Monday, November 16, 2015

ရွှေဆံတော်စေတီ




အာနန္ဒာဘုရား၏အနောက်ဖက်မုဒ်မှထွက်၍ တောင်ဘက်သို့ ခရီးဆက်ပါက နှစ်ဖါလုံခန့်အကွာတွင် ရွှေဆံတော်ဘုရားကို ဖူးတွေ့နိုင်ပါသည်။မဟာပိန္နဲဘုရားဟုလည်း ရှေးကခေါ်ဆိုခဲ့ပါသည်။ မူလက စေတီပစ္စယာအဆင့်ဆင့်တွင် မဟာပိန္နာနတ်ရုပ်များနှင့် အခြားသောနတ်ရုပ်ပုံများကို ကျောက်ဖြင့် ထုလုပ်ထားရှိခဲ့သည်ဟု သိရပါသည်။ ယခုတိုင် နတ်ရုပ်အကျိုးအပဲ့များ ကြွင်းကျန်နေသည်ကို တွေ့နိုင်ပါသည်။
အနော်ရထာမင်းကြီးသည် စေတီတော်တည်စဉ်က ဂေါတမဗုဒ္ဓ၏ ဆံတော်မြတ်ကို ဌာပနာခဲ့ကြောင်း အဆိုရှိရာ စေတီတော်၏ ဘွဲ့မည်ကိုလဲ ရွှေဆံတော်စေတီဟု ခေါ်ဝေါ်သမုတ်လာခဲ့ကြသည်ဟု ဆိုပါသည်။ စေတီတော်၏ ပစ္စယံအဆင့်ဆင့် ပတ်လည်တွင် မူလစဥ့်ရုပ်ချပ် ၅၅၀ နိပါတ်တော်များ ရှိခဲ့သည်ဟု သိရပါသည်။ စေတီတော်၏ ထူခြားမှု့မှာ မြင့်မားမတ်စောက်သောပစ္စာယာ ၅ဆင့်ရှိပြီး သွယ်လျပြေပြစ်သည့် ခေါင်းလောင်းသပိတ်မှောက်နှင့် ဖောင်းရစ်အဆင့်ဆင့်တက်ပြီး ကြာမှောက်ကြာလန်ပေါ်မှ အထွက်ပေါက်၍ ထီးတော်တင် ထုံးသုတ်ထားခြင်းဖြစ်ရာ အဝေးမှကြည့်လျှင် မြေမှထိုးထွက်နေဘိသကဲ့သို့ ပေါ်လွင်ထင်ရှား လှပါသည်။

စေတီတော်၏ လေးမျက်နှာတည့်တည့် ပေ၅၀ခန့်အကွာတွင် ရွှေစည်းခုံ ကြေးဂူတိုက်ကဲ့သို့ ဘုရားလေးဆူ တည်ဆောက်ထားပါသည်။ မူလက ရုပ်ပွားဆင်းတုတော်ကြီးများရှိပြီး ယခုပြိုပျက်နေပါသည်။ မြောက်ဂူအတွင်း၌ ပလ္လင်တစ်ခုတည်းပေါ်တွင် အရပ်လေးမျက်နှာကို မျက်နှာလေးမျက်မှာကို မျက်နှာမူထားးသည့် ကျိုက်ပွန် ဘုရားလေးဆူ၊ ဆင်းတုရုပ်ပွားတော်လေးဆူ ဆန်းကြယ်စွာ ထုလုပ်ထားပါသည်။ ပျက်စီးနေသည့် အောက်ခံအုတ်ရိုးများသာ ကျန်ရှိသည်ကို တွေ့နိုင်ပါသည်။
အရှေ့ဘက် အုတ်တိုက်ငယ်အတွင်း၌ အနော်ရထာ လက်ထက် ခြာနမုဒြာ ကျောက်ဆင်းတုတော်ကြီးတစ်ဆူနှင့် ၁၃ရာစု ကျောက်ဆင်းတု ရုပ်ပွားတော်တို့ကို ဖူးတွေ့နိုင်ပါသည်။
ယဉ်ကျေးမှု့အမွေပုဂံမြေမှ စေတီပုထိုးများ စာအုပ်မှကူးယူဖော်ပြပါသည်။

No comments: