Friday, November 13, 2015

မြန်မာတို့၏ ဗုဒ္ဓဘာသာ အခါတော်နေ့များ




မြန်မာတို့၏ ဗုဒ္ဓဘာသာ အခါတော်နေ့များ
ပြာသိုလပြည့်နေ့ (ရှင်တစ်ထောင်အခါတော်နေ့)
ပြာသိုလကား စိုစိုရွှဲရွှဲ ငွေခဲနှင်းပွင့်တို့နှင့်အတူ ခွာညိုတွေ လှိုင်လှိုင်သင်းသည့်လ ဖြစ်ချေ၏။
ပြာသိုလပြည့်နေ့ကို ရှင်တထောင်အခါတော်နေ့အဖြစ် ကျင်းပကြလေသည်။ ထိုသို့ကျင်းပရခြင်းမှာ ဂေါတမဘုရားရှင် လက်ထက်တော်အခါက ရသေ့ညီနောင် ရှင်တစ်ထောင်တို့သည် ၄င်းတို့၏ အယူဝါဒအား စွန့်ပယ်ကြလျက် ဗုဒ္ဓသာသနာတော်အတွင်း ကူးပြောင်းရောက်ရှိလာကြသောကြောင့်ပါပေ။
ဂေါတမမြတ်စွာဘုရားရှင်သည် မဟာသက္ကရာဇ် ၁၀၃ ခုနှစ်၊ ပထမဝါကျွတ်ပြီးနောက် ရသေ့တစ်ထောင်ကို ချွတ်ရန် ဥရုဝေလတောသို့ တန်ဆောင်မုန်းလပြည့်နေ့တွင် သွားရောက်ခဲ့ပါသည်။ ပြာသိုလပြည့်နေ့အထိ ၂လကြာမျှ ဥရုဝေလတော၌ပင် သီတင်းသုံးလျှက် ရသေ့များအား စည်းရုံးခဲ့ပါသည်။
ထိုစဉ်ကာလ ဥရုဝေလတော၌ အစ်ကိုကြီး ဥရုဝေလကဿပ ခေါင်းဆောင်သော ရသေ့ငါးရာ၊ အစ်ကိုလတ် နဒီကဿပ ခေါင်းဆောင်သော ရသေ့သုံးရာ၊ ညီငယ်ဂယာကဿပ ခေါင်းဆောင်သော ရသေ့နှစ်ရာ စသည်တို့သည် သုံးနေရာခွဲလျက် နေထိုင်သီတင်းသုံးနေကြသည်။ ဥရုဝေလတောအုပ်သို့ ရောက်ရှိတော်မူခဲ့သော ဂေါတမဘုရားရှင်သည် ဦးစွာ ဥရုဝေလကဿပ ရသေ့ကြီးထံ သွားရောက်လျက် နေခွင့်တောင်းခံသောအခါ နဂါးကြီးရှိသောနေရာ၌ သီတင်းသုံးခွင့် ရခဲ့သည်။ ရသေ့အားလုံးပင် နဂါးကြီး၏ လက်ချက်ဖြင့် ဘုရားရှင်အသက်ဆုံးမည့်အရေးအတွက် စိုးရိမ်တော်မူနေကြသည့်ကြားမှပင် ဘုရားရှင်က နဂါးကြီးအား နှိမ်နင်းပြလိုက်သည့်အခါ ဥရုဝေလကဿပနှင့်တကွ ရသေ့အပေါင်းတို့လည်း ဘုရားရှင်အား လေးစားအထင်ကြီးသွားကြကုန်၏။
ဥရုဝေလကဿပနှင့်တကွ ရသေ့အားလုံးတို့သည် တရားနည်းလမ်းမကျသော မီးလှုံခြင်း၊ ရေငုပ်ခြင်း စသည့် ပဉ္စာတပအကျင့်များကို ကျင့်ကြကုန်၏။ ထိုအကျင့်များကို ကျင့်ခြင်းဖြင့် ကိလေသာခေါးပါးလိမ့်မည်ဟုလည်း လွဲမှားစွာ မှတ်ထင်ထားကြကုန်၏။ ၄င်းတို့၏ ကျင့်ကြံပုံမှာ ဆီးနှင်းများ တဖွဲဖွဲကျဆင်းနေပြီး ခိုက်ခိုက်တုန်အောင် ချမ်းအေးလှစွာသော ပြာသိုလသမယအတွင်း သတ်မှတ်ရက် ရှစ်ည၌ နေရဉ္ဇရာမြစ်အတွင်းသို့ သက်ဆင်းကာ ရေငုပ်ကြကုန်၏။ သည့်အတွက် ခိုက်ခိုက်တုန်မျှ အချမ်းဝေဒနာကို ခံစားကြရလေသည်။ ဤ၌ မေတ္တာကရုဏာ ကြီးမားလှစွာသော ဗုဒ္ဓဘုရားရှင်က ရသေ့များ အချမ်းဝေဒနာ သက်သာစေရန် ဖန်ဆင်းပေးတော်မူခဲ့သည်။
ထို့အပြင် ဗုဒ္ဓဘုရားရှင်သည် ရသေ့များခွဲ၍ မကွဲသော ထင်းတုံးငါးရာအား တစ်ပြိုင်နက် ကွဲစေခြင်း၊ ရသေ့များမွှေး၍မရသောမီးကို တစ်ပြိုင်နက် တောက်လောင်စေခြင်း၊ ရသေပများငြိမ်း၍မရသော မီးငါးရာအား တပြိုင်နက် ငြိမ်းစေခြင်း၊ မီးအိုးကင်း ငါးရာကို တပြိုင်နက် ဖန်ဆင်းခြင်းစသော တန်ခိုးတော်များကို ပြသတော်မူပါသည်။ တန်ခိုးတော်စုစုပေါင်း (၃၅၁၆)မျိုးပြသ၍ ရသေ့များအား ဆွဲဆောင်တော်မူခဲ့သည်။
ထိုအခါ ရသေ့အပေါင်းတို့သည် ၄င်းတို့၏ အသုံးအဆောင် ပစ္စည်းများအားလုံးကို နေရဉ္ဇရာမြစ်အတွင်းသို့ စွန့်ပစ်လိုက်ကြပြီး ဗုဒ္ဓဘုရားရှင်ထံ၌ ရဟန်ဒအဖြစ်ကို တောင်းခံခဲ့ကြလေ၏။ ပထမအကြိမ် ဥရုဝေလကဿပနှင့် တပည့်များ၊ ဒုတိယအကြိမ် နဒီကဿပနှင့် တပည့်များ၊ တတိယအကြိမ် ဂယာကဿပနှင့် တပည့်များ သုံးသုတ်ခွဲ၍ သာသနာ့ဘောင်သို့ ဝင်ရောက်ခဲ့ကြသည်။ သည့်နောက် ရှင်တစ်ထောင် (ဝါ) ရသေ့တစ်ထောင်လုံး ဧဟိဘိက္ခုရဟန်းများ ဖြစ်လာကြတော့သည်။ ထိုအခါ ဗုဒ္ဓဘုရားရှင်လည်း ရသေ့တစ်ထောင်အား ဂယာသီသကျောက်ဖျာပြင်၌ " အာဒိတ္တ ပရိယာယ သုတ္တန် ဒေသနာ" ကို ဟောကြားတော်မူရာ ရဟန်းအားလုံး အာသဝေါကုန်ခမ်း၍ အရဟတ္တဖိုလ်သို့ ဆိုက်ရောက်ခဲ့ကြလေတော့သည်။ ထိုနေ့ကား ပြာသိုလပြည့်နေ့ ဖြစ်လေ၏။ သည့်အတွက်ကြောင့် ပြာသိုလပြည့်နေ့အား ဗုဒ္ဓဘာသာဝင်တို့က " ရှင်တစ်ထောင် အခါတော်နေ့" ဟူ၍ သတ်မှတ်ခဲ့ကြခြင်းဖြစ်လေသည်။
ပြာသိုလကား ဖုဿရာသီဖြစ်၏။ ဆောင်းဥတု၏ အလယ်ပိုင်းရတု ဖြစ်ခြင်းကြောင့် ဆီးနှင်းတို့ ထူထပ်၍ အအေးဒာတ်လွန်ကဲသောအခါလည်း ဖြစ်ပေသည်။ လမင်းနှင့် ဖုသျှနက္ခတ်ယှဉ်၍ လပြည့်ခြင်း၊ နေမင်းနှင့် "မကရ" ကြယ်စုတို့ ယှဉ်ခြင်းတို့ကြောင့် "မကာရရာသီ" ဟူ၍လည်း မှတ်သားကြလေသည်။ မကာရမှာ မိကျောင်းဟူ၍ အဓိပ္ပာယ် ရပါသည်။ ရှေးမြန်မာဘုရင်တို့သည် ဤလရာသီသို့ရောက်လျှင် မြင်းခင်းသဘင်ကို ဆင်ယင်ကျင်းပလေ့ ရှိကြသည်။ မင်းညီမင်းသား၊ မင်းမြေးများနှင့်တကွ မှူးကြီးမတ်ကြီး စစ်သေနာပတိကြီးများ စုရုံးကြွရောက်လာကြပြီး ကြည်းတပ်စစ်တန်ဆာများ ဖြစ်ကြသော ချပ်မိန်ညိုတို့အား သပ်ရပ်တင့်တယ်စွာ ဝတ်စားဆင်ယင်ကြလျှက် သက်ဆိုင်ရာတပ်ဖွဲ့အသီးသီးမှ ဓား၊ လှံ၊ လေး၊ မြား စသည်တို့ကို စွဲဆောင်ကြပြီး နန်းရင်ပြင်၌ စွမ်းရည်များ ပြသကြပါသည်။ ဓားခုတ် လှံထိုးအမျိုးမျိုးတို့ကို ဆိုင်းချက်ညီညီနှင့် အစွမ်းပြကြရာ ရင်ထိတ်သည်းဖို ရှုကွင်းရှု့ကွက်များအဖြစ် ခံစားကြရလေသည်။
မြင်းစီးသူရဲကောင်းများသည် မြင်းပေါ်၌ ထိုင်လျက်ကလည်းကောင်း၊ မတ်တပ်ရပ်လျှက်လည်းကောင်း၊ အိပ်လျက် ရှေ့ပြန်နောက်ပြန်ပြုလျက်လည်းကောင်း အမျိုးမျိုး မြင်းစီးရင်း စွမ်းရည်များပြသကြ၏။ မြင်းကို ဒုန်းစိုင်းစီးပြ၏။ မြင်းစီးယင်းမှ အဲမောင်းပစ်ပြ၏။ စက်အမျိုးမျိုး ခုတ်ပြ၏။ ဓားရေး လှံရေးတို့ပြသသည်မှာ ရင်သပ်ရှုမောဖွယ်ကောင်းလှ၏။ အဲမောင်း ၉၃၇)ချင်း သံပေါက်၌
"
စီးနည်း သုံးဆယ်၊ ခုနှစ်သွယ်
ခြယ်လှယ်စိုင်းကာသာ။
လွှတ်ကွင်းပြင်ဝယ်၊ သဘင်မြင်းခင်း
ခွာရေးကျင်း
စိုင်းလျင်းဆိုဖွယ်သာ....."
ဟူ၍ တွေ့ရှိရပါသည်။
မြင်းခင်းသဘင်အပြင် ဆင်ခင်းသဘင်ကိုပါ ကျင်းပပြန်ပါသည်။ ဆင်ခင်းသဘင်ဆိုသည်မှာ ဆင်တိုက်ပွဲပင်ဖြစ်လေ၏။ တိုက်ဆင်အချင်းချင်း အစွမ်းကုန် အားကုန် တိုးခွေ့တိုက်ခိုက် နင်းချေကြသော အင်အားချင်းပြိုင်၊ ဆင်ချင်းသတ်ပွဲ၊ တိုက်ခိုက်ပွဲကို ဆင်ခင်းသဘင်ဟု ခေါ်ဆိုကြခြင်း ဖြစ်သည်။ စစ်ပရိယာယ် အသွယ်သွယ်ဖြင့် တိုက်ခိုက်ထိုးခုတ်ပုံများနှင့်တကွ ဆင်စီး မြင်းစီး သိပ်သည်းကျစ်လျစ်လျက် စစ်ကြီးအင်္ဂါပြည့်စုံစွာ ကြည့်ရှုရခြင်းဖြင့် မြန်မာတို့အနေနှင့် စစ်သွေးစစ်မာန်များ၊ မျိုးချစ်စိတ်များ၊ တက်ကြွနိုးကြားလာရသည်ကား အဆိုပါ မြင်းခင်းသဘင်၊ ဆင်ခင်းသဘင်ကြောင့်ဆိုလျှင် မှားမည်မဟုတ်ပေ။ မြင်းခင်းသဘင်အကြောင်းနှင့် စပ်လျဉ်း၍ ဆီသည်ရွာစား ဦးအောင်ကြီးကာ အဝမြို့ဘွဲ့ ၁၂ ရာသီ လူးတား၌ မှတ်တမ်းတင်ခဲ့ပါသည်။
ပြာသိုလကား ၁၂ရာသီ မိုးလင်္ကာမှတ်စုအတိုင်း " ပြာသိုချမ်းပြင်း၊ ဆီးနှင်းရောယှက်၊ နှမ်းပုံပျက်" နှင့် ညီပါပေ၏။ ဗုဒ္ဓဘုရားရှင်သည်ပင်လျှင် ပြာသိုလ၌ အချမ်းဒဏ်မှ သက်သာစေရန်အတွက် မီးလှုံခဲ့ရပေသည်။ ရရှိလာသော ပြာများအား အကြောင်းမဲ့ ပြုန်းတီးမှုမရှိစေရန် သိုလှောင်စေ၏။ ပြာသည် အညစ်အကြေးများကို သန့်စင်နိုင်စွမ်းရှိ၏။ မြေဆီသြဇာကို ဖြစ်ထွန်းစေ၏။ သည့်အတွက် ပြာများကိုသိုလှောင်စေခြင်းမှ "ပြာသို" ဟူသော ဝေါဟာရ ဖြစ်ပေါ်လာရလေ၏။ ခွာညိုတို့သည် တလှိုင်လှိုင်ပွင့်သော၊ ငွေနှင်းတို့ ကြွေဆင်းသော ပြာသိုလရာသီနှင့် စပ်လျဉ်း၍ ကုန်းဘောင်ခေတ်စာဆို မဟာအတုလမင်းကြီးက အောက်ပါအတိုင်း လွမ်းချင်းဖြင့် သရုပ်ဖော်ခဲ့ရာ လွမ်းဆွတ်ကြည်နူးဖွယ် ကောင်းလှပါဘိ။
" တိမ်ခြေငယ်ရှင်းပါလို့
မြူနှင်းငယ်စိုစို၊ လပြာသိုမှာ
နွယ်ခွာညို မြိုင်မြိုင်နှင့်
လှိုင်လှိုင်သင်းတဲ့ လကိုလေး။
ရောင်သိင်္ဂီငယ်၊ ကြည်ညီဖုသျှ
မကာရမို့၊ ရွှေဝဥကင်
နန်းရင်ပြင်မှာ၊ လှံရင်မြင်းခင်း
သဘင်ကျင်းလို့၊ ရာမင်းထွက်စံ
ဗိုလ်ညီလာ ခံသော့ခါ
ဆန္ဒတ်ပိုင့် ပြောင်မွန်မှာ
အောင်တံခွန် တေဇာမြူးလို့
ထူးလှတယ်လေး။ "
စာဖတ်သူ အားလုံးပဲ ကျန်းမာ ပျော်ရွှင်ကြပါစေလို့။ smile emoticon
တက္ကသိုလ် သျှင်ဥက္ကာ (မဟာဝိဇ္ဇာ ကျမ်းပြု)
၆။ ပြာသိုလပြည့် - ရှင်တစ်ထောင်အခါတော်နေ့
မဟာသက္ကရာဇ် ၁၀၃ ခုနှစ် ပထမဝါကျွတ်ပြီး မှာ ကျေးဇူးတော်ရှင် မြတ်စွာဘုရား သခင် သည် ရသေ့တစ်ထောင်ကို ချွတ်ဘို့အတွက် ဥရုဝေလတော သို့ တန်ဆောင်မုန်းလပြည့်နေ့မှာရောက်တော်မူခဲ့ပါတယ်။ ပြာသိုလပြည့်နေ့အထိ နှစ်လတာမျှ နေထိုင်သီတင်းသုံးပြီး ရသေ့များကိုစည်းရုံးခဲ့ပါတယ်။
အဲဒီ အချိန်က ဥရုဝေလ တော ထဲမှာ
အစ်ကိုကြီး ဥရုဝေလ ကဿပခေါင်းဆောင်တဲ့ ရသေ့ ၅၀၀၊
အစ်ကိုလတ် နဒီ ကဿပ ခေါင်းဆောင်တဲ့ ရသေ့ ၃၀၀၊
ညီငယ် ဂယာကဿပခေါင်းဆောင်တဲ့ ရသေ့ ၂၀၀ တို့ သုံးနေရာခွဲပြီး နေထိုင်ကြပါတယ်။
ကျေးဇူးတော်ရှင်မြတ်စွာဘုရားက ဥရုဝေလကဿပ ထံ နေခွင့်တောင်းလေရာ နဂါးကြီးရှိတဲ့ မီးတင်းကုတ်ကို နေခွင့်ပေးပါတယ်။ မြတ်စွာဘုရားရှင် က နဂါးကြီးကိုတန်ခိုးတော်ဖြင့်နှိမ်နင်းပြလေရာ ဥရုဝေလကဿပ နှင့် ရသေ့များ အထင်ကြီး သွားကြပါတယ်။
ရသေ့များအားလုံး ကိလေသာခေါင်းပါး ဘို့ အတွက် မီးလှုံခြင်း ရေငုတ်ခြင်း စတဲ့ ပဉ္စာတပ အကျင့်များများကို ကျင့်ကြံနေကြပါတယ်။ ကျင့်ကြံ ပုံမှာ ဆီးနှင်းတွေ ဝေကျပြီး ခိုက်ခိုက်တုန် ချမ်းအေးသော ပြာသိုလ အတွင်း သတ်မှတ်ရက် ၈ည တွင် နေရဉ္စရာ မြစ်အတွင်းသို့ သက်ဆင်းကာရေငုတ်ကြပါတယ်။
မြတ်စွာဘုရားရှင်က ရသေ့များ အအေးဒဏ်မှ သက်သာစေဘို့အတွက် မီးအိုးကင်း ၅၀၀ ကို တန်ခိုးတော်ဖြင့် ဖန်ဆင်းပေးတော် မူလိုက် ပါတယ်။
မြတ်စွာဘုရား က ရသေ့များခွဲလို့မကွဲသော ထင်းတုံး ၅၀၀ ကို တပြိုင်နက် ကွဲစေခြင်း၊
ရသေ့များ မွှေးမရသော မီးကိုတပြိုင်နက်တောက်လောင်စေခြင်း၊
ရသေ့များငြိမ်းမရသော မီး ၅၀၀- ကို တစ်ပြိုင်နက်ငြိမ်းစေခြင်း၊
မီးအိုးကင်း-၅၀၀ ကို တစ်ပြိုင်နက် ဖန်ဆင်းခြင်းစသော တန်ခိုးတော်များ ကို ပြသတော်မူခဲ့ပါတယ်။
တန်ခိုးတော်စုစုပေါင်း ၃၅၁၆ မျိုးကို ပြသ၍ ရသေ့များ ကို ဆွဲဆောင်တော် မူခဲ့ပါတယ်။ ရသေ့များ အားလုံး သူတို့ရဲ့ အသုံး အဆောင်တွေကို မြစ်ထဲမျှောပစ်ကာ မြတ်စွာဘုရားထံ ရဟန်း အဖြစ်တောင်းခံကြပါတယ်။ ပထမ အကြိမ်မှာ ဥရုဝေလ ကဿပ နှင့်တပည့်များ ဒုတိယ အကြိမ် နဒီ ကဿပ နှင့်တပည့်များ ၊တတိယ အကြိမ် ဂယာ ကဿပနှင့်တပည့်များ သုံးသုတ်ခွဲ ပြီး သာသနာ့ဘောင် ဝင်ရောက်ကြပါတယ်။
ရသေ့တစ်ထောင်လုံး ဧဟိ ဘိက္ခု ရဟန်းများချည်း ဖြစ်လာ ကြပါတယ်။ မြတ်စွာဘုရား က ရဟန်းတစ်ထောင်ကို ဆင်ဦးကင်းနဲ့သဏ္ဍန်တူတဲ့ ဂယာသီသကျောက်ဖျာပြင်၌ အာဒိတ္တပရိယာယသုတ္တန် ဒေသနာကို ဟောတော်မူလေရာ ရဟန်း အားလုံး အာသဝေါကုန်ခမ်း လို့ ရဟန္တာ အဖြစ်သို့ရောက်တော် မူကြပါတယ်။ ရှင်တစ်ထောင် ကို ချေချွတ်ပြီး ကျွတ်တန်းဝင်စေတဲ့ ကျေးဇူးတော်ရှင် မြတ်စွာဘုရား ရဲ့ မေတ္တာတော် ဂုဏ်တော် အနန္တ နဲ့ စွမ်းပကားကို ခြေစုံဦးခိုက်ကြည်ညိုရပါတယ်..
ကျွန်မတို့အဖွဲ့လည်း ဟင်္သာတမြို့ နွေသံဃာဒါန ဆွမ်းလောင်း အသင်းကို ကြွရောက်လာကြတဲ့ ကြည်ညိုဖွယ်ရာ မြတ်သံဃာ တန်းရှည် ကြီး ကိုအားပါးတရဆွမ်းလောင်းလှူ ကြရပါတယ်။ ပြာသိုလပြည့်အမှတ်တရဒါနဟာ ဟာ အားကောင်းတဲ့ သတ္တိတစ်ခုကိန်း ကျန်ရစ်ခဲ့ သလိုပါပဲ။
သံဃာတော်များ ထဲမှ သာသနာ့အာဇာနည် ရဟန်းမြတ်များ စွာ ထွက်ပေါ်လာ မှာ လည်း ဧကန်ပါပဲ လို့ ထပ်မံဝမ်းမြောက်ရင်း ဇလွန်ပြည်တော်ပြန်ဘုရားကြီး ကိုဖူးမျှော်ရန် ဟင်္သာတမြို့ လေးကို နှုတ်ဆက်လက်ပြ ထွက်ခွာခဲ့ ရပါတော့တယ်။
မှတ်ချက်။ ရှင်တစ်ထောင်အခါတော်နေ့ ကိုမာဂဓီ(သာစည်)ရဲ့ အခါတော်နေ့များ စာအုပ်မှ ကိုးကား ရေးသားရတဲ့အတွက် မာဂဓီ (သာစည် ) အရှင်မြတ်ကို ကျေးဇူးတင် ပါကြောင်း ဦးတင်ဖေါ်ပြအပ်ပါတယ်။
၇။ အဘိဓမ္မာတရားတော်(သို့မဟုတ်) အမေ့ကျေးဇူး၊ အထူးဆပ်ခြင်း
မေမေချစ်သော သားသား နဲ့ မီးမီးရေ----
မကြာခင် ဝါလကင်းလွတ်ပြီး သီတင်းကျွတ် တော့မယ်နော်။ သီတင်းကျွတ်လပြည့်နေ့ က တော အဘိဓမ္မာ အခါတော် နေ့ လို့သတ်မှတ် ထား ကြ တာ ကလေး တို့သိပြီး သားဆိုတာ မေမေ ယုံကြည်နေပါတယ်။
ဓမ္မစင်္ကြာ တရားတော် ဟောကြားစဉ် ကတော့ ရိုးစင်းမှု ငြိမ်းအေး မှု ၊တောတောင်ရိပ်ရဲ့ အေးမြမှု၊ နေဝင်ချိန်လေးရဲ့ ငြိမ်း ချမ်းမှု ကိုမေမေ ပြောပြခဲ့ ဘူးပါတယ်။ အခု အဘိဓမ္မာ တရားကတော့ မေမေ တို့ ကျေးဇူးတော်ရှင် မြတ်စွာဘုရားရဲ့ အတုမရှိ တဲ့ သဗ္ဗညုတ-ဉာဏ်တော်၊ ဘုန်းတန်ခိုးတော်အစုံစုံ၊ ဂုဏ်တော် အနန္တ တို့နဲ့ အတူ သိုက်သိုက် မြိုက်မြိုက် ခမ်းခမ်းနားနား နဲ့ ဆန်းပြားကြီးကျယ် အလွန့်အလွန် ကြည်ညို ဘွယ် ရာ အာရုံ ကို ထင်ဟပ်ပေါ်လွင်စေတာမို့ မေမေ ပြောပြချင် နေမိပါတယ်။
ကလေးတို့ရေ-----အဘိဓမ္မာဆိုတာ၊ အလွန်သိမ်မွေ့ နူးညံ့သော ဓမ္မ၊ အလွန်နက်နဲ ခက်ခဲသော ဓမ္မ၊ အလွန်ကျယ်ပြန့်သော ဓမ္မ၊ အလွန်ထူးကဲသော ဓမ္မ၊ ဖြစ်ပါတယ်။ အင်္ဂလိပ် လိုတော့ Highest Doctrine ပေါ့။ မေမေတို့ကျေးဇူးတော်ရှင် မြတ်စွာဘုရား ၄၅-ဝါကာလ ပတ်လုံး ဟောကြားတော်မူခဲ့တဲ ဗုဒ္ဓဝစန တွေကို ပိဋက အားဖြင့်ပိုင်းခြား လိုက်တဲ့အခါ ဝိနယ ပိဋက၊သုတ္တန္တ ပိဋက အဘိဓမ္မာ ပိဋက ရယ်လို့ ပိဋကသုံးပုံရှိတာပေါ့။ ဓမ္မက္ခန္ဓာ အားဖြင့် ဆိုလျင် ဝိနယပိဋက မှာ ၂၁၀၀၀၊ သုတ္တန္တ ပိဋက မှာ ၂၁၀၀၀၊ အဘိဓမ္မာ ပိဋက မှာ ကတော့ ဓမ္မက္ခန္ဓာ ပေါင်း ၄၂၀၀၀ ပါဝင်နေပါတယ်။ သာလွန်ထူးခြားတဲ့ တရားဖြစ်တာမို့ အဘိဓမ္မ (ဓမ္မထူး-ဓမ္မလွန်)လို့ခေါ်တာပေါ့။
ဓမ္မ-ဟူသည် အရှိတရား၊ အမှန်တရား၊ ကြောင်းကျိုးဆက် တရား၊ သဘာဝတရား၊ ပကတိ တရား၊ ဉေယျတရား၊ နိဿတ္တတရား၊ နိယာမတရား၊ ပရမတ္ထတရား၊ သစ္စာတရား တို့ဖြစ် ပါ တယ်။ အလွန့်အလွန် သိမ်မွေ့နူးညံ့သော၊ ခက်ခဲ---နက်နဲသော၊ ထူးကဲ ဆန်းကျယ်သော၊ သတ္တ၊ အတ္တမဟုတ်သော၊ ပင်ကိုယ်သဘာဝ အားဖြင့် အရှိအမှန်ဖြစ်သော၊ သိအပ်သော ထို အဘိ ဓမ္မာ တရားဖြစ်နေတာကိုး ကလေးတို့ရေ..
တာဝတိံသာနတ်ပြည်မှာ မယ်တော် ဖြစ်ခဲ့ဘူးတဲ့ သီရိမဟာ မာယာဒေဝီ ဟာ သန္တုဿိတ နတ်သားဖြစ်လို့နေခဲ့တယ်။ ကျေးဇူးတော်ရှင် မြတ်စွာဘုရား ကိုမွေးဖွားပြီး -ရက်မှာ နတ်ရွာစံ သွားခဲ့တာပါ။ သူသူ ကိုယ် ကိုယ်ပေါ့နော်..။ကျေးဇူး ရှိတဲ့ သူတွေကို ကျေးဇူးဆပ် ရင် အမွန်မြတ်ဆုံး အဘိုးအတန် ဆုံး အရာတွေနဲ့သာ ဆပ်ကြတာပဲ မဟုတ်လား။ မေမေတို့ရဲ့ ကျေးဇူးတော် ရှင် မြတ်စွာဘုရား က သုံးလောကထွဋ်ထား ဆိုတော့ ကျေးဇူးဆပ် တဲ့ အရာ ဟာ အသာလွန်ဆုံး အမွန်မြတ်ဆုံး ၊အထူးကဲဆုံးအဘိဓမ္မာတရားဖြစ်နေတာ အမှန်ကန်ဆုံးရွေးချယ် မှုပေါ့ ကလေးတို့ရေ.. (အမေ့ကျေးဇူးဆပ်တရား) ဆိုရင် လည်းမမှားနိုင်ဘူးပေါ့။
တာဝတိံသာနတ်ပြည်မှာ ဟောကြားခဲ့တာကို သေသေချာချာ ဆန်းစစ် ရေတွက်ကြည့်ရရင်တော့ သည် အချက် တွေကိုလည်း တွေ့ရှိမှတ်သား စေချင်ပါတယ်။
၁။ မယ်တော်ကိုကျေးဇူးဆပ်လိုခြင်း။
၂။ မိဘကျေးဇူးကိုသတ္တဝါတို့နားလည်စေလိုခြင်း။
၃။ အဘိဓမ္မာတရားကို အစအဆုံး တစ်ထိုင်တည်းဟောကြား လိုခြင်း။
၎။ အစအဆုံး တစ်ထိုင်တည်းဟော မှသာ နာကြားရသောတရားနာသူများ အကျိုးထူးရရှိနိုင်ခြင်း။
၅။ အဘိဓမ္မာ ဒေသနာတော် ကျယ်ဝန်း နက်နဲမှုကို သိစေလိုခြင်း။
၆။ လူတို့၏ အရေ အတွက်ဖြင့်သုံးလခန့် ကြာအောင်ဟောကြားမှ ကုန်နိုင်မည့်အဘိဓမ္မာတရားကို လူတို့၏ ဣရိယာပုတ် နှင့် ဟောသူရော နာသူပါ အစအဆုံး မနေနိုင်ခြင်းစသော အကြောင်းရင်းများကြောင့် အဘိဓမ္မာတရားတော်ကို လူ့ပြည်မှာ မဟော ကြားခဲ့တာပါ။
အဘိဓမ္မာ တရား သည် အလွန်တရာ ခက်ခဲ နက်နဲ လှ သော ဓမ္မ-ကို စိတ်အစဉ်၌ အာရုံနှင့် နီဝရဏ ကြားဝင်မခုဘဲ တစ်ဆက်တည်း မရပ်မနား တောက်လျှောက် ဧကာသန၊ ဧက၀ါရ နာကြားနိုင်မှ တတ်သိနားလည်နိုင်မှာဖြစ်တာလည်း ပါဝင်နေတာပေါ့လေ။မေမေတို့ရဲ့ လူတို့ ဌာနေမှာတော့ စားရေး၊ အိပ်ရေး၊ ကိုယ်လက်သန့်ရှင်းရေး စသည့် အနှောင့် အယှက်များသည် အလုပ်တိုင်းမှာ ဝင်ရောက် ဟန့်တားလေ့ရှိပါတယ်။ အလုပ်တခု မှာ စိတ် ကူး၊ စူးစိုက်နေခိုက် ကိုယ်ခန္ဓာ ပင်ပန်းခြင်း၊ အလေးအပေါ့သွားလိုခြင်း၊ အစာရေစာ ဆာလောင်ခြင်း စသည်တို့က ဝင်ရောက် နှောင့်ယှက်လာတဲ့အတွက် အလုပ်မှာ စူးစိုက်ထား တဲ့ သမာဓိ ဟာ ပျက်စီးရပါတော့တယ်။ ဒါကြောင့် မို့လို့ ပြတ်တောင်း၊ ပြတ်တောင်း အကြိမ် ပေါင်းများစွာ ဟောကြားရမယ်ဆိုလျှင် ထိုမျှနက်နဲသည့် အဘိဓမ္မာ-သည် လူတို့ပြည်၌ အရာ ထင်၍ ကျန်ခဲ့မှာ မဟုတ်တာ အမှန်ပါပဲ။
နတ်တို့ ဌာနေမှာကား အချိန် ကွာခြားချက်ကလည်း ဝေးလွန်းလှပါတယ်နော်။ လူ့ပြည်မှာ နှစ်တရာ၊ တာဝတိံသာနတ်ပြည်မှာ တစ်ရက် သာရှိပေတာပဲ။ ဒါကြောင့် စားချိန်၊ အိပ်ချိန်တို့မှာ ကျဲလွန်းလှ ပါ တယ်။ ကျင်ကြီးကျင်ငယ် စွန့်ရခြင်း၊ ညောင်းညာ ပင်ပန်းခြင်းလည်း မရှိတဲ့ ထိုနတ်များ မှာ ၁၅-မိနစ် (သူတို့အချိန်ဖြင့်) ခန့်မျှသာရှိမဲ့ ထို အဘိဓမ္မာ တရားပွဲကို တစ်ဆက် တည်း၊ တစ်ထိုင်တည်း၊ တစ်စိတ်တည်း၊ တစ်ဝီထိတည်း နာကြားရခွင့် ခဲ့ကြပါတယ်။
ဟောကြားတဲ့နေရာ က နတ်ပြည် ဖြစ်ပေမဲ့လို့ စတင် ပေါ်ထွန်းခဲ့တဲ့အချိန် ကတော့ လူ့ပြည် မှာဖြစ်ပါတယ် ကလေးတို့ရေ.. ကျေးဇူးတော်ရှင် မြတ်စွာဘုရား ဟာ- မဟာ သက္ကရာဇ် ၁၀၃ ခုနှစ်- ကဆုန်လပြည့်၊ ဗုဒ္ဓဟူးနေ့မှာ ၊ဖွားဘက်တော် ဗောဓိ ညောင်ပင် ရဲ့ ခြေရင်း က အပရာဇိတ ပလ္လင်တော် ထက်ဝယ် ဘုရားအဖြစ် ရောက်ရှိတော် မူခဲ့ပါတယ်။
ဘုရားအဖြစ်သို့ ရောက်တော်မူပြီး သတ္တ သတ္တာဟ ဆိုပြီး - ရက် ၇လီ ဋ္ဌာန သီတင်းသုံးတော်မူ ပါတယ်။ ပထမဆုံး သတ္တာဟဖြစ်တဲ့ ပလ္လင်္က သတ္တာဟ အထက်မှာ (ကဆုန် လပြည့်ကျော်၁ရက် မှ -ရက်နေ့ထိ) သီတင်းသုံး တော်မူပါတယ်။ ဒုတိယစံတော်မူတဲ့နေရာကတော့ ဗောဓိပင်ရဲ့ အရှေ့မြောက်ယွန်းယွန်း ၁၄လံ အကွာမှာ မတ်မတ် ရပ်ပြီး ဗောဓိပင်နဲ့ရွှေ ပလ္လင်ကိုကျေးဇူးဆပ်တဲ့ အနေနဲ့ မမှိတ်သော မျက်စိနဲ့ စိမ်းစိမ်း ကြည့်တော် မူပါတယ်။(ကဆုန်လပြည့်ကျော် ၈ရက် ကနေ ၁၄ရက်ထိ)စံတော်မူတာကတော့ အနိမိသ သတ္တာဟ ဖြစ်ပါတယ်။ နံပါတ်() သတ္တာဟ ဖြစ်တဲ့ စင်္ကမ သတ္တာဟ မှာ တော့ ပထမ နဲ့ ဒုတိ ယရဲ့ ကြားမှာ နတ်ဗြဟ္မာတွေ ဖန်ဆင်းထားအပ်သော အရှေ့အနောက် သွယ်တန်းထားတဲ့ ရတနာ စင်္ကြန်တော် မှာ (ကဆုန်လ ကွယ် မှ နေ နယုန်လဆန်း ၆ရက် နေ့အထိ) စင်္ကြန် လျှောက် တော် မူပါ တယ်။
နံပါတ်() သတ္တာဟ ကတော့ ရတနာဃရ သတ္တာဟဖြစ်ပါတယ်။ ဗောဓိပင်၊ရွှေ ပလ္လင် ကနေ အနောက်မြောက်ဒေါင့် ၊အတောင်လေးဆယ်(ဆယ်လံ) ကွာတဲ့အရပ်မှာ နတ်ဗြဟ္မာတွေ ဖန်ဆင်း ထားတဲ့ ----ရတနာမျိုးစုံ စီချယ်ထားတဲ့ ရတနာဃရ ရွှေအိမ်တော်မှာ ထက်ဝယ် ဖွဲ့ခွေ ထိုင်နေရင်း၊ တရားတော်တွေကို ကွန့်မြူးကျက်စား၊ ဆင်ခြင် သုံးသပ်တော်မူပါတယ်။ မဟာသက္ကရာဇ် ၁၀၃ ခုနှစ်၊ နယုန်လဆန်း ရက်ကနေ ၁၃-ရက်နေ့အထိ() ရက် လုံးလုံးမထသော ထိုင်နေခြင်း ဖြင့်ထိုင်ရင်း။ခန္ဓာ နဲ့ ဖြစ်ပျက်နေတဲ့ သဘောတရားတွေကို သဗ္ဗညုရွှေဉာဏ်တော် ကြီးနဲ့ ဆင်ခြင်သုံးသပ် တော် မူပါတယ်။
ဒါကြောင့်လည်း (အဘိဓမ္မာ အစ-ရတနာဃရ ရွှေအိမ်က) လို့မှတ်သားနိုင်ပါတယ် ကလေးတို့ရေ.. နောင် အချိန်မှာ အဘိဓမ္မာ ခု နှစ်ကျမ်း(ဓမ္မသိင်္ဂဏီကျမ်း၊ဝိဘင်းကျမ်း၊ ကထာဝတ္ထုကျမ်း၊ ပုဂ္ဂ လပညတ်ကျမ်း၊ ယမိုက်ကျမ်း၊ ပဋ္ဌာန်း ကျမ်း) ရယ်လို့ဖြစ်လာမဲ့ တရား တော် တွေ၊ ခန္ဓာမှာ ဖြစ်ပျက်နေတဲ့ တရားတွေ ကို (သိရန်မှန်က၊ မကျန်ရအောင်၊ လုံးဝစုံ လင်၊ အကုန်မြင် သဗ္ဗင်ဉာဏ်တော် အစွမ်းတည်း) ဆို တဲ့အတိုင်းသိသင့် သိထိုက်တဲ့ တရားတော် ကို အကုန် သိမြင်နိုင်တဲ့ ဉာဏ်တော်ကြီး၊ အလွန်တရာ ကြီးကျယ် ပြန့်ပြောတဲ့ ဉာဏ်တော်ကြီး နဲ့ အစဉ်အတိုင်း ဆင်ခြင်တော်မူပါတယ်။
ကျမ်းမြောက် ယမိုက် ကျမ်းလည်း ပြီးသွားလို့ ပဋ္ဌာန်းကျမ်းကို ဆင်ခြင်တော်မူတဲ့အခါ စိတ်တော် ကလည်း အင်မတန် ကြည်လင်ပြီး စိတ်တို့ရဲ့ မှီရာ သွေးတော် တွေကလည်း အင်မတန် ကြည်လင်လာတဲ့အတွက် အသားတော် အရေတော် ကြည်လင်လာတယ်။ သဗ္ဗညု တဉာဏ်တော် ကြီး က နဲ့ မီးမောင်းထိုးပြ လိုက်သလိုဖြစ်နေတာ ကိုး။ စိတ်တော် အင်မတန် ကြည်လို့ ၊ငြိမ်းအေးမှုတွေလည်းဖြစ်လာလိုက်တာ။ စိတ်တို့ရဲ့ တည်မှီရာ၊ဟဒယ ဝတ္ထုဆိုတဲ့ နှလုံး အာကြည်ရုပ်ကလည်း ကတဆင့် အသွေးအသားတွေ ဆီ ကူးစက်ပြီးသွေးတော်တွေ ကလည်းကြည်လင်မှု ဖြစ်လာလို့ အသားတော် အရေတော် ခန္ဓာ တော် အစိတ်စိတ် ကနေ ကြည်လင်လွန်း အားကြီးလို့ အရောင်တွေ တစ်လက်လက် ထွက်လာ ပြီး ရောင်ခြည်တော် ၆သွယ် ကွန့်မြူးလာပါတယ်။တစ်ခဲနက်ဖြစ်ပေါ်လာတာ အလွန် အကျူး အထူးသပ္ပါယ်တော်မူ သော ဘုရားရှင်ပါ။ -မျက်ခုံးတော်ကနေ နီလဆိုတဲ့ စိမ်းညိုသောအရောင်။
-မြတ်စွာ ဘုရားရဲ့ အသားတော် အရေတော် ကနေ ဝါဝင်းသော ရောင်ခြည်တော်၊ ပီတဆိုသော-ရွှေသော ရောင်ခြည်တော် -နှုတ်ခမ်းတော်၊လျှာတော်၊ သွေးတော်တွေ မှ လောဟိတ ခေါ် နီရဲ သောရောင်ခြည်တော် ထွက်ပေါ်လာပါတယ် -သွားတော်၊ အရိုးတော် မျက်ဆံတော် မှ ဖြူသော သြဒါတ ရောင်ခြည်တော် ရောင်ခြည် တော်တွေထွက်လာပါတယ်။ ညိုရွှေနီဖြူ-လို့ လွယ်လွယ်မှတ်ပါ ကလေးရေ..
မြတ်စွာဘုရားရဲ့ ခန္ဓာကိုယ် အစိတ်စိတ်မှ ညိုမောင်းသောရောင်ခြည်တော် မဉ္ဇိဋ္ဌ ရောင်ခြည် ထွက်လာပါတယ်။ သပြေသီးမှည့်ရောင် လို မျိုးပေါ့။ သည်ရောင်ခြည်တွေအကုန်ပေါင်းယှက်ပြီး၊ နဝရတ် မျိုးစုံကြဲဖြန့်တဲ့အရောင်၊ပြိုးပြိုးပြက်ပြက် သောအရောင်တွေထွက်လာပါတယ်။အဲဒါကတော့ ပဘဿရ ရောင်ခြည်တော် ပေါ့နော်။
ရောင်ခြည်တော် ခြောက်သွယ် တို့သည် အနန္တ စကြာဝဠာ တိုင် အောင်ပြန့်နှံ့ သွားပြီးတော့ နေအရောင်၊ လအရောင်၊ ဗြဟ္မာ နတ်တို့ရဲ့ အရောင်ကို လွှမ်းဖုံးသွားတော့ နတ် ဗြဟ္မာ တွေက အားလုံးကအာရုံ စိုက်ပြီး ဘုရား အဖြစ်ကိုရောက်တော် မူပြီဆိုတာ သိလာကြတာ ပေါ့နော်။ အင်မတန် ကြီးမားတဲ့ ဉာဏ်တော်ကြီးရသွားတယ် ဆိုတာ မသိကြဘူး။ ဘုရားအဖြစ်သို့ ရောက်တော် မူပြီး စတုတ္ထသတ္တာဟ ရောက်တဲ့အထိ အဘိဓမ္မာတရားကို ဘယ်သူ့ကို မှ မဟောရသေး ပါ ကလေးတို့ရေ.. သဗ္ဗညုတ ရွှေ ဉာဏ်တော် နဲ့ သာသိ နေဆဲပါ။
စတင်သိတဲ့အချိန်မှာ ထူးပြားဆန်း ကျယ်ခဲ့ သလို အမေ့ကျေးဇူး ဆပ်ခရီး ကလည်း အံချီးဖွယ် အစုံစုံ၊ ဂုဏ်ပေါင်းစု နေခဲ့တာပါ။ တကယ် ဟော ကြားဖြစ်တဲ့ အချိန်ကတော့ ဘုရားဖြစ်ပြီး နောက် -ဝါမြောက် အခါ ကာလ သမယ- မဟာသက္က ရာဇ်-၁၀၉ ခုနှစ်မှာဖြစ်ပါတယ်။ သာာဝတ္ထိနေပြည်တော်မှာ အယူဝါဒ လွဲနေတဲ့ တိတ္ထိတွေကိုနှိမ်နင်းတော်မူဘို့အတွက် သရက်ဖြူ ပင်ရင်းမှာ တန်ခိုးတော် တွေ ဆန်းဆန်းကြယ် ကြယ် ရေမီး အစုံစုံနဲ့ ယမက ပြာဋိဟာ ပြတော်မူပါတယ်။
အဲဒီ တန်ခိုး နဲ့ ပဲ သာဝတ္ထိ ပြည် ကနေ တာဝတိံသာနတ်ပြည် ကို ကြွချီတော်မူပါတယ်။ တာဝတိံသာနတ်ပြည် ဆိုတာက ယူဇနာ ၈သောင်းလေးထောင် အမြင့်ဆောင်တဲ့ မြင်းမိုရ် တောင်ထိပ်မှာရှိတာ မဟုတ်လား။ တစ်ယူဇနာ ကို ၁၂.ရ၂ မိုင်ရှိတာဆိုတော့ အကွာအဝေးကို မှန်းဆသာ ကြည့်ပါတော့နော်။ မြင်းမိုရ်တောင်ကို သမုဒ္ဒရာ လေးစင်း ၊တောင်စဉ်ခုနှစ်ထပ် ဝန်း ရံပြီး တည်ရှိကြ တယ်။ မြင်းမိုရ်တောင်ရဲ့ တစ်ဝက် အမြင့်ရှိတဲ့ ယုဂန္ဓိုတောင် ဆိုတာ က ဝန်းရံထားတဲ့ တောင်စဉ် ခုနှစ်ထပ်မှာ ပါဝင်ပါတယ်။
တာဝတိ သာ ကို ကြွချီတော်တဲ့အခါ ရတနာစင်္ကြံမှာ ခြေ တစ်ဖဝါး ချပါတယ်။ လက်ယာခြေတော် လှမ်းတော် မူ၍ ယုဂန္ဓိုတောင်ထိပ်မှာ တစ်ဖဝါး ချတော် မူပါတယ်။ မြင့်မိုရ်တောင် ထိပ်ကို တစ် ဖဝါးချတော်မူပါတယ်။ တန်ခိုးတော် နဲ့သွားလို့ စုစုပေါင်း နှစ်လှမ်း၊သုံးဖဝါး နဲ့ ကြွချီတော် မူခဲ့တာပါ။ တာဝတိံသာနတ်ပြည် ရောက်တဲ့အခါ ပင်လယ်ကသစ်ပင် ခြေရင်းမှာ ခင်းထားတဲ့ ပဏ္ဍုကမ္ဗလာ မြကျောက်ဖြာ ပေါ်ဝယ် သီတင်းသုံးလို့ အမေ့ကျေးဇူးဆပ်တရား- အဘိဓမ္မာ တရား မြတ်ဒေသနာကို (မဟာသက္ကရာဇ် ၁၀၉ ခုနှစ်-ဝါဆိုလပြည့်ကျော် တစ်ရက် နေ့မှ သီတင်းကျွတ်လပြည့်နေ့ထိ ) အသံမစဲဟောကြားတော်မူ လိုက်တာ မြင်ယောင်ရင်းမေမေဖြင့် သဒ္ဓါပီတိတွေ နှလုံးအိမ်မှာ ယိုစိမ့်လာလိုက်တာ ကလေးတို့ရေ။ ဖော်ပြနိုင်စွမ်းမရှိ တော့ပါ။(Beyond Expression ပေါ့နော်)
ဟောကြားချိန်ဟာ လူ့သက်တမ်းနဲ့တွက်တော့သာ ရက်ပေါင်း ကိုးဆယ်၊ နတ်သက်တမ်း နဲ့ကတော့ ၁၅မိနစ် လောက်သာရှိပေတာကိုး။ မြတ်စွာဘုရားကလူသားပါ။လူသားဣရိယာပုတ်နဲ့ လူသားတို့ရဲ့ အချ

No comments: