်ဝယ်သား၊သမီးများပမာသဘောထားကြောင်း ကျောက်စာမှာ
ရေးထိုးထားခဲ့ပါတယ်။ (ကျောက်စာ - ၆)
အသောကမင်းကြီးရဲ့ ကျောက်စာတွေထဲမှာ‘’ဓမ္မ’’ရဲ့ အဓိပ္ပါယ်ကိုအမျိုးမျိုးဖွင့်ဆိုထားတယ်။
’’ကောင်းမြတ်မူ(sadhu)၊‘’မကောင်းမူမှကင်းစင်မူ’’‘’ကောင်းမူများစွာဖြင့် ပြည့်စုံမူ’’၊’’သနားစောင့်ရှောက်မူ’’၊ ‘’ပေးကမ်း စွန့်ကြဲမူ’’၊ ‘’မှန်ကန်မူ သစ္စာတရား’’၊ ‘’ကိုယ်၊ နူတ်၊နှလုံးစင်ကြယ်မူ’’စသည်ဖြင့် တွေ့ရပါတယ်။ တရားဓမ္မကို သိရှိနားလည်ခြင်း၊ မျက်မှောက်ပြုခြင်းဆိုတဲ့ အဓိပ္ပါယ်မှာ”သနားစောင့်ရှောက်မူရှိခြင်း’’၊ ‘’လွတ်လွတ် ပေးကမ်းစွန့်ကြဲနိုင်ခြင်း’’၊ ‘’သစ္စာတရား’’၊ ‘’စိတ်နှလုံး စင်ကြယ်မူ”၊ “စိတ်နှလုံး နူးညံ့မူ”၊ “ကောင်းမြတ်မူ” စတဲ့ ကောင်းမြတ်တဲ့ အရည်သွေးတွေပါတယ်။ လူတစ်ယောက်ဟာ ‘’ပေးကမ်းစွန့်ကြဲမူ” ကိုတော့ လုပ်တယ်၊ သိုသော် သူဟာ အာရုံတွေအပေါ်မှာထိန်းချုပ်ထားနိုင်စွမ်းမရှိဘူးဆိုရင်၊သူတထူးရဲ့ ကျေးဇူးတရားတို့ကို ချေပတတ်ရင်၊ခိုင်မြဲတဲ့ ရိုးသားစင်ကြယ်မူ မရှိဘူးဆိုရင်၊ အထူးကောင်းမွန်သူ မဟုတ်သေးဘူး၊ နိမ့်ကျနေသေးတယ်လို့ ဆိုထားပါတယ်။ ဒီအပြင် ‘’ရက်စက်ကြမ်းကြုတ်မူ’’၊ ‘’လူသားမဆန်မူ’’၊ ဒေါသ၊ မာနတရားများ၊ မနာဝန်တိုမူ စတဲ့ အကုသိုလ်တရားတွေဟာ စိတ်ညစ်နွမ်းမူ ကိလေသာတရားတွေကို ပိုပြီး တိုးပွားစေလိမ့်မယ် လို့ အသောကမင်းကြီးဟာ သူ့ရဲ့ကျောက်စာထဲ မှာ သတိပေးရေးထိုးထားတယ်။
‘’ကောင်းမူပြု ဖို့ ဆိုတာ မလွယ်ဘူး၊ ကောင်းတာတွေကို ပြုလုပ်အားထုတ်တဲ့အခါအစ မှာတော့အခက်ခဲတွေ့ရ လိမ့်မယ်’’လို့ ဖော်ပြထားတယ်။အဲဒီနောက်မင်းကြီးကသူဟာ
ကောင်းမူများစွာကို အားထုတ်ခဲ့ပြီးပြီ လို့ဆက်လက်ရေးထိုးထား တယ်။ (ကျောက်စာ ၄ - ၅ )
အသောကမင်းကြီး ဟာ ဗုဒ္ဓမြတ်စွာရဲ့ အဆုံးမတော်တွေနဲ့ ပတ်သက်တဲ့ သူ့ရဲ့ဓမ္မအမြင် အယူဆတွေကိုနည်း လမ်းနှစ်ခုနဲ့ ပြန့်ပွားထွန်းကားအောင်အားထုတ်ခဲ့တယ်။ပထမနည်းက အာဏာစက်နဲ့ ဥပဒေပြဋ္ဌာန်းခြင်း အားဖြင့် တရားဓမ္မတည် တံ့ပြန့်ပွားစေခြင်းဖြစ်တယ်။ တရားဓမ္မနဲ့ပတ်သက်တဲ့ ဥပဒေတွေကို ပြဋ္ဌာန်းခဲ့တယ်။ဒီဥပဒေတွေဟာအထူးသဖြင့် သတ္တ၀ါတွေကိုညဉ်းဆဲသတ်ဖြတ်ခြင်းနဲ့သက်ဆိုင်တယ်။အသောကမင်းကြီးဟာဒီလိုဥပဒေပြဋ္ဌာန်းခြင်းနည်းလမ်းနဲ့သူရဲ့သတ္တ၀ါတွေအပေါ်ညဉ်းဆဲသတ်ဖြတ်ခြင်းနဲ့ဆိုင်တဲ့ဓမ္မအမြင်၊ကျင့်သုံးဆောက်တည်မူကိုသူ့တိုင်းပြည်က ပြည်သူ၊ ပြည်သားတွေကိုလည်းအာဏာစက်နဲ့ကျင့်သုံးဆောက်တည်စေခဲ့တယ်။ တရားဓမ္မတည်ရှိစေခဲ့တယ်။
နောက်တစ်နည်းကတော့တရားဓမ္မတွေကိုဆင်ခြင်ပွားများစေခြင်း၊ကိုယ်တိုင်သိမြင်အောင် ကျင့်ကြံအားထုတ်စေခြင်းဖြင့် တည်တံ့ပြန့်ပွားစေခြင်းဖြစ်တယ်။ဒီနည်းလမ်းနဲ့တိုင်းသူ ပြည်သားတွေဟာသတ္တ၀ါတွေကိုသတ်ဖြတ်ညဉ်းဆဲခြင်းမပြုဖို့တားမြစ်ရတဲ့အကြောင်းရင်းကို လေးလေးနက်နက်သဘောပေါက်နားလည်သွားကြလိမ့်မယ်။ ပြီးတော့ဒီနားလည်သိမြင်မူ ကနေ သူတို့ရဲ့အခြား ပြုလုပ်အားထုတ်မူတွေမှာ လည်းတရားဓမ္မနဲ့ယှဉ်ပြီး ပြုလုပ်အားထုတ်သွားကြလိမ့်မယ် လို့ ဖော်ပြထားပါတယ်။ ဒီလို ကိုယ်တိုင်ဆင်ခြင်ပွားများခြင်း၊ ကျင့်ကြံအားထုတ်ခြင်းဖြင့်သိရှိတဲ့ တရားဓမ္မအမြင်ဟာ ဥပဒေ တားမြစ်ချက်ကြောင့် ကျင့်ကြံရတဲ့ တရားဓမ္မထက်ပိုပြီး အဆင့်တန်းမြင့်ကြောင်းလည်း ရေးထိုးထားပါတယ်။ (ကျောက်စာ - ၇ )
ဘုရင်မင်းမြတ်ဟာ သတ္တ၀ါတွေရဲ့အသက်ကို မသတ်ဖို့၊ သက်ရှိအားလုံးကို တန်ဖိုးထားဖို့၊ လူအချင်းချင်း ရိုသေမူ ဂါရ၀တရား ထားဖို့ အထူးအလေးပေးခဲ့တယ်။ သေမိန့်သေဒဏ် ကျခံနေရတဲ့ရာဇ၀တ်သားတစ်ယောက်ကိုတောင်မှ ဆွေမျိုးမိဘတွေနဲ့တွေ့ဆုံဖို့၊ နောင်သံသရာအတွက် ကောင်းမူကုသိုလ်ပြုလုပ်ဖို့ အတွက် အမိန့်မချမှတ်ခင် (၃) ရက် လွတ် ငြိမ်းချမ်းသာ ခွင့်ပေးခဲ့တယ်။ အသောကမင်းကြီးရဲ့နန်းစံသက် (၂၆) နှစ်အတွင်းမှာ (၂၅) ကြိမ်တိုင်တိုင် ရာဇ၀တ်သားတွေကို လွတ်ငြိမ်းချမ်းသာ ခွင့်ပေးခဲ့တယ်။ (ကျောက်စာ - ၅) အသောကမင်းကြီးအထူးညွှန်ပြရေး ထိုးထားတဲ့ ‘’သူတပါးအ သက်ကို လေးစားမူ’’ ဆိုတဲ့ တရားဓမ္မဟာကိုယ်မှတပါး အခြားသောသတ္တ၀ါတွေဟာကိုယ်လိုဘဲအသက်ရှင်သန်လိုတယ်ခံစားတတ်တယ်ဆိုတဲ့ခံစားသိမြင်မူကိုယ်ချင်းစာတရားပေါ်မှာ အခြေခံထားတာဖြစ်တယ်။
အသောကမင်းကြီးအထူးအလေးနက်ထားတဲ့အခြားကောင်းမြတ်တဲ့တရားဓမ္မတွေကတော့ ‘’ကြင်နာသနားမူ”၊ ‘’ပေးကမ်းစွန့်ကြဲမူ’’၊ ‘’မှန်ကန်ခြင်း သစ္စာတရား’’၊ ‘’ကိုယ်နူတ်စိတ် စင်ကြယ်မူ’’၊ ‘’မိခင်၊ ဘခင်တွေရဲ့ ဆုံးမစကားကို နားထောင်မူ’’၊’’အခြားသူတွေရဲ့အပေါ်မှာ တရားမျှတစွာ ပေါင်းသင်းဆက်ဆံမူ’’ ၊‘’မိမိနေထိုင်တဲ့လူ့ပတ်ဝန်းကျင်ရဲ့ ကျေးဇူးတရားတွေကို နားလည်သိရှိမူ’’ စတဲ့ အရည်အသွေးတွေဖြစ်တယ်။ အသောကမင်းကြီးသိမြင်တဲ့ တရားဓမ္မတော်တွေ ဟာကြွယ်ဝပြည့်စုံလှပါ တယ်။
အသောကမင်းကြီးဟာကျင့်သုံးဖို့သူလမ်းညွှန်တိုက်တွန်းထားတဲ့တရားဓမ္မတွေကိုတိုင်းသူပြည်သားတွေ လိုက်နာမူရှိမရှိ စိစစ်စုံစမ်းဖို့၊ စစ်ဆေးဖို့ အတွက် ဓမ္မရေးရာ ၀န်ကြီးတွေကို ခန့်အပ်ထားခဲ့တယ်။အဲဒီဓမ္မရေးရာဝန်ကြီးတွေဟာငါးနှစ်တစ်ကြိမ်သက်ဆိုင်ရာနယ်တွေကို သွားရောက်စုံစမ်း၊ စစ်ဆေးကြရတယ်။
(သီးခြားကျောက်စာ -၁၊ Dhauli) ။
အသောမင်းကြီးရဲ့ အရှည်လျားဆုံးရေးထိုးခဲ့တဲ့ ကျောက်စာ နံပါတ် (၁၄) မှာ၊မင်းကြီးရဲ့ တရားဓမ္မအမြင်တွေဟာ ဗုဒ္ဓ၀ါဒကလာတယ်လို့အတိအကျဖော်ပြမထားတဲ့အတွက်ကြောင့် အချို့ပညာရှင်တွေက မင်းကြီးရဲ့ဓမ္မအမြင်ဟာ ဗုဒ္ဓ၀ါဒ ဟုတ်လေမလား ဆိုတဲ့ သံသယတွေရှိကြပါတယ်။သို့သော်လည်း မင်းကြီးရဲ့ ဓမ္မအမြင်ဟာ ဗုဒ္ဓ၀ါဒမှတပါးသော အခြားဘာသာရေးဝါဒ တစ်ခုခုပေါ်မှာ အခြေခံတယ်လို့တော့ ပြောနိုင်စရာမရှိဘူး။ဥပမာ - ဟိန္ဒူဝါဒက ‘’မနုဓမ္မသတ်” မှာ သုံးနှုန်းထားတဲ့ “ဓမ္မ” ဆိုတဲ့အသုံးနှုန်းရဲ့ အဓိပ္ပါယ်ဟာ တရားစီရင်ရေး ဥပဒေ နဲ့သာ သက်ဆိုင်တယ်။ ‘’နိယာယ၀ါဒဂိုဏ်း’’ နဲ့ ‘’ဂျိန်းဝါဒ’’ မှာလည်း ‘’ဓမ္မ’’ ဆိုတဲ့ အသုံးနှုန်းကိုသုံးထားပါတယ်။ သို့သော်လည်း အဲဒီ အသုံးနှုန်းက ဆိုလိုတဲ့ အဓိပ္ပါယ်ဟာအသောကမင်းကြီးရဲ့ ကျောက်စာတွေက ‘’ဓမ္မ” အသုံးနှုန်းအဓိပ္ပါယ်နဲ့လုံးဝ ကွာခြားနေပါတယ်။ ‘’ဝေဒကျမ်း’’ နဲ့ ‘’ဥပနိသျှကျမ်းဂန်’’ တွေမှာသုံးနှုန်းထားတဲ့ ‘’ဓမ္မ” အဓိပ္ပါယ်ဟာ မင်းကြီးဆိုလိုတဲ့ အဓိပ္ပါယ်နဲ့တော့နီးစပ်တယ်၊ သို့သော် ထပ်တူကျတယ် လို့တော့ မပြောနိုင်ပါဘူး။’’ဥပနိသျှကျမ်းဂန်’’ တွေ ဦးတည်ထားတာက ‘’ဗြာဟ္မာနဲ့ အတ္တ၀ါဒ’’ ဖြစ်တယ်၊ ‘’ဓမ္မ’’ မဟုတ်ဘူး။ အသောကမင်းကြီးရဲ့ ဦးတည်မူကတော့ ‘’ဓမ္မ’’ သက်သက်သာဖြစ်တယ်။
‘’ဘဂ၀ဂ်ဂီတ’’ မှာ ‘’ဓမ္မ’’ ဆိုတာ ‘’ကမ္မယောဂ’’ ကျင့်စဉ်ရဲ့ အဓိကကျတဲ့ကျင့်ဝတ်၊ ကျင့်ထုံးတစ်ခုဖြစ်ပြီး ‘’ဆွဓမ္မ’’ လို့ခေါ်တဲ့ ကျင့်ဝတ်၊ ၀တ္တရားတစ်ခုအဖြစ်တွေ့ရပါတယ်။ ‘’ဘဂ၀ဂ်ဂီတ’’မှာကောင်းမြတ်တဲ့ဓမ္မကျင့်ဝတ်၊ကျင့်ထုံးတွေကို ဖော်ပြထားပြီးအများအားဖြင့်အသောကမင်းကြီးရဲ့ကျောက်စာတွေမှာရေးထိုးထားတဲ့ဓမ္မသဘောထား အမြင်တွေနဲ့ တူညီနေတယ်။သို့သော် မတူတဲ့ အချက်ကဘာလဲ ဆိုတော့ ‘’ဘဂ၀ဂ်ဂီတကျမ်း’’က ‘’စစ်’’ ကို ချီးမွမ်းရေးသားထားပြီး အသောကမင်းကြီးက‘’စစ်’’ ကို ဆန့်ကျင် ရူတ်ချထားတဲ့ အချက်ဖြစ်ပါတယ်။
အခြား ဘာသာဝါဒတွေနဲ့ နှိုင်းယှဉ်တဲ့အခါ ‘’ဓမ္မ’’ ဆိုတဲ့အသုံးနှုန်းဟာ’’ဗုဒ္ဓ၀ါဒ’’ မှာ အဓိက အစိတ်ပိုင်းမှာ ရှိနေပါတယ်။ ‘’ဗုဒ္ဓ၊ ဓမ္မ၊သံဃာ’’ ဆိုတဲ့ ရတနာသုံးပါးမှာ ‘’ဓမ္မ’’ ဆိုတာ တပါးအပါဝင်ဖြစ်တယ်။ပြီးတော့အသေးစားကျောက်ချပ်စာတွေနဲ့ကျောက်စာတိုင်တွေမှာလည်းအသောကမင်းကြီးဟာသဒ္ဓါတရားထက်သန်တဲ့ဗုဒ္ဓ၀ါဒီဘုရင်မင်းမြတ်ဖြစ်ကြောင်းဖော်ပြထားတယ်။ ဒါကြောင့်မို့လို့ အသောကမင်းကြီးရဲ့ဓမ္မအမြင်၊ ဓမ္မသဘေားတရားတွေဟာ ‘’ဗုဒ္ဓ၀ါဒ’’ ရဲ့ ဓမ္မအမြင်၊ဓမ္မ သဘောတရား တွေသာဖြစ်ပါတယ်။
အသောကမင်းကြီးဟာသူကိုယ်တိုင်ကဗုဒ္ဓ၀ါဒီအဖြစ်ကူးပြောင်းခဲ့ပေမဲ့အခြားဘာသာတရားတွေကိုလည်းတရားနဲ့အညီချီးမြှောက်ခဲ့တယ်။ဘာသာတရားအားလုံးရဲ့ဘာသာရေးခေါင်းဆောင်တွေ၊ကိုးကွယ်ယုံကြည်သူတွေအားလုံးကိုပေးကမ်းလှူဒါန်းမှု၊ပူဇော်မူတွေပြုလုပ်ခဲ့တယ် လို့ ကျောက်နံပါတ် (၁၂) မှာဖော်ပြထားပါတယ်။ ကျောက်စာ နံပါတ် (၇) မှာ မင်းကြီးဟာဘာသာဝင်အားလုံးကိုသူ့ရဲ့တိုင်းပြည်အတွင်း နေရာတိုင်းမှာ နေထိုင်ကြစေလိုတယ်လို့ ထုတ်ဖော်ရေးထိုးထားတယ်။ ကျောက်စာတိုင် - နံပါတ် (၇) မှာတော့ မင်းကြီးဟာ ဗုဒ္ဓဘာသာသံဃာတော်တွေ ရဲ့ကိစ္စအ၀၀ကို ဆောင်ရွက်ဖို့အတွက်ဓမ္မရေးရာ ၀န်ကြီးတွေကိုခံအပ်ထားကြောင်း၊ အခြား ဘာသာတရားတွေဖြစ်တဲ့ ဗြာဟ္မဏ၀ါဒ၊ အာဇီဝိကာတွေနဲ့ ဂျိန်းဝါဒီ တွေအတွက်လည်း သက်ဆိုင်ရာ ဓမ္မ၀န်ကြီးတွေ ခန့်အပ်ထားကြောင်း မှတ်တမ်းတင်ထားခဲ့တယ်။
အသောကမင်းကြီးဟာ ဘာသာဝါဒ အားလုံးကိုတန်းတူညီမျှ စောင့်ရှောက်မူတွေပေးခဲ့ပေမဲ့ သူကိုယ်တိုင်ဟာ ထက်သန်တဲ့ ဗုဒ္ဓ၀ါဒီ တစ်ဦးဖြစ်ကြောင်းကို သူ့ဘ၀ ဇာတ်ကြောင်းတွေဖော်ပြနေတဲ့ ကျောက်စာရေးသားချက်တွေ မှာတွေ့မြင်နိုင်တယ်။ သူ့ရဲ့ နန်းစံနှစ် (၇) နှစ်ဝန်းကျင်မှာ အသောကမင်းကြီး ဗုဒ္ဓ၀ါဒသို့ ကူးပြောင်းခဲ့တာဖြစ်တယ်။ ရုပနထ် က ကျောက်ချပ်သေးရေးထိုးစာ အရ သူဟာ ကူးပြောင်းပြီး နှစ် နှစ်လောက်ထိ ဗုဒ္ဓ၀ါဒကို ကျေနပ်လောက်တဲ့ ထက်သန်မူမျိုး၊ လိုက်နာကျင့်ကြံတာမျိုး မလုပ်နိုင်ခဲ့သေးဘူး၊ အဲဒီ နောက်မှ တစ်နှစ်ကျော်ကာလ ပတ်လုံးသံဃာတော်တွေထံမှာ နီးကပ်စွာ ဆည်းကပ်ပြီး တရားဓမ္မကို စွမ်းစွမ်းတမံ ကျင့်ကြံပွားများနိုင်ခဲ့တယ်။ ‘’သံဃာအား ကပ်ရောက်၍’’ ‘’သံဃံ ဥပေတာ’’ဆိုတဲ့စကားဟာ အသောကမင်းကြီးဟာ သံဃာ့ဘောင်မှာ ရဟန်းသံဃာတစ်ပါးလို ကျင့်ကြံပွားများမူမျိုး ပြုလုပ်ခဲ့တယ် ဆိုတဲ့ အဓိပ္ပါယ် မျိုးကိုလည်းကောက်ယူနိုင်ပါတယ်။ ကျောက်စာ အမှတ် (၈) အရ အသောကမင်းကြီးဟာနန်းစံနှစ်(၁၀) နှစ်မှာ‘’သမ္ဗောဓိ’’ကိုသွားခဲ့တယ် ရေးထိုးထားပါတယ်။နိဂါလီသာဂါ ကျောက်စာတိုင်မှတ်တမ်းမှာနန်းစံနှစ်(၁၄) နှစ်အတွင်း ရှေးဘုရားရှင်ဖြစ်တဲ့ ကောဏာဂမဏ ဘုရားရှင်ကို ရည်စူးတည်ထားတဲ့ စေတီတော်ကိုပြုပြင်မွှမ်းမံခဲ့ပြီး လှူဒါန်းဖွယ်ရာတွေကို ကိုယ်တိုင်ကိုယ်ကျ လှူဒါန်းခဲ့တယ်လို့မှတ်တမ်းတင်ထားခဲ့တယ်။ လုမ္ဗိနီ ကျောက်စာတိုင်မှာတော့ မင်းကြီးဟာ နန်းစံနှစ် (၂၀) ကြာပြီးတဲ့နောက် ဘုရားရှင်ဖွားတော်မူရာဒေသကို ဘုရားဖူးခရီးသွားရောက်ခဲ့တယ်၊ အဲဒီနေရာမှာလည်း လှူဒါန်းဖွယ်ရာတွေလှူဒါန်းခဲ့တယ်။ ပြီးတော့ အဲဒီဒေသမှာ အထိမ်းမှတ်ကျောက်တိုင် စိုက်ထူစေခဲ့ပြီး၊ဒေသခံတွေရဲ့ အခွန်အတုပ်တွေကိုလည်း လျော့ပေါ့စေခဲ့တယ်လို့ မှတ်တမ်းတင်ထားပါတယ်။‘’ဆန်ချီ၊ဆာရာနထ်နဲ့ ကောသမ္ဗီ’’ ဒေသက ကျောက်စာတွေမှာတော့ ဗုဒ္ဓဘာသာ သံဃာအဖွဲ့အစည်းအတွက် ဂိုဏ်းကွဲမူ ဘေးရန်သတိပေးထားပြီး၊ အကယ်၍ ရဟန်းတော်တစ်ပါးပါး ဖြစ်စေ၊ ရဟန်းမ တစ်ပါးပါး ဖြစ်စေ၊သံဃာအဖွဲ့စည်းရဲ့ ညီညွတ်မူကို ပျက်စီးစေပြီး ဂိုဏ်း၊ ဂဏ ကွဲပြားအောင် အားထုတ်ရင်သံဃာဘောင်က ထုတ်ပယ်ခြင်းခံရမယ်လို့ ရေးထိုးထားတယ်။ ဒီလို သံဃာဂိုဏ်းကွဲမူဘေးရန်နဲ့ ပတ်သက်ပြီး ကျောက်စာငယ်များစွာမှာ လည်းသတိပေးရေးထိုးထားတာတွေ့ကြရတယ်။
ဘာရတ် ကျောက်စာမှာတော့မင်းကြီးက သူဟာသာသနာတော်ကိုကြည်ညိုမြတ်နိုးတယ်။ဗုဒ္ဓ၀ါဒ၊ ‘’ရတနာ (၃) ပါး’’ အပေါ်မှာ ခိုင်မြဲတဲ့ သဒ္ဓါတရားနဲ့ ရိုသေမြတ်နိုးတယ်၊ ယုံကြည်ကိုးကွယ်တယ် လို့ အတိအလင်း ထုတ်ဖော်ရေးထိုးထားတယ်။ ဗုဒ္ဓမြတ်စွာရဲ့ တရား ဓမ္မတော်တွေအားလုံးဟာ ကောင်းမြတ်သည်ချည်းဖြစ်တယ်၊ သို့သော်နောင် အနာဂတ်မှာ ဗုဒ္ဓသာသနာတော် ဆက်လက်ထွန်းကားပြန့်ပွားဖို့ အတွက် အချို့သောသုတ္တံ၊ ဟောကြားဆုံးမမူတွေ အထူးအားဖြင့် လေ့လာသင်ယူသင့်တယ် လို့ တိုက်တွန်းထားပြီးအောက်ပါ အဆုံးမတရားတော် သုတ္တံဒေသနာ (၇) ခု ကို ဖော်ပြထားပါတယ်။
၁။ ၀ိနယ သမုကသ ( အဋ္ဌက၀ဂ်၊ အဂုင်္တ္တရနိကာယ် ဒုတိယသုတ်လို့ ခန့်မှန်းကြတယ်)
၂။ အရိယ၀ါသာနိ ( သ င်္ဂီတိသုတ်၊ ဒသုတ္တရသုတ်၊ ဒီဃနိကာယ်)
၃။ အနာဂတ ဘာယာနိ (အင်္ဂုတ္တရနိကာယ်)
၎။ မုနိဂါထာ = မုနိသုတ္တ (သုတ္တံနိပါတ်)
၅။ မောနေယျသုတ္တ (အဂုင်္တ္တရနိကာယ်)
၆။ သာရိပုတ္တပသိနေ= သာရိပုတ္တသုတ္တ၊ သုတ္တံနိပါတ်)
၇။ ရာဟုလောဝါဒသုတ္တ (မဇ္ဈိမနိကာယ်)
(ဒီသုတ္တံရည်ညွှန်းချက်တွေနဲ့ပတ်သက်ပြီးပညာရှင်တွေသဘောကွဲလွဲကြပေမဲ့၊သုတ္တံအားလုံးဟာယခုထိထိန်းသိမ်းထားဆဲ ဖြစ်တဲ့ပါဠိပိဋကတ်တော်ထဲကအပါအ၀င်သုတ္တံတွေဖြစ်ကြောင်း ကိုတော့အားလုံး လက်ခံကြတယ်)
ဗုဒ္ဓမြတ်စွာရဲ့ စစ်မှန်တဲ့ သာသနာတော် ရှည်ကြာစွာတည်တံ့ဖို့၊ ထွန်းကားပြန့်ပွားဖို့၊ ရဟန်းတော်သံဃာ၊ရဟန်းမသံဃာ၊လူဥပါသကာ၊ဥပါသိကာ တွေဟာဆိုခဲ့တဲ့သုတ္တံတရားတော်တွေ ကို အကြိမ်ကြိမ်နားကြားသင့်တယ်၊ ပွားများဆင်ခြင်သင့်တယ်လို့ ကျောက်စာမှာ တိုက်တွန်းရေးထိုးထားပါတယ်။
ကျောက်စာတွေထဲမှာတော့အသောကမင်းကြီးရဲ့စေတီတော်တွေတည်ထားမူမှတ်တမ်းနဲ့ပတ်သက်ပြီးဆိုခဲ့တဲ့ ကောဏာဂမဏဘုရားရှင်ရဲ့ စေတီတော်ပြုပြင်မွှမ်းမံမူမှတ်တမ်းကို သာတွေ့ကြရပါတယ်။ ‘’အသောကရာဇသုတ္တ’’ အစရှိတဲ့စာပေ၊သမိုင်းမှတ်တမ်းတွေထဲမှာတော့ ဘုရင်မင်းကြီးရဲ့ ဗုဒ္ဓမြတ်စွာ၊ ဓါတ်တော်တွေ ပူဇော်ပုံကို မှတ်တမ်းတင်ထားပါတယ်။ ပြီးတော့ တိုင်းပြည်ရဲ့ နေရာအနှံ့အပြားမှာ အများသူငါ ကောင်းမူကုသိုလ်တရားတွေ တိုးပွားစေဖို့ စေတီပေါင်း ၈၄၀၀၀ ကို တည်ထားကိုးကွယ်စေခဲ့တယ်လို့လည်း ဆိုပါတယ်။ ဥပဂုတ္တမထေရ်မြတ်ရဲ့ ဆုံးမတိုက်တွန်းမူနဲ့ ‘’လုမ္ဗိနီ၊ ဆရာနထ်က မိဂဒါဝုန်၊ ဗုဒ္ဓဂါယာ၊ ကုသိနာရ်’’ စတဲ့ဗုဒ္ဓ၀င်၊ အထွတ်အမြတ်နေရာတွေကိုလည်း ဘုရားဖူးသွားခဲ့ပြီး၊ သွားရောက်ရာနေရာတွေမှာစေတီတော်တွေတည်ထားခဲ့တယ်လို့လည်း ရေးသားမှတ်တမ်းတင်ထားတယ်။ ဂေါတမဗုဒ္ဓမြတ်စွာရဲ့အကြီးဆုံးတပည့်သာဝကတွေဖြစ်တဲ့ရှင်သာရိပုတ္တရာမထေရ်မြတ်နဲ့ရှင်မောဂ္ဂလာန်မထေရ်မြတ်တို့ရဲ့အထိမ်းမှတ်စေတီ တော်တွေ ကို လည်း တည်ထားခဲ့တယ်။
အသောကမင်းကြီးခေတ်နောက် အိန္ဒိယနိုင်ငံကို ဘုရားဖူးကြွရောက်ခဲ့ကြတဲ့ တရုတ်ဘုရားဖူး ခရီးသည်တွေဖြစ်တဲ့ ဖာရီယန် နဲ့ ရွှင်ကျန်တို့ရဲ့ မှတ်တမ်းတွေထဲမှာ ဒီ စေတီတော်တွေကိုဖူးတွေ့ရကြောင်း ရေးသားထားပါတယ်။ မကြာသေးခင် နှစ်များက အိန္ဒိယနိုင်ငံအတွင်း ဗုဒ္ဓ၀င် စေတီတော် တွေကို ရှေးဟောင်းသုတေသန ပညာရှင်တွေ တူးဖော်ကြတဲ့အခါဒီစေတီတော်တွေရဲ့ ရှေးအကျဆုံး အစိတ်အပိုင်းတွေဟာ အသောကမင်းကြီးရဲ့ခေတ်ကို ရည်ညွှန်းနေတယ် လို့ ခန့်မှန်းကြရတဲ့အတွက်ကြောင့် ဒီရေးသားမူမှတ်တမ်းတွေဟာ မှန်ကန်မယ် လို့ ယူဆကြရပါတယ်။
အသောကမင်းကြီးဟာ ဗုဒ္ဓ၀ါဒီ အဖြစ်အလွန်ထက်သန်တဲ့ သဒ္ဓါတရားနဲ့ ကူးပြောင်းခဲ့ပြီးဗုဒ္ဓ၀ါဒတည်တံ့ပြန့်ပွားဖို့အ တွက်စွမ်းစွမ်းတမံအားထုတ်ခဲ့တဲ့အတွက်ကြောင့် ဘုရင်မင်းကြီးကို ‘’ဓမ္မာသောက ဘုရင်ကြီး’’ လို့ အမြတ်တနိုး ချီးမွမ်း ခေါ်ဆိုကြပါတယ်။ အသောကမင်းကြီးရဲ့ တရားဓမ္မအမြင်တွေဟာ အလွန်မွန်မြတ်ပြီး ကြီးကျယ်ခမ်းနားလှပါတယ်။ သို့သော်လည်း မင်းကြီးရဲ့ ဓမ္မအမြင်တွေကို တိုင်းသူ၊ ပြည်သားတွေဟာဘယ်လောက် လိုက်နာကျင့်သုံးခဲ့ကြတယ်၊ ဘယ်လောက် နက်နက်ရှိုင်းရှိုင်းနားလည်သပေါက်ခဲ့ကြတယ် ဆိုတာ ကိုတော့ ရှင်းရှင်းလင်းလင်း မသိကြရပါဘူး။ အသောက မင်းကြီးဟာ ဗုဒ္ဓမြတ်စွာရဲ့ တရားဓမ္မတွေကို အများဆုံးလိုက်နာကျင့်သုံးကြတဲ့ ဗုဒ္ဓတပည့်သာဝက သံဃာအဖွဲ့အစည်းကို အကြီးအကျယ် ထောက်ပံ့လှူဒါန်းခဲ့တယ်။သို့သော်လည်းဒီလိုလှူဒါန်းထောက်ပံ့မူတွေကြောင့်ဘဲ၊ သံဃာအဖွဲ့အစည်းမှာ မစင်ကြယ်တဲ့ ပရိသတ်၊ သံဃာတွေ တိုးပွားလာစေခဲ့တယ်။ ပြီးတော့ဗုဒ္ဓ၀ါဒကိုမကြည်ညိုသူတွေအ တွက်သံဃာတော်တွေကိုအလွန်ထောက်ပံ့လှူဒါန်းမူကနိုင်ငံတော်ရဲ့ ဘဏ္ဍာကိုဝန်ထုပ်လေးလံစေခဲ့တယ်လို့ ယူဆကြပါတယ်။
အသောကမင်းကြီး သက်တော်ကြီးရင့်တဲ့အခါ သူ့ရဲ့ဝန်ကြီးတွေနဲ့မင်းညီမင်းသားတွေဟာ မင်းကြီးရဲ့ လှူဒါန်းမူတွေကို ပိတ်ပင်တားမြစ်ခဲ့ပြီးအသောကမင်းကြီးရဲ့ ဆန္ဒကိုဆန့်ကျင်ခဲ့တယ်လို့‘’အသောကရာဇသုတ်’’နဲ့အခြားစာပေ၊သမိုင်းမှတ်တမ်းတွေမှာ ဖော်ပြထားပါတယ်။ နောက်ဆုံး သေရာညောင်စောင်းမှာ လဲလျောင်းရတဲ့ အခါ ဘုရင်မင်းမြတ်ဟာ လက်ထဲမှာကိုင်ထားတဲ့ ဆီးဖြူသီး တစ်ခြမ်းကိုသာ သံဃာတော်အတွက် လှူဒါန်းခွင့်ရရှာတယ်လို့ ဆိုပါတယ်။ ဒီ သမိုင်းမှတ်တမ်းကို မှီးပြီး ခန့်မှန်းရ ရင်တော့အသောကမင်းကြီးဟာ သက်တော်ကြီးရင့်တဲ့အခါ သြဇာအရှိန်အ၀ါ အတော်ကျဆင်းသွားခဲ့တယ် လို့ဆိုရမှာဖြစ်တယ်။ အသောကဘုရင်ကြီး နတ်ရွာစံပြီးတာ နဲ့ သိပ်မကြာခင်မှာ ဘဲ၊ သူ စွမ်းစွမ်းတမံ တည်ဆောက်ခဲ့တဲ့ အင်ပါယာကြီးဟာ လည်း သြဇာအာဏာယုတ်လျော့ ကျဆင်းသွားခဲ့ပြီး ပြိုပျက်ခဲ့ရတယ်။ ဒီလို ဘုရင်းမင်းမြတ်ရဲ့ အင်ပါယာကြီး ကြာရှည်မခံဘဲ ပြိုကွဲသွားခဲ့ရလို့ဘုရင်မင်းမြတ် တည်တံ့ပြန့်ပွားဖို့ ကြိုးစားခဲ့ တရားဓမ္မတော်တွေဟာ အကျိုးမထင်ပေါ်ဘူး လို့တော့ ယူဆလို့ မရပါဘူး။ မင်းကြီးရဲ့ ဓမ္မအမြင်၊ဓမ္မတည်တံ့ပြန့်ပွားမူ ဆောင်ရွက်ချက်တွေကို သီးခြားတန်ဖိုးဖြတ်ရမှာဖြစ်တယ်။
(အသောကမင်းကြီးရဲ့ယခုဘာသာပြန်လိုက်တဲ့မှတ်တမ်းကိုဂျပန်လူမျိုးဗုဒ္ဓစာပေပညာရှင်တစ်ဦးကလေ့လာပြုစုထားတာဖြစ်ပြီးသူ့ရဲ့လေ့လာချက်ကိုအမေရိကန်နိုင်ငံ၊ဟာဝိုင်အီတက္ကသိုလ်က ပညာရှင်တစ်ဦး အင်္ဂလိပ်ဘာသာပြန်ပြီးရိုက်နှိပ်ထုတ်ဝေ ထားတာဖြစ်တယ်။ ဘုရင်မင်းကြီးအကြောင်းဟာ သမိုင်းဆိုင်ရာဗ ဟုသုတတင်မကဘူး၊ခံစားမှုရသပေါင်းများစွာ ကိုပါ ပေးစွမ်းနိုင်တာကို တွေ့ရပါတယ်။ ကြည်နူးအားကျဖွယ်၊တက် ကြွဂုဏ်ယူဖွယ်၊ သင်္ခမ်းစားယူဖွယ်ရသခံစားမူတွေ ကိုနှလုံးသားတံခါးဖွင့်လှစ်ပြီး ခံယူနိုင်ကြပါစေ၊ ခံယူနိုင်ပြီးအ သောကမင်းကြီးကိုအတုယူ၍ဗုဒ္ဓသာသနာတော်ကြီးရှည်ကြာစွာတည်တံ့ပြန့်ပွားရေးအတွက် မိမိတို့စွမ်း ရာဖြင့်ရွက်ဆောင်နိုင်ကြ ပါ စေလို့ ဆန္ဒပြုလိုက်ပါတယ်)
ဘိက္ခုကေသရ
ref: 1. History of Indian Buddhism: From Sakyamuini to Mahayana
by Hirakawa Akira, Translated from Japanese by Paul Groner
2. Ashoka’s Dhamma by Nirmal C. Sinha
3. The Edicts of King Asoka by Ven. S. Dhammika

No comments: