Sunday, November 15, 2015

မဟာယနနဲ့ ထေရ၀ါဒ ဗုဒ္ဓဘာသာအကြောင်း


ကွဲနေတာတော့ သိပေမယ့် ဘယ်လောက်ထိ နက်နဲနေတယ် ဆိုတာကို တိတိပပနားလည်ဖို့ ခက်နေပါတယ်။ တတိယ သံဃာယနာ တင်တဲ့ခေတ်မှာ အိန္ဒိယမှာ သာသနာဂိုဏ်းကွဲပေါင်း ၁၈ ခုအထိရှိနေတယ် မှတ်သားရဖူးပါတယ်။ နောက်ပိုင်းခေတ်မှာ သိသာကွဲပြားစွာ ကျန်ရှိနေတာက ထေရ၀ါဒနှင့် မဟာယန ဗုဒ္ဓဘာသာဂိုဏ်းကွဲများ ဖြစ်ပါတယ်။ ထေရ၀ါဒကို ထေရ်စဉ်ကြီးငယ်များက မြတ်စွာဘုရားရှင်ဟောကြားတော်မူသည့်အတိုင်း ပြင်ဆင်ဖြည့်စွက် နုတ်ပယ်ခြင်းမရှိပဲ ပထမသံဃာယနာမှစပြီး အစဉ်အဆက် လက်ဆင့်ကမ်းထိန်းသိမ်းခဲ့ ကြတဲ့ သန့်ရှင်းသော ဗုဒ္ဓအယူဝါဒ ဖြစ်ပါတယ်။ မဟာယနကတော့ ဗောဓိသတ္တဘုရားလောင်း ၀ါဒကို ဦးစားပေးသလို တရားတော်တွေကို ပြင်ဆင်ဖြည့်စွက်မှု အသစ်ရေးသားမှုတွေကြောင့် နေရာဒေသအလိုက်၊ ဂိုဏ်းဂဏ အလိုက် အမျိုးမျိုးကွဲပြားနေပါတယ်။ မီဒီယာအပေါ် လွှမ်းမိုးနိုင်စွမ်းကလည်း ပိုများပါတယ်။

ဒါကြောင့်မို့ အနောက်တိုင်းသား ဗုဒ္ဓဘာသာ စိတ်ဝင်စားသူများ လေ့လာကြုံကြိုက်မိကြတာက မဟာယန ဗုဒ္ဓဘာသာ ဖြစ်နေတတ်သလို မြန်မာပြည်က မိရိုးဖလာ ဗုဒ္ဓဘာသာဝင်များကို မျက်စိလည် လမ်းမှားစေတာကလည်း မဟာယန ဘာသာနွယ်တဲ့ အယူအဆတွေဖြစ်နေပါတယ်။ အယူအဆရေးရာ ပိုမိုပွင့်လင်းလာတဲ့အခြေနေကိုရောက်တော့မှာမို့ ထေရ၀ါဒ ဗုဒ္ဓဘာသာရေး ကိုယ်ခံကောင်းဖို့တော့ လိုအပ်နေတယ်လို့ မြင်မိပါတယ်။ ဟိန္ဒူနဲ့ မဟာယန အယူပေါင်းရေးထားတဲ့ `ဥုံ မဏိ ပဒ္မေဟုံ ´ လိုဖက်စပ် ဂါထာကိုတောင် မြန်မာဘာသာရေး နယ်ပယ်ထဲ အမြစ်တွယ်နေတာကို အရှင်းမနှုတ်နိုင်သေးပါဘူး။ (ဂါထာ အဓိပ္ပါယ်ကို မှတ်ချက်မှာ ရှင်းပေးထားပါတယ်။) ဒါကြောင့်လည်း ဘာသာအယူအဆ ပူးသတ်ခံရတာဟာ တွန်းလှန်ရအခက်ဆုံးလို့ ပညာရှင်များက ပြောကြတာပါ။
ဘာသာရေးကိုယ်ခံကောင်းဖို့ အထောက်အကူဖြစ်စေနိုင်တဲ့ ကျွန်တော့်သူငယ်ချင်းရဲ့ ထုတ်နှုတ် တင်ပြချက်နဲ့ ဆရာတော် ၀မ်ပိုလာရာဟုလာ ရဲ့ ထေရ၀ါဒ-မဟာယန ကွဲပြားမှုအကြောင်း သုံးသပ်ချက်ကို ဖော်ပြလိုက်ပါတယ်။
မြတ်စွာဘုရားရှင်ဟာ သူ့ရဲ့ နောက်ဆုံးအချိန်မှာ ညီတော်အာနန္ဒာကို တစ်ခုမှာတယ်။`ညီတော် အာနန္ဒာ၊ ငါဘုရား လွန်သောအခါ သံဃာတော်တို့သည် ပညတ်ထားတဲ့ သိက္ခာပုဒ်တွေထဲမှာ အငယ်စား အသေးအနုပ် (ခုဒ္ဒါနုခုဒ္ဒက) သိက္ခာပုဒ်တွေကို နုတ်ပယ်လိုက နုတ်ပယ်လော့´ ။ ဒီလိုမှာခဲ့တယ်။ ဒါပေမယ့် သောကတွေနဲ့ ပူဆွေးနေတဲ့ အာနန္ဒာက အငယ်စား အသေးအနုပ် (ခုဒ္ဒါနုခုဒ္ဒက) သိက္ခာပုဒ်တွေဟာ ဘာတွေလဲ ဘုရား ဆိုတာ မေးလျှောက်ဖို့ မေ့နေခဲ့တယ်။ သူကလဲ အဲဒီတုန်းက သောတာပန်ပဲ ရှိသေးတာကိုး။
ဒီတော့ ပထမ သံဃာယနာမှာ ဘာတွေကို ပယ်မလဲ ဆိုတာ ဆွေးနွေးကြတော့ အရှင်မဟာကဿဖ က - `ဗုဒ္ဓကိုယ်တော်ရှင်မြတ် ပြုထားတဲ့ အရာတွေကို ဗုဒ္ဓရှင်တော်သာ ပယ်ဖျက်သင့်တယ်။ တကယ်လို့ တို့က ပယ်ဖျက်တယ်ဆိုပါတော့ ၊ ပုထုဇဉ် ရဟန်း၊ရှင်လူတွေက ကြည့်စမ်း - ဗုဒ္ဓပရိနိဗ္ဗာန်ပြုလို့ တေဇောဓာတ်တောင် မငြိမ်းချင်သေးဘူး၊ သူ့တပည့် ဆိုတဲ့ သံဃာတွေက သူ့စကားတွေကို ပယ်ကုန်ကြပြီလို့ ဆိုကြလိမ့်မယ်။ ဒီလို အကြည်ညိုပျက်ရင်( ရဟန္တာတွေကို စော်ကားပြောဆိုမိရင်) သူတို့ အပြစ်ဖြစ်ကုန်လိမ့်မယ် ။ဒီတော့ ဗုဒ္ဓမိန့်ကြားချမှတ်ခဲ့တဲ့ ၀ိနည်းတွေကို နဲနဲမှ မပြင်ကြပါနဲ့´ လို့ မိန့်ကြားခဲ့တယ်။ (ဒီမိန့်ကြားချက်အတိုင်း မြန်မာနိုင်ငံအပါအ၀င် ထေရ၀ါဒ နိုင်ငံများက သံဃာတော်များ အစဉ်အဆက်လိုက်နာ ကျင့်သုံးခဲ့ကြတာ ယနေ့အထိပါပဲ။)
ဒုတိယအကြိမ် သံဃာယနာတင်ရာမှာ စင်ပြိုင်သံဃာယနာတင်ခဲ့တဲ့ မဟာသံဃိကဂိုဏ်းကနေ စပြီးတော့ နောက်ပိုင်းမှာ ပေါ်ပေါက်လာတဲ့ မဟာယနဂိုဏ်းခွဲတွေကတော့ မြတ်စွာဘုရားရှင်ရဲ့ နောက်ဆုံးမိန့်မှာချက်ကို ကိုင်စွဲပြီး ကြိုက်သလို ပြင်ဆင်လာခဲ့လို့ ကွဲပြားမှုတွေ ဖြစ်နေရပါတယ်။ ဟိနာယနလို့ ရည်ညွှန်းခံရတဲ့ အိန္ဒိယမှ ဗုဒ္ဓဘာသာဂိုဏ်းကွဲတွေဟာလည်း ကွယ်ခဲ့ပြီဖြစ်လို့ ဟိနာယနဆိုတဲ့စကားလုံးကို မြန်မာ၊သီရိလင်္ကာ၊ ထိုင်း၊လာအို၊ ကမ္ဗောဒီးယားနိုင်ငံများက ထေရ၀ါဒကို ရည်ညွှန်းရာမှာမသုံးနှုန်းတော့ဖို့ ၁၉၅၀ မှာကျင်းပတဲ့ ကမ္ဘာဗုဒ္ဓဘာသာဝင်ညီလာခံက တောင်းဆိုခဲ့ပါတယ်။ ဒီတော့ အဓိကနှိုင်းယှဉ်ဖို့ ထေရ၀ါဒနဲ့ မဟာယနပဲ ကျန်ပါတော့တယ်။
ထေရ၀ါဒနဲ့ မဟာယာန ဘာကွာလဲ ကြည့်ရအောင် ။ Ven. Dr. W. Rahula ရဲ့ Theravada-Mahayana Buddhism စာအုပ်ကို ပြန်ုပြီး ကိုးကားပါမယ်။
(၁) နှစ်ဖက်လုံးက သကျမုနိ ဗုဒ္ဓ မြတ်စွာကို ဆရာ အဖြစ်လက်ခံကြတယ်။
(၂) သစ္စာ လေးပါး တရားတော်ကို နှစ်ထက်လုံးက အပြည့်အ၀ လက်ခံကြတယ်။
(၃) မဂ္ဂင်ရှစ်ပါး လမ်းစဉ်ဟာလဲ နှစ်တက်လုံးရဲ့ တရားပါပဲ။
(၄) ပဋိစ္စသမုပ္ပါဒ် ဒေသနာတော်ဟာလဲ နှစ်ဖက်လုံးမှာ အတူတူပါပဲ။
(၅) ဖန်ဆင်းရှင်ကို နှစ်ဖက်လုံးမှာ လက်မခံပါဘူး။
(၆) အနိစ္စ ၊ဒုက္ခ၊အနတ္တ နဲပ သီလ၊သမာဓိ ၊ပညာတွေကို နှစ်ဖက်လုံးက လက်ခံကြတဲ့ အတွက် ဗုဒ္ဓရှင်တော်ရဲ့အဓိက တရားအနှစ်တွေမှာ မကွဲပြားဘူးလို့ ဆိုရပါမယ်။
အဓိက ကွဲပြားချက်က တရားတော်တွေ ပေါ်မှာ မဟုတ်ဘဲနဲ့ ဗောဓိသတ္တ လို့ ခေါ်တဲ့ ဘုရားလောင်း ၊ ဘုရားကျင့်စဉ် ကျင့်သူအပေါ်မှာ ထားတဲ့ သဘောထား ဖြစ်နေတယ်။ထေရ၀ါဒ က ဘုရားလောင်း ကို ပုထုဇဉ်ပဲရှိသေးလို့ မကိုးကွယ်ဘူး။ ဒီတော့ တချို့က ဆိုပြန်တယ်။ ထေရ၀ါဒဆိုတာ ရဟန္တာ ဖြစ်ဖို့ ကျင့်တဲ့ ၀ါဒဖြစ်ပြီး ၊ မဟာယာနကတော့ ဗုဒ္ဓဖြစ်မယ့် ဘုရားလောင်း ဗောဓိသတ္တကျင့်စဉ်ကို လက်ခံတဲ့ ၀ါဒလို့ ဆိုကြပြန်တယ်။ ထေရ၀ါဒမှာ ဗောဓိသတ္တဟာ လွတ်မြောက်ရာ လမ်းကို သစ္စာတရားကို မသိသေးတဲ့ ပုထုဇဉ်မို့ မကိုးကွယ်သေးပေမယ့် ၊ မဟာယာန မှာတော့ ကိုးကွယ်စရာ ဗောဓိသတ္တတွေ များပါတယ်။ ဘုရားလောင်း ၊ ဘုရားရဲ့ မိခင်၊ ဖခင် အစုံပါပဲ ။
ဖားအောက်ဆရာတော်ဘုရား ဟောကြားတဲ့ ဓမ္မစကြာနှင့် ၀ိပဿနာ တရားတော်မှာလည်း ဒီအကြောင်းတွေပါ ပါတယ်။ မဟာယာန မှာ က အရဟတ္တဖိုလ်ရပြီးသာ ရဟန္တာပုဂ္ဂိုလ်ဟာ ဒီ အရဟတ္တဖိုလ်ကနေ နိဗ္ဗာန်ကို မျက်မှောက်ပြုလို့ မရသေးဘူး။ အရဟတ္တဖိုလ်ကနေ အနာဂမ် ၊ သကဒါဂမ် ၊ သောတာပန် အထိ ပြန် လျှောကျသွားတယ်။ ပုထုဇဉ်ပြန်ဖြစ်သွားရမယ် ။ ပြီးမှ ဘုရားဆုပန်ပြီး ဘုရားဖြစ်ဖို့ ပြန်ကြိုးစားကြရမယ်။ဒီနေရာမှာ ဆရာတော်ကြီးက (၂)ချက်ထုတ်ပြတယ် ။
(၁) ဓမ္မစကြာတရားတော်မှာ ပါတယ် ။
အကုပ္ပါမေ ၀ိမုတ္တိ (စေတောဝိမုတ္တိ -မူကွဲ ရှိတယ် ) = အရဟတ္တဖိုလ် ဥာဏ်တော်သည် မပျက်မစီးနိုင် ခံ့ခိုင်တည်တံ့လေပြီ ။
(၂) အယမန္တိမာ ဇာတိ ၊ နတ္ထိ ဒါနိ ပုန ဗ္ဘဝေါတိ = ဒီဘ၀သည် နောက်ဆုံးတည်း ၊ ဘ၀အသစ်ဖြစ်ရန် မရှိတော့ပြီ တဲ့ ။
ဒီ အချက်မှာတင် ဘယ်ဝါဒ ဟာပိုပြီး ဘုရားဟောနဲ့ ညီ မယ်ဆိုတာ သိသာနေပါတယ်။ ကွဲပြားမှုကတော့ ဒါပါပဲ။

No comments: