Saturday, February 13, 2016

ဆရာတော်ဦးဗုဓ်၏ ရာဇဝင်တွင်ကျန်ခဲ့သောစကားများ

             
 ဆရာတော်ဦးဗုဓ်ဟူသော အမည်ကိုအတော် များများကြားဖူး ကြပါလိမ့်မည်။ သို့သော်လောကနီတိ ၊ ယနေ့ကျွန်ုပ်တို့  ရပ်ရွာအတွင်း တွေ့မြင်နေရသော  ဓမ္မစကြာဝတ်ရွတ် အဖွဲ့သားများ၏ “ဘိက္ခူနံ ပဉ္စ၀ဂ္ဂီနံ ဣသိပတန နာမကေ” အစချီသော ဓမ္မစကြာပါဠိအား ဆရာတော် ဦးဗုဓ်မှ ဓမ္မစကြာကို ကြည်ညိုလွန်း၍  နိဿယ ပြန်ဆိုကာထည့်သွင်းရေးသားခဲ့သည် ဆိုသည်ကို သိရှိသူနည်းပါးပါလိမ့်မည်။ ဆရာတော်ဦးဗုဓ်သည် မြန်မာနိုင်ငံ ပရိယတ္တိပညာရေး သမိုင်းတွင် လယ်တီဆရာတော် အပါအ၀င်ပေါ့ စာအတတ်ဆုံးပုဂ္ဂိုလ်အဖြစ် ပညာရှင်အသီးသီးမှ  အသိအမှတ် ပြုထားသော ဆရာတော်ဖြစ်သည် ။ ထို့ကြောင့် ဗုဓ်စ၊ ဗုဓ်လယ်၊ ဗုဓ်ဆုံး ဟူ၍ဂုဏ်ပြု ပူဇော် ကြလေသည်။ အဓိပ္ပါယ်မှာ ဗုဓ်စသည် ဗုဒ္ဓဘုရား၊ ဗုဓ်လယ်ကား အရှင်မဟာ ဗုဒ္ဓဃောသဖြစ်၍  ဘုရားဟောပါဠိတော်များ၏ အဖွင့်ဖြစ်သော အဋ္ဌကထာ များအား  ရေးသားခဲ့သည့် သီရိဓမ္မာသောကမင်းပေါ်ပြီးနောက်ပိုင်းမှာ ပေါ်ထွန်းခဲ့သော မထေရ်ဖြစ်သည်။
အဋ္ဌကထာဆိုသည်မှာ ဘုရားဟော ပါဠိတော်များကို  ဥာဏ်နုသူများ လေ့လာကျက်မှတ်သည့်အခါ မရှင်းမလင်း ဖြစ်သဖြင့် ဋီကာ အနုဋီကာ၊ မဓုဋီကာ  ထပ်ဆင့်ဖွင့် ဆိုကာ သက်တော် (၅၅)နှစ်အတွင်း ကျမ်းစာ(၆၀)ကျော် အနက် နိဿယကျမ်း(၄၅)ကျမ်းတိတိ အဓိက ထားပြုစုကာ နောင်းခေတ် စာသင်သားများ မပင်မပန်း၊ ချမ်းချမ်းသာသာ သင်ယူနိုင်ရန် ရေးသားခဲ့သူမှာ ဗုဓ်ဆုံး ဆရာတော်ဦးဗုဓ်ပင် ဖြစ်ပါသည်။ ဆရာတော်ဦးဗုဓ်အား မြန်မာပြည်၌ စာအတတ်ဆုံးဟု သတ်မှတ်ရခြင်းမှာ ဆရာတော်၏ နောက်ခံသမိုင်းတစ်ခုတည်းကို ကြည့်ပြီး ပြောကြသည်  မဟုတ် ဆရာတော် ပြုစုခဲ့သော ကျမ်းစာများ၏ အတိမ်အနက်ကိုကြည့်ပြီး ဆုံးဖြတ်ခြင်း ဖြစ်ပါသည်။ဤမျှနှင့်မကပါ မြန်မာ့သမိုင်းတလျှောက်တွင် အထက်မြက်ဆုံး မိဖုရားကြီး ဖြစ်သောနန်းမတော်မယ်နု ၏နောက်ဆုံးခန်းမှ "မိနု သူ့ကြွေးရှိလျှင် ဆပ်ရမည်" ဟူသောစကားတစ်ခွန်းသည် မယ်နုသေပွဲဝင်ရာ၌ စိုးစဉ်းမျှ ကြောက်ရွံ့စိတ်မရှိအောင် အကြီးမားဆုံး စိတ်ခွန်အားပေးနိုင်ခဲ့သည်။  
            ဆရာတော်ဦးဗုဓ်သည် ပညာဉာဏ်ကြီးမားသူ ပီပီ ပါဠိစာပေ ကျမ်းကန်ဖတ်ခြင်း၊ ကျမ်းပြုခြင်းတို့ကိုသာ မွေ့လျော်ကာ ဆိတ်ဆိတ်နေရခြင်း ကိုနှစ်သက်သည်။ အရည်အပြုံးနည်းပြီး ဩဝါဒပေးရာတွင် ဖွဲ့နွဲ့မပြောသလို အပိုမဆလာအလုပ်တို့ကို လုံးဝမနှစ်သက်ဘဲ လွန်စွာစကားနည်းသူဖြစ်သည်။ စာပေအသိတရားမရှိသူဒုန်းဝေးသူဆိုလျှင် ဘုရင်ဖြစ်စေ လေကုန်ခံမပြောဘဲ ဘုပြောတတ်သဖြင့် လူတိုင်းမဆိုထားနှင့်ဘုရင်ပင် ဆရာတော်နှင့်စကားပြော ရမည်ကို လန့်သည်။ ဆရာတော်သည် အကြောင်းကြီးငယ်ကိစ္စများ ပြသနာ ဖြေရှင်းရာတွင်လည်း ဗုဒ္ဓဆိုဆုံးမသော ကျမ်းကန်ရှုထောင့်မှသာ မဏ္ဍိုင်ယူကာ ဆုံးဖြတ်ဖြေရှင်းသဖြင့် အမှားမရှိသလို လူလေးစားခံရသည်။ ဆရာတော် လက်ကိုင်ထားပြီး ကိုယ်တိုင်လည်း ကျင့်သုံးသော အယူဆတစ်ခုမှာ “ ဘယ်သူ ကဲ့ရဲ့ ကဲ့ရဲ့၊ ဘုရား မကဲ့ရဲ့အောင်နေ ” ဖြစ်သည် ။
              ဆရာတော်ဦးဗုဓ်သည် အထက်ဗဒုံ(အလုံ) ကျေးလက် ညောင်ကန် ရွာသာခေါင်အရပ်နေ ယာပိုင်ရှင်ဦးအို၊ ဒေါ်မွှေး တို့က (၁၁၄၉) ခုနှစ် ၊  နယုန်လပြည့်ကျော် (၅) ရက် အင်္ဂါနေ့တွင် ဖွားမြင် ခဲ့သည်။ လငပုပ်ဖမ်းချိန်မှာ မွေးသဖြင့် မောင်ပုပ်ဟုမှည့်ခေါ်သော်လည်း လက်ဦးဆရာ ဆရာတော် ဦးသာပုံက ဗုဓသဒ္ဒါ ကိုထောက်ထားပြီးမောင်ဗုဓ်ဟုအမည်ပေးသည်။ ဆရာတော်ဦးဗုဓ်ပထမဘွဲ့တံဆိပ်တော်မှာ စက္ကိန္ဒာဘိ ဓဇမဟာ မဟာဓမ္မရာဇဂုရု ဖြစ်ပြီး ဒုတိယဘွဲတော်မှာ စက္ကိန္ဒာဘိ  သီရိသဒ္ဓမ္မဓဇမဟာ ဓမ္မရာဇဂုရု ဖြစ်သည်။     ဘွဲ့တော်အမည်ထက် လူအမည်နင့်သာ ထင်ရှားသည်။ထိုမှဆရာ တော်ဦးပိုး ထံပညာသင်ကြားခဲ့ပြန်သည်။ဆရာတော်ဦးပိုးအား ဘကြီးတော်က အင်းဝနေပြည်တော်သို့ ပင့်ဆောင်ကိုးကွယ်ချိန် မဟာအောင်မြေဘုံစံ အုဋ်ကျောင်းကြီးတွင် ကျောင်းထိုင်ခဲ့ပြီး (၁) နှစ်ကြာတွင် ဆရာတော် ဦးပိုးပျံလွန် တော်မူသည်။ ထိုကျောင်း၏ဒကာမမှာ ဘကြီးတော်မင်းရဲ့မိဖုရားခေါင်ကြီး နန်းမတော်မယ်နု ဖြစ်သဖြင့် ကျောင်းထိုင်ရန်တော်ရုံပညာစွမ်းနင့်မဖြစ် ချေ။ မည်သည့်ဆရာတော်ကသာသင့်တော်မည် စူးစမ်းမေးမြန်းချိန်တွင် "မိုးကြီးချုပ်လို့ ဘုတ် ကြီးမည်၊ သာသနာ ဓါယမာတစ်ဖန်ထုတ်ဖို့ရန်၊ ရွှေအုတ်မယ့်ဆံထုံး၊နားလှည့်ပါဦး"ဟူသော   တဘောင်ပေါ်လာခဲ့သည်။ ဆရာတော်ဦးပိုးနေရာ ကျောင်းထိုင်သူသည် ဦးပိုးကဲ့သို့ စာပေကျမ်းဂန် တတ်မြောက်ရမည်ဖြစ်၍ သုဓ္ဓမာဇရပ်တွင် (၇) ရက်ပတ်လုံးအမေးခံပြီးမှ ကျောင်း နဲ့သင့်လျော် မသင့်လျော် ဆုံးဖြတ်ရမည်ဖြစ်ပါသည်။ ဆရာတော်ဦးဗုဓ်ရဲ့ငယ်ဖော် ဦးဉာဏ်မှ ကျောင်းထိုင်ရန်ပြောသည်ကို "ကိုဉာဏ်၊ မင်းဆရာလုပ်ရတာ စာကြည့်ပျက်တယ်။ ကိစ္စလည်းများတယ်။ မလုပ်လိုဘူး"လို့ ငြင်းပါတယ်။ သို့သော် ပညာသင် ဆရာတော်ရင်း ဦးပိုးရဲ့တပည့်အများ နဲ့ သီတင်းသုံးဖော်တွေ ကွဲပြားပျက်စီးမယ်၊ ငဲ့ညှာသီးခံပြီး နေပါ၊ ကိုယ့်စာကိုယ်ကြည့်ပြီး နေနိုင်ပါတယ်လို့ လျှောက်မှ လက်ခံခဲ့သည်။ ထိုအခါ သာသနာပိုင် သဲအင်းဆရာတော်ကြီးများသည်  ဦးဗုဓ်အား ပိဋိကတ်တော်ထဲက အလွန်တရာခဲရာခဲဆစ်ဖြစ်သော အရာဌာန ဂဏိပဗ္ဗပြသနာတို့ကို တစ်ခုပြီးတစ်ခုမေးမြန်း တော်မူသောအခါ ဆရာတော်ဦးဗုဓ်က ဆန်း၊ လင်္ကာ ၊ သဒ္ဒါ ၊နေတ္တိနည်းတို့ဖြင့်ဆန်းပြားကျယ်ဝန်းစွာ  ဒိုးဒိုးဒေါက်ဒေါက်ဖြေဆိုပြီး ( ၅ ) ရက်မြောက်တွင် ဆရာတော်ကြီးများလည်း မေးစရာမရှိတော့တဲ့အချိန်မှာ "ကိုဉာဏ် ငါးရက်ပတ်လုံးမေးတာ မဖြေနိုင်တာမရှိ၊ တပည့်တော်ကများ ပြန်မေးရရင် ဘယ်လိုနေ ကြလိမ့်မသိ"ဆိုသော် အကင်းပါးတဲ့ မူးကြီးမတ်ကြီး များက သဘင်ကို ရုပ်သိမ်း လိုက်လေသည်။
ဆရာတော်ဦးဗုဓ်ကို ရာဇဂုရုဘွဲ့တော်ဆက်ကပ်ပြီး ဘုရင်နဲ့မိဖုရားသီလခံတော့ ဆရာတော်က နှုတ်ပိတ် နေသည်။ ဆရာတော်ဦးသူက "ကိုဗုဓ်တို့က လုပ်ကရော့မဗျ၊ အခုမှစခါရှိသေး၊ ဘာအလိုမကျတယ် မသိဘူး၊ ဖွင့်ဟပြောမှပေါ့" လို့ဆိုပါတယ်။ ဦးဗုဓ်က "ရှိခိုးတယ်ဆိုတာ ကျမ်းဂန်ကတော့ ပဉ္စပတိ ဋ္ဌိတလို့ဆိုတယ်"။ သီလခံသူဘုရင်မှာ ထိခြင်း ငါးပါးနဲ့ မညီဘဲ တံတောင်ဆစ်အောက်တွင် ကတ္တီပါခေါင်း အုံးခံထားသဖြင့် အကင်းပါးသော မိဖုရားမှ ခေါင်းအုံးကိုဆွဲဖယ်လိုက်မှ သီလပေးလေတော့သည်။

☆ဆရာတော်နှင့် နန်းမတော်မယ်နု☆
ဆရာတော်သည်လောကီရေးတွေကင်းသည် စာကြည့်ကျမ်းပြုရာမှ အထိအခိုက်မခံနိုင်သလို ဘုရင်နဲ့မိဖုရားကို ဂရုမစိုက်မျက်နှာသာ မပေးချေ။ အကြောင်းတိုက်ဆိုင်၍ ပြောစရာရှိလျှင် တိုတိုတုတ်တုတ် ထိထိမိမိ ခပ်ပြတ်ပြတ်သာ ပြောလေ့ရှိ ရာအုတ်ကျောင်းတော်ကြီးပေါ် ရောက်ရောက်ချင်း ဇာတိပြတော့သည်။နန်းမတော်မယ်နုမှ ဆွမ်းပို့အပြီး သီလဆောက်ရန် တောင်းပန်သော် စာကြည့်ကျမ်းပြုနေရာကနေ "ကိုယ့်ဘာသာ ကိုယ်ဆိုပြီး ဆောက်တည်သွား"လို့ မိန့်လေသည်။
တခါတွင်မယ်နုက  "တပည့်တော်မသည် ဤအုတ်ကျောင်းကြီးကို သုံးသိန်းကျော်မျှ အကုန်ကျခံကာ ဆောက်လုပ်လှူပါ သည်။ ဖလံခုံရွာမှလည်း တစ်သိန်းကျော်တန် လှူဒါန်းပါသည်။ နေ့စဉ်လည်း ပစ္စည်းလေးပါးလှူပါ သည်။ ဤသို့ လှူဒါန်းရသည့်အကျိုးတရားကို ဟောပြောတော်မူပါ" လို့ လျှောက်ပါတယ်။
ဆရာတော်က ကျောင်းအစ်မကို ဖလားနဲ့ရေအပြည့် ခပ်ပြန်သွန်ခိုင်းသည်။ ပြီးမှ "သွန်ပစ်လိုက်သောရေသည် လှူ၍ကုန်သောပစ္စည်းနှင့်တူ၏။ ဖလားမှာကပ်၍ ကျန်သောရေသည် အကျိုးရတာနှင့်တူ၏"လို့ မိန့်ပါတယ်။ ဆိုလိုသည်ကား ငွေကြေးသုံးသိန်းသည် ရုပ်တရားသာဖြစ်ပြီး မဏ္ဍပ်တိုင်တက်ခြင်းဖြစ်ကာ၊ ဒါနသည် စိတ်စေတနာအရ အကျိုးပေးခြင်းသာ ဖြစ်လေသည်။
မယ်နုကျင်းပသော ဘုံကထိန်ပွဲကြီး၌ ဦးဗုဓ်ကို တရားဟောရန် တိုက်တွန်းရာဆရာတော်က `ဟေတု ပစ္စယော´ဟူသော (၂၄) ပစ္စည်း
ဂါထာကို ရွတ်တော်မူကာ ဆိတ်ဆိတ်နေလျှင် ရှင်ဘုရင်ကလည်း
ရေစက်သွန်းချ အမျှဝေရလေတော့သည်။ထိုအခါ လေးပြင်လေးရပ် ကြွလာတော်မူကြသော ဆရာတော်ကြီးများ က`ဦးဗုဓ်ကို စာတတ်
သည်ဟု ကြည်ညိုလွန်းလှ၍၊ ဧရာမကျောင်းတော်ကြီးကို လှူဒါန်း၍၊ ဧရာမ မိဖုရားကြီးက ဧရာမ ကထိန်ပွဲကြီး ကျင်းပရာမှာတကတဲဗျာ ဟောလိုက်
သည့်တရားက `ဟေတု ပစ္စယောတဲ့ဗျာ´ ဟု ဝိုင်း၍ ပြစ်တင်စကားပြောကြ၏။ ဆရာတော် ဦးဗုဓ် ၏အဖြေကား (ဧရာမ ကျောင်းတော်ကြီး မည်မျှလှူဒါန်းပြီး ဧရာမ မိဖုရားကြီးက ဧရာမကထိန်ပွဲကြီး ကျင်းပရာမှာ ဧရာမ ပဋ္ဌာန်းတရားတော်ကြီး ဟောလိုက်တာ ဘယ်သူက ဘာပြောချင်ကြသေး
သလဲ ) ဟူ၍ဖြစ်ရာ မည်သူမျှပြန်လည် မချေပနိုင်ဘဲ ဆိတ်ဆိတ်နေကြရသည်  
☆ဆရာတော်နှင့်အမတ်ဦးပေါ်ဦး☆
 
အမတ်ဦးပေါ်ဦးသည်ဘိုးတော်ဘုရားရှိစဉ်ကပင် ပညာရှိအမတ်တစ်ဦး ဖြစ်သလို စကားကြွယ်ဝလွန်းပြီး ဘိုးတော်ဘုရားစိတ်တိုနေသည်ဖြစ်စေ ဟာသဖြင့်အနိုင်ယူလေ့ရှိသူဖြစ်သည်။ ဦးပေါ်ဦးသည် မိမိကိုယ်ကိုယုံကြည် သူပီပီ ဦးဗုဓ်၏ စကားနည်းနေမှုကို သွေးတိုးစမ်းလိုသည်နှင့် ဆရာတော်ထံသွားသည်။ ထိုစဉ် ဆရာတော်သည် ရေကန်ဘေးတံမြက်စည်း လှဲနေသည်။
ဦးပေါ်ဦး။ ။ရေကန်ကြီးကဖြင့် အလွန်ကောင်းပါ
ပေသည်ဘုရား။
ဦးဗုဓ် ။ ။အေး.....ကောင်းတယ်။
ဦးပေါ်ဦး။ ။ရေကလည်း အလွန်ကြည်တယ်။
ဦးဗုဓ် ။ ။အေး.....ကြည်တယ်။
ဦးပေါ်ဦး။ ။ဤရေကန်ကြီး မည်မျှနက်ပါသနည်း
ဘုရား။
ဦးဗုဓ် ။ ။ငါ......မသိဘူး။
ဦးပေါ်ဦး ။ ။ဆရာတော် သီတင်းသုံးတော်မူသော
ကျောင်းတိုက်အတွင်း ဖြစ်၍ နီးသည့်
အတွက် သိလိမ့်မည် ထင်မှတ်၍
လျှောက်မိပါသည် ဘုရား။
ဦးဗုဓ် ။ ။နီးတိုင်း သိရမည်ဆိုလျှင်မင်းနှုတ်
ခမ်းမွှေး ဘယ်နှပင်ရှိလဲ။
ဦးပေါ်ဦး။ ။သတိမထားမိ၍ ဘယ်နှပင်ရှိကြောင်း
မသိပါ ဘုရား။
ဦးဗုဓ် ။ ။မင်းနှုတ်ခမ်းမွှေး ဘယ်နှပင်ရှိသည်
ဟုမသိဘဲ ဤရေကန်၏ အတိမ်
အနက်ကိုကော ငါသိနိုင်မလား။
ဟုမျက်နှာတည်ဖြင့် ကြည့်၍မေးလေရာ စကားတတ်လှသောပညာရှိ အမတ်ကြီးသည် ရှေ့သို့ စကားဆက်မရတော့ဘဲ ဦးချကာပြေးလေသည်။
 
☆ဆရာတော်နှင့်သာသနာပိုင်☆
              တစ်နေ့တွင် ဦးဗုဓ်က စာချနေဆဲ သာသနာပိုင်က သူ့ထံ ကြွလာရာ သံဃာငယ်တို့က သင်ဖြူးခင်းကြ၏။
ဦးဗုဓ်။ ။ဘာလုပ်ကြတာတုံး။
ကိုရင်။ ။သာသနာပိုင် လာလို့ နေရာခင်းပါတယ်။
ဦးဗုဓ် ။ ။သာသနာပိုင်က ကိုယ့်နေရာ ကိုယ်နေ
တာ မဟုတ်ဘူး။
(ထိုအသံကြား၍ ဦးညေယျက ကျောင်း
ပေါ်မတက်တော့ဘဲ လှေကားမှ ပြန်ကြွသွား၏။ဦး
ဗုဓ်ကို သူ့ထံကြွရန် စာရေးပင့်လေသည်။)
ဦးဗုဓ် ။ ။ဦးညေယျက ကျုပ်ကို ဘာကိစ္စ. ခေါ်တာ
တုံးဗျ။
ယ် ။ ။တခြား အကြောင်းထူး မရှိပါ။တပည့် တော်မှာလူငယ်ဖြစ်လျှက် သာသနာပြု
ရသောကြောင့် ချွတ်ချော်တိမ်းပါး အမှား
များမြင်တွေ့လျှင် ဆိုဆုံးမတော်မူစေလို
ပါတယ်။
ဦးဗုဓ် ။ ။ကိုယ်စွမ်းလို့ကိုယ်ဖြစ်တာ ပြောစရာ မ
လိုပါဘူး။
အုတ်ကျောင်းမှ ရဟန်းငယ်များ ဆေးလိပ်
သောက်သည်ကို သာသနာပိုင်က ပိတ်ပင်ရာ`ဆေးလိပ်သောက်တာက သာသနာပိုင် ဘုရား
တည်တာလောက် အပြစ်မကြီးပါဘူး´ ဟုမိန့်ဆို၏
ဝိသုဒ္ဓိမဂ်၌ ရဟန်းတို့ အလှူပေးခြင်း ၊ ဘုရားတည် ခြင်းမှာ အပြစ်မလွတ်ဟု ဆိုလေသည်။
☆ဆရာတော်နှင့်မယ်တော်ကြီး☆

တစ်နေ့သောအခါ ဆရာတော်ဦးဗုဓ်၏ မယ်တော်ကြီး သည် မိမိနေအိမ် မီးလောင်သွားသောကြောင့် သား ဦးဇင်းထံသို့  အားကိုးတကြီးနင့် လာလေသည် ။ထိုအချိန်မှာ ဆရာတော်ဦးဗုဓ်က မင်းကိုကွယ်တဲ့ ဆရာတော် ဖြစ်နေပါပြီ ။ မယ်တော် ကြီးအတွက်နေ စရာ အိမ်တစ် လုံးတော့ကောင်းကောင်း ဖန်တီးပေ နိုင်စွမ်း ရှိပါတယ်။ ဘုရင်ကိုယ်တိုင်က အလွန်ကြည်ညိုတဲ့ ဆရာတော်ဖြစ်သည့် အတွက် အိမ်မီးထဲ ပါသွားသည် လိုပြောလိုက်ရုံဖြင့် ကိစ္စပြီးနိုင်သည်။ မယ်တော်ကြီးလာတဲ့အခါမှာ ဘာမေးလဲဆိုတော့" ခု မယ်တော်ကြီး အိမ်မီးထဲပါသွား ပြီဘာတွေကျန်သေး လဲလို့မေးပါတယ်။ ဒီအခါမှာမယ်တော်ကြီး က အားကိုးတကြီး နဲ့ တပည့်တော်မမှာ ခုဝတ်ထားတဲ့ အဝတ်နဲ့ ပခုံးပေါ်က ဒီတဘက်တစ်ထည်ပဲ ကျန်ပါတော့တယ်ဘုရား" လို့လျှောက် လိုက်သည်။
          ဆရာတော် ဦးဗုဓ်က " မယ်တော်ကြီးရှေ့က ပြုခဲ့တဲ့ အကုသိုလ်တွေ ကြောင့် ခုလိုဒုက္ခတွေရောက်ရတာ ။ ဒါကြောင့် ကုသိုလ်ပြုပါ"ဆိုပြီး ပုခုံးပေါ်က ရှိစုမဲ့စု တဘက်လေးကိုအလှူခံလိုက်လေသည်။
☆ဆရာတော်နှင့် နန်းတွင်းအကြပ်အတည်း☆
အင်းဝတွင် နယုန်လ၌စာပြန်ပွဲကျင်းပလေ့ရှိသည်။ ထိုစာပြန်ပွဲတွင် နှစ်စဉ် သာယာဝတီမင်းသားကျောင်း တိုက်ကသာလျှင် ပထမကျော်ထွက်ပေါ်ရာ  ပြိုင်ဘက် မယ်နုနှင့်မောင်အိုတို့က ပထမကျော်ရရှိရေး ကြိတ်ကြံသည်။  စာပြန်ပွဲနီးလာသော် မယ်နုတို့ဘက်မှ ပထမကျော် ထွက်ပေါ်လာမည်ဟု သတင်းကြီးနေသည်။ သာယာဝတီမင်းသားစုံစမ်းရာ မိမိကျောင်းတိုက်မှ ပထမကျော်ပြောင်းရွှေ့သွားကြောင်း သိလေရာ ဘုရင့်ထံ တရားစွဲလေသည်။  ထိုအချိန်သည် နန်းတွင်းအာဏာ လုပွဲဖြစ်တော့မည့် အတင်းမာဆုံး အခြေနေကို ရောက်ရှိနေသဖြင့် ဘကြီးတော်မင်းတရားပင် အတော်ခေါင်းခဲနေသည်။ ငါတရားရှုံးလျှင် ပထမကျော်ကို မထားဟု ကြိမ်းသည်။ နန်းမတော်မယ်နုဩဇာ ကြီးမားလွန်းသဖြင့် ဆရာတော်များ မဆုံးဖြတ်ဝံ့ သုဓမ္မာ၌ နေ့ဆွမ်းစားပြီး သောအခါ စာကြည့်ကြဦးစို့ဟုဆိုကာ အမှုမစစ်ရဲကြဘဲ ပြန်ကြွကြလေသည်။ ထိုစဉ်ဦးဗုဓ်က "ကိုယ်တော်တို့ နေ့တိုင်းဆွမ်းစားပြီး အိပ်နေကြသလား အရေးကိစ္စရှိမှ စာကြည့်နေလို့ဖြစ်မလား" ဟုဝင်ပြောသောအခါ ဆရာတော်ကြီးများက "ဒါဖြင့် ဒီအမှုကို ဆရာတော်ကလေးဆုံးဖြတ်နိုင်မလား" ဟုမေးရာ ဆရာတော်က "အမှုကိုအပ်ရင် ဆုံးဖြတ်နိုင်သည်" ဟုဆိုသဖြင့် သူ့အားအမှုအပ်လိုက်သည်။ 
ဆရာတော်သည် မနှေးအမြန်အောက်ပါစီရင်ချက် ချတော်မူသည်။

(၁) ဤအမှုသည် သာယာဝတီမင်းသားနှင့်မဆိုင် နန်းမတော်မယ်နုမောင်အိုတို့နှင့်လဲမဆိုင် ဘုန်းကြီးချင်း တပည့်လက်သားများ ဖြားယောင်းခေါ်ယူသဖြင့် ဝိနည်းတော်အရ စီရင်ရန်ဖြစ်၏
(နိဘိက္ခဝေ-အညဿရိသာ) ဟူသောပုဒ်မအရ ငအိုကျောင်းတိုက်ကဘုန်းကြီးသည် သူတပါးတပည့်လက်သားကို ဖြားယောင်းခေါ်ယူသဖြင့် ဒုက္ကဋ်အာပတ်သင့်သည်။ ဒေသနာပြောကြားစေ ၊အနားကဘုန်းကြီးတစ်ပါး ဒေသနာခံလိုက်စေ။
(၂) ပထမကျော်သည် သူတစ်ပါးဖြားယောင်းရာသို့ ဆန္ဒဂတိလိုက်ခြင်းကြောင့် ဤနှစ်ပထမကျော်မပြန်ဆိုရ ရွာပြန်သွားစေ ဟုချမှတ်လေသည်။
            ပရိတ်သတ်အပေါင်း အံ့ဩလက်ဖျားခါလျက် ရဲဝံ့တည်ကြည်သော ပညာဉာဏ်ကို ချီးကျူးကြကုန်၏။ထီးရောနန်းပါ မီးလောင်ကျွမ်းသွားနိုင်သော ကိစ္စကို ဆရာတော်ဦးဗုဓ်က ခဏလေးအတွင်း ငြိမ်းအေးစေ သည်။ တိုင်းသူပြည်သားများက လေးစားလွန်းသဖြင့် သာသနာပိုင်တင်မြောက်ရန် ဆန္ဒရှိ၍ အမတ်တို့က ဘုရင်အားလျှောက်တင်ရာ ဘကြီးတော်မင်းက "ကောင်းပါရဲ့ သူသာသနာပိုင်ဖြစ်တော့ ကိစ္စအရပ်ရပ် သူ့ကိုလျှောက်ထားရန် ဘယ်သူတာဝန်ယူမလဲ။ ငါတော့မလျှောက်ဝံ့ဘူး" ဟု ဘုရင်ကဆိုလေသည်။
      
            ဆရာတော်ဦးဗုဓ်သည် ကျမ်းတစ်စောင်ပေတစ်ဖွဲ့ ပြုစုပြီဆိုလျှင် မပြီးမချင်း ရပ်နားလေ့မရှိ။“ခုဒ္ဒကပါဠိတော်နိဿယကျမ်းကြီး” ကားဆရာတော် ဦးဗုဓ်၏ နောက်ဆုံးလက်ရာ ဖြစ်လေသည်။အဆိုပါကျမ်းကြီးကို ပြုစုစဉ် ဆရာတော်ဦးဗုဓ်၌ ဒူလာဝမ်းသက်ရောဂါ စွဲကပ်ခဲ့လေသည်။ မည်သည့် ဆေးဝါးနှင့်မျှ ပျောက်ကင်းသက်သာသည် မရှိခဲ့။ အခြေအနေမှာ တစ်နေ့ထက်တစ်နေ့ ဆိုးရွားလာခဲ့၏။ ကုဋီမှဆင်းရသည် မရှိလောက်အောင် ဖြစ်နေချိန်တွင် ပြုစုနေဆဲကျမ်းဂန် မပြီးဆုံးဘဲ ပျံလွန်တော်မူသွားမှာကို ဆရာတော် စိုးရိမ်နေခဲ့သည်။ သည့်အတွက် တပည့်ရဟန်းများအား ၎င်းကုဋီထိုင်သည့် မျက်နှာမူရာ ရှေ့တွင် မီးသွေးများ သုတ်လိမ်းပေးထားရန် မိန့်တော်မူခဲ့သည်။ဆရာတော်ဦးဗုဓ်သည် ကုဋီထိုင်ရင်းအဆိုပါကျမ်းကိုမပြီးပြီးအောင် ရေးသားပြုစု၏။ ဆရာတော် ရေးသားထားသော စာကိုကူးကြရ၏။ ကူးပြီးနောက် မီးသွေးများဖြင့်ပြန်၍ လိမ်းကျံပေးထားရ၏။ ဤသို့ဖြင့်ခုဒ္ဒကပါဠိတော်နိဿယကျမ်း ကြီးကိုပြီးမြောက်စေခဲ့ သည်။ထိုကျမ်းကားဂါထာစုဏ္ဏိယပေါင်းပုဒ်ရေ (၄၈)ပုဒ်ရှိပြီး သာသနာတော်အတွက် လွန်စွာမှ အကျိုးရှိသော ကျမ်းကြီးတစ်ဆူ ဖြစ်ခဲ့လေ သည်။ဆရာတော် ဦးဗုဓ် နောက်ဆုံးပြုစုခဲ့သော ကျမ်းကြီးဖြစ်၍ပြုစုခဲ့သမျှထဲတွင် အပင်ပန်းအဆင်းရဲ ခံရဆုံးသော ကျမ်းဖြစ်ပေရာ ကျမ်း၏နိဂုံး၌ အောက်ပါအတိုင်း မှတ်တမ်းပြုခဲ့ပေသည်။ 
"၀ိဇ္ဇာ မာနေပိ ရောဂမှိ၊
တံ နပေက္ခ ၀ယောကတော
တသ္မာဟိ မနုယုဉ္စန္တု၊
သောတာရတ္တာန ပေက္ခိနော။"
“ငါသည် ကိုယ်စိတ်နှစ်ဖြာ မချမ်းသာသော ရောဂါဝေဒနာ ကပ်ရောက်လာသော်လည်း ကိုယ်နှင့် အသက်မငဲ့ကွက်မူ၍ဤနိဿယကို ရေးသားဘိ သကဲ့သို့အသင် စာသင်သားတို့သည်လည်းကိုယ်နှင့် အသက်မငဲ့ကွက်မူ ၍ ဤခုဒ္ဒကသိက္ခာပါဠိတော် နိဿယကို(ဝါ) ကျန်များစွာသော ကျင့်ဝတ်သိက္ခာကိုအနည်းငယ်မျှ ဖြစ်သော အဓိသီလ၊ အဓိစိတ္တ၊ အဓိပညာသိက္ခာ သုံးပါးကို ကိစ္စတစ်ပါး စွန့်ပစ်ထား၍ ဖန်များကြိမ်ခါလွန်စွာကြိုးကုတ်အားထုတ် မြဲပင် ယှဉ်စေကုန်သတည်း”
ဣရိယာပထမျှတမှု မရှိအောင် စာနှင့် စာမျက်နှာတော် မခွာစတမ်း စွဲစွဲလမ်းလမ်း ထိုင်နေ လျောင်းနေတော်မူသည့်အတွက် ထိုမျှသာ နေထိုင် သွားရခြင်းဖြစ်၏။ဆရာတော်ပြုစုခဲ့သော ကျမ်းအရေအတွက် (၆၁)ကျမ်းဖြစ်ကြောင်း မှတ်သားရပါသည်။အမှန်တကယ် ဆရာတော်ရောဂါဖြစ်နေတဲ့ကြားက အနားမယူဘဲ ကျမ်းတစ်စောင်ပြီးအောင် ရေးခဲ့ရခြင်းမှာ သာသနာတော် တစ်ခုကြောင့်သာဖြစ်ပြီး မည်သည့် အောင်မြင်ကျော်ကြားမှုကိုမှ မမျှော်လင့်ဘဲ စေတနာသဒ္ဓါတရားစစ်စစ်ဖြင့်သာ ရေးခဲ့ခြင်းဖြစ်လေသည်။ သာသနာနှင့် လောကအပေါ် အလွန်ကျေးဇူးများသော ပုဂ္ဂိုလ်ထူးဆရာတော်အပေါ်  ကြည်ညိုလို့မဆုံး ဖြစ်မိပြီးသံင်္ဃာတော်အရှင်မြတ်အား  သုခုမအလင်းတန်းများမှ  ရှိခိုးပူဇော် ကန်တော့အပ် ပါသည်။
ဆရာတော်ဘုရား၏အုတ်ဂူအား မန္တလေးမြို့ ၈၂ လမ်း ၊အမှတ် (၁၃) ကျောင်းအနီး၊ မဟာအောင်မြေမြို့နယ် တွင်ဖူးမျှော်နိုင်ပါကြောင်း နိဗ္ဗာန်အကျိုးမျှော်နိုးဆော် လိုက်ပါသည်။
  
    သုခုမအလင်းတန်းများ
Ref :
- ကုန်းဘောင်ရှာပုံတော်  
- ညောင်ကန်ဆရာတော်ဘုရားများ၏အတ္ထုပတ္တိ
- မယ်နုအုတ်ကျောင်းဆရာတော် (အရှင်ပညာသာမိ)
- မြန်မာ့လျို့ဝှက်ချက် ၁၀၀

No comments: