Monday, November 16, 2015

မေမြို့ (သို့) ပြင်ဦးလွင်




ရှေးအခါက ပြင်ဦးလွင်ဟူ၍ တွင်လျက် ယခုမေမြို့ဟုခေါ်ကာ ကဗျာဆန်၍နုယဉ်သော အမည်ဆောင်သည့် မြို့သည် ရာသီဥတုအေးချမ်းသာယာ၍ အထူးသဖြင့် နွေရာသီတွင် လူအများအပူရှိန်မှ လွတ်ကင်းရာ လွတ်ကင်းကြောင်း အနားယူအပန်းဖြေရာမြို့အဖြစ် နာမည်ထင်ရှားပေသည်။ ရှေးဗြိတိသျှ အစိုးရလက်ထက်က နွေရာသီတွင် ဘုရင်ခံနှင့် အစိုးရအရာရှိကြီးများသည် မေမြို့သို့တက်ကြသည်။ မေမြို့သည် ဗြိတိသျှတို့လက်ထက်က ပြုပြင်ထားသော တောင်စခန်းမြို့တစ်ခုဖြစ်သည်။
မေမြို့သည် မန္တလေးခရိုင်တွင်ပါဝင်သော မေမြို့နယ်၏ ရုံးစိုက်ရာမြို့ဖြစ်သည်။ မန္တလေးမြို့ အရှေ့ဘက်ရှိ အမြင့်ပေ ၃၅၀၀ ခန့်ရှိသော ကုန်းပြင်မြင့်တောင်ကလပ်တွင် တည်ရှိသည်။ မေမြို့ကိုတောင်နိမ့်များ ၀န်းပတ်လျက်ရှိသည်။ ဘင်္ဂလားပင်လယ်အော်နှင့် မိုင် ၃၀၀ကျော်၊ မုတ္တမကွေ့နှင့် မိုင်၄၀၀ကျော် ကွာလှမ်းသည်။ မန္တလေးမြို့နှင့် မော်တော်ကားလမ်းအားဖြင့် ၄၃မိုင်အကွာ မန္တလေး-လားရှိုး မော်တော်ကားလမ်းပေါ်တွင် တည်ရှိသည်။ အကျယ်အ၀န်းအားဖြင့် ၁၇ စတုရန်းမိုင်မျှရှိသည်။
မေမြို့တွင် နယ်ပိုင်၊ မြို့ပိုင်၊ ငွေတိုက်၊ ရာဇ၀တ်တရားသူကြီး၊ သစ်တော၊ လမ်း၊ မြေတိုင်း၊ ရဲ၊ ကြေးနန်းနှင့် စာတိုက်စသောဌာနများ ရုံးစိုက်သည်။ ထို့ပြင် ဗိုလ်သင်တန်းနှင့် စစ်တက္ကသိုလ်တို့ကြောင့်လည်း မေမြို့သည် ယခုအခါတွင် ထင်ရှားသည်။ မေမြို့တွင် ရှေးယခင်ဗြိတိသျှလက်ထက်ကစ၍ ယခုတိုင် ဗရင်ဂျီသာသနာပြု ကျောင်းများရှိသည်။ ဆေးရုံ၊ ဈေးရုံ၊ တိုက်တာအဆောက်အအုံများအပြင် ဘီ၊ တီဘရားသားရေကူးကန်၊ ဧက၃၅၀ ကျယ်ဝန်းသော အစိုးရဥယျာဉ်၊ ရက်ကန်းရုံနှင့် နို့ဆီချက်စက်ရုံများလည်းရှိသည်။

မေမြို့သည် သွားလမ်းလာလမ်းအားဖြင့် လေကြောင်းလမ်း၊ ကားလမ်း၊ ရထားလမ်းများရှိသည်။ ရန်ကုန်မှ မေမြို့သို့ လေယာဉ်ဖြင့် သွားနိုင်သည်။ မန္တလေး-လားရှိုး မီးရထားလမ်းပေါ်တွင် တည်ရှိသဖြင့် မန္တလေးမှ မီးရထားဖြင့် သွားနိုင်သည်။ မန္တလေးမှ မေမြို့သို့ ကားဖြင့်သွားသော် ၂နာရီမျှကြာ၍ လမ်းတွင် သုံးထပ်ကွေ့ လမ်းများကို တွေ့ရသည်။ မီးရထားဖြင့်သွားလျှင် ပို၍ကြာသည်ဟု ထင်ရသည်။ အဘယ်ကြောင့်ဆိုသော် မီးရထားမှာ အရှိန်ပြင်းပြင်းမခုတ်ဘဲ မှန်မှန်တောင်တက်တောင်ဆင်းလုပ်ရ၍ဖြစ်သည်။ မေမြို့သည် မန္တလေး၊ ရှမ်းပြည်နယ်နှင့် ရှေးအခါက တရုတ်ပြည်အနောက်ဖက်မှ ကုန်သည်များစုဝေးရာဌာနဖြစ်သည်။ မေမြို့တွင် ၅ရက် တစ်ဈေးရှိသည်။
တစ်နှစ်ပတ်လုံးပင် မေမြို့သည် မန္တလေးထက် ဒီဂရီ ၂၀ ပိုအေးသည်။ ရာသီဥတုအေးမြသောကြောင့် မြေနိမ့်ပိုင်းတွင် နေထိုင်သူတို့ မနှစ်သက်ကြသော်လည်း ဗြိတိသျှနှင့် ဥရောပတိုက်သားတို့ နှစ်သက်ကြသဖြင့် သာယာအောင် ပြုပြင်ခဲ့သည်။ အအေးမှ လုံခြုံအောင်ပြုလုပ်နိုင်လျှင် ကျန်းမာရေးနှင့် ညီညွတ်သော မြို့ဖြစ်သည်။
ဤသို့ရာသီဥတုအေးမြသောကြောင့် မေမြို့နှင့်အနီးပတ်ဝန်းကျင်မှာ ရှု့ခင်းသာယာလှပေသည်။ ဟင်းသီးဟင်းရွက် သစ်သီးသစ်နှံ ပန်းမာန်များကောင်းစွာ ဖြစ်ထွန်းသည်။ တောင်စောင်း တောင်ခါးပန်းများတွင် ကော်ဖီ၊ စတော်ဘယ်ရီ၊ နာနတ် စသောစိုက်ခင်းများ ကိုမြင်နိုင်ပေသည်။ ထို့အပြင် ဂေါ်ဖီထုပ်၊ ဂေါ်ဖီပန်း၊ ခရမ်းချဉ် စသည့်အပင်များနှင့် အင်္ဂလိပ်တို့ စတင်စိုက်ပျိုးသော ယူကလစ်ပင်၊ ထင်းရှုးပင်၊ ၀က်သစ်ချပင် စသည်တို့ကိုလည်း မေမြို့တွင် တွေ့မြင်နိုင်ပေသည်။ အထူးသဖြင့် အမျိုးသမီးတိုင်း ကြီးငယ်မဟူ နှစ်သက်သည့် မေမြို့ဒေလီယာ၊ ဂန္ဓမာ စသည့် ပန်းရောင်စုံများကား မေမြို့ကို အထူးတန်ဆာဆင်ပေသည်။
မြို့တွင်းရှိ လှပတင့်တယ်သော ရှု့ခင်းများသာမက မေမြို့၏အနီးပတ်ဝန်းကျင်မှာလည်း အပန်းဖြေ လည်ပတ်ရန် နေရာများရှိလေသည်။ မေမြို့အလွန် ၇မိုင်ခန့်အကွာတွင် ၀က်ဝံရေတံခွန်ရှိသည်။ ၃၅ မိုင်အကွာ မေမြို့-လားရှိုး ကားလမ်းပေါ်တွင် ဂုတ်ထိပ်တံတားရှိပေသည်။
မေမြို့သည် ရှေးမြန်မာမင်းများ လက်ထက်က ပြင်ဦးလွင်ဟု ခေါ်တွင်သည်။ ခရစ်သက္ကရာဇ် ၁၈၈၆ခုနှစ်တွင် ဘင်္ဂလားခြေလျင်တပ်မှ ဗိုလ်မှူးကြီးမေ ကိုအစွဲပြု၍ မေမြို့ဟုတွင်လာလေသည်။ ရှေးအခါက မေမြို့မှာ ဓနုလူမျိုးများ နေထိုင်ရာအရပ်ဖြစ်သည်။ ယခုမူကား အင်္ဂလိပ်၊ တရုတ်၊ အိန္ဒိယနှင့် ရှမ်းမြန်မာ အမျိုးသားပေါင်းစုံ နေထိုင်ရာအရပ်ဖြစ်သည်။

No comments: