Thursday, November 19, 2015

မျှော်လင့်ခြင်း ခရစ်စမတ်





ခရစ်စမတ် ဆိုသည်မှာအဘယ်နည်း။ ခရစ်စမတ်ပွဲတော်ကို အဘယ်ကြောင့်နှစ်စဉ် ကျင်းပနေကြ သနည်း။ တချို့ က ခရစ်စမတ်ဆိုသည် ခရစ်ယာန်ဘာသာဝင်တို့၏ အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲတစ်ခုဟု အထင်ရောက်ကြသည်။ တချို့ကလည်း ခရစ်စမတ်ကို ပြက္ခဒိန်တွင် အနီရောင်ရက်စွဲဖြင့်ဖော်ပြထားသည့် ကမ္ဘာလုံးဆိုင်ရာ ရုံးပိတ်ရက်၊ အားလပ်ရက်ဟု ယူဆကြသည်။ မည်သို့ဆိုစေ ယခုအခါ နိုင်ငံမရွေး၊ ဘာသာမရွေး၊ လူမျိုးမရွေး၊ အဆင့်အတန်းမရွေး၊ လူကြီးလူငယ်မရွေး လူသားအားလုံး ဆင်ယင်နွှဲပျော်ကြသည့် ခရစ်စမတ်နေ့ အကြောင်းကို လူတိုင်း သိရှိနားလည်ရန်လိုအပ်သည်ဟု ယူဆလျက် ဤဆောင်းပါးကို ရေးခြင်းဖြစ်သည်။


ကျွန်ုပ်တို့လူသားများသည် အကြိမ်ဘယ်လောက်မြောက် ဆိုကာ မွေးနေ့များ ကျင်းပလေ့ရှိ၏။ ခရစ်စမတ်သည် ထိုမွေးနေ့များ ကျင်းပပုံနှင့်မတူပါ။ တစ်နှစ်ထက်တစ်နှစ်တိုးသွားသော ငွေရတု၊ စိန်ရတု၊ နှစ်ပတ်လည် အထိမ်းအမှတ်နေ့များ ကျင်းပပုံနှင့်လည်း မတူပါ။ သခင်ယေရှု၏ ဘယ်နှကြိမ်မြောက်မွေးနေ့ဟု မရှိပါ။ ဖွားမြင်ခဲ့သည့် အချိန်ကာလလေးကို ပြန်လည်အောက်မေ့ရန်အလို့ငှာ ခရစ်စမတ်နေ့ ဟု နှစ်စဉ် ကျင်းပခြင်း ဖြစ်၏။ မနှစ်က ခရစ်စမတ်တွင် အမေရိကန်သမ္မတအိုဘားမားသည် အိမ်ဖြူတော် တောင်ဘက်ဥယျာဉ်မှာ နိုင်ငံတော် ခရစ်စမတ်နေ့အဖြစ် ခမ်းနားစွာကျင်းပခဲ့ရာ စန်တာကလော့စ်က နိုင်ငံတော်တီးဝိုင်းဖြင့် သီချင်းများ သီဆိုဖျော်ဖြေခဲ့ပြီး  သမ္မတ ကတော် မီရှယ်က ကလေးများအား အသံနိမ့်မြင့်တက်ကျ စုံလင်စွာဖြင့် ပုံပြင် ဖတ်ပြ၊ ပြောပြခဲ့သည်ကို စိတ်ဝင်စားဖွယ်တွေ့ရသည်။

ခရစ်စမတ်နေ့(Christmas Day)
Christmas ဟူသောစကားလုံးသည် Christes Moesse ဟူသော စကားလုံးမှ ဆင်းသက်လာပြီး အေဒီ ၁၀၀၀ နောက်ပိုင်းတွင် စတင်အသုံးပြုခြင်းဖြစ်သည်။ အဓိပ္ပာယ်မှာ “ခရစ်တော်၏လူစု” ဖြစ်၏။ခရစ်စမတ်ဟူသည် “ခရစ်တော်၏မွေးဖွားခြင်း” ဟု အဓိပ္ပာယ်ရ သည်။ အေဒီ ၄၀၀ မတိုင်မီကတော့ ခရစ်စမတ်နေ့ကို အတိအကျ သတ်မှတ်ခြင်းမရှိခဲ့ပေ။ ဇန်န၀ါရီ ၆ ရက်၊ မတ် ၂၅ ရက်၊ ဒီဇင်ဘာ ၂၅ ရက်  စသဖြင့် အသီးသီးကျင်းပခဲ့သည်။ အေဒီ ၁၈၀ ၌ ဟစ်ပိုလီတပ် က ဒီဇင်ဘာ ၂၅၊ ဗုဒ္ဓဟူးနေ့ဟု ဖော်ပြခဲ့ပြီး ကွန်စတင်တိုင်း  ဧကရာဇ်ဘုရင်ကြီးစိုးသောကာလ အေဒီ ၃၂၀ တွင် ရောမမြို့ရှိအသင်းတော်များ၌  ဒီဇင်ဘာ ၂၅ ကို သတ်မှတ်ခဲ့သည်။ အေဒီ ၃၅၄ တွင် ဖီလိုကယ်လပ်၏ ပြက္ခဒိန်၌ ဒီဇင်ဘာ ၂၅၊ သောကြာနေ့ဟု ဖော်ပြခဲ့သည်။  ဆီးရီးယားနှင့် အာမေးနီးယား နိုင်ငံတို့မှလွဲ၍ နိုင်ငံအသီးသီးတွင် ဒီဇင်ဘာ ၂၅ ဟု သတ်မှတ်ခဲ့ကြပြီး ယခုအခါ အနောက်နိုင်ငံတချို့တွင် ဇန်န၀ါရီ ၆ ရက်နေ့ကို ခရစ်စမတ်နေ့အဖြစ် ယနေ့တိုင် ကျင်းပဆဲဟု သိရသည်။ ခရစ်ယာန်ဘာသာဝင်များက ခရစ်စမတ်ကို Christmas ဟုရေးခြင်းကိုသာ လက်ခံကြပြီး X’mas ဟု အလွယ် ရေးခြင်းကို နှစ်သက်လက်ခံခြင်းမရှိပါ။

ခရစ်စမတ်သစ်ပင်(Christmas Tree)
အချို့က ရှေးရောမအင်ပါယာရှိ Saturanalia လူမျိုးများ၏ ရိုးရာနတ်ပွဲမှာ အသုံးပြုခဲ့သည့် အမြဲစိမ်း သစ်ပင်မှ စတင်သည် ဟုဆိုပြီး အချို့က မြောက်ပိုင်းဥရောပရှိ သစ်ပင်ကိုးကွယ်သည့် Druid လူမျိုးများက အစပြုခဲ့သည်ဟု ဆိုသည်။ ပထမဆုံး ခရစ်စမတ်သစ်ပင်ကို ၁၆၀၄ ခုနှစ်တွင် ဂျာမန်လူမျိုးများ က စတင် အသုံး ပြုခဲ့ကြောင်း သိရှိရပြီး ပြဇာတ်ပြရန် ပြင်ဆင်သည့်အခါ အသုံးပြုလေ့ရှိသည်ကိုတွေ့ရသည်။ ပရဒိသုဘုံ သစ်ပင်ဟုခေါ်ဆိုကာ ယင်းသည် ဧဒင်ဥယျာဉ်ကို ပြသခြင်းဖြစ်သည်ဟုဆိုသည်။ ပြဇာတ်ကပြပြီး သည့်အခါ အိမ်တွင်အလှပြင်ဆင်ရာ၌ အသုံးပြုလေ့ရှိသည်။

ယခုခေတ်သစ်ကမ္ဘာတွင် ခရစ်စမတ်သစ်ပင်များကို ခရစ်ယာန်ဘာသာဝင်များသာမက ခရစ်ယာန် ဘာသာဝင်မဟုတ်သူများ ကပင် ဒီဇင်ဘာရောက်သည်နှင့် ငွေကုန်ကြေးကျခံကာ လှပခမ်းနားစွာ ဆင်ယင်လာကြသည်။ စူပါမားကက်ကြီးများတွင် စားပွဲတင် ခရစ်စမတ်သစ်ပင်ကစ၍ လူတစ်ရပ်စာမက ကြီးထွားမြင့်မားလှသည့် ခရစ်စမတ်သစ်ပင်ကြီးများ အပြိုင်အဆိုင် ခင်းကျင်းရောင်းချကြ သည်။ စားသောက်ဆိုင်ကြီးများတွင်လည်း ခရစ်စမတ်ကာလ၏အငွေ့အသက်ကို ဖော်ပြသောအားဖြင့် ဆိုင်တွင်းဆိုင်ပြင် ခရစ်စမတ် သစ်ပင်များ လှပစွာဆင်ယင်လျက် စားသုံးသူများကို ဆွဲဆောင်ကြသည်။ မည်သို့ဖြစ်စေ ခရစ်စမတ်သစ်ပင်သည် တြိဂံအသွင် အခြေကြီးမားလျက် အပေါ်သို့ကျဉ်းမြောင်းသွားကာ အဖျားချွန်းလျက် ထိပ်ဆုံးတွင် ကြယ်တစ်စင်းပုံရှိရပါမည်။ ထိုကြယ်သည် ဗက်လင်ကြယ်ကို ဖော်ဆောင်ခြင်း ဖြစ်ကာ ခရစ်တော်မွေးဖွားရာဗက်လင်မြို့ကို ညွှ့န်ပြသော နိမိတ် လက္ခဏာလည်းဖြစ်၍ လွန်စွာ အရေးကြီးလှ၏။ ခရစ်စမတ်သစ်ပင် ပတ်လည်တွင် လက်ဆောင်ထုပ်များ စုပုံချိတ်ဆွဲနိုင်သော်လည်း အဓိပ္ပာယ်မဲ့ မဖြစ်စေရပါ။ ခေတ်မီစွာ မည်မျှပင် တီထွင်ဆန်းသစ်လျက် ပြိုးပြိုးပြက်ပြက်ချိတ်ဆွဲစေကာမူ ထိပ်ဦးအဖျားတွင် ကြယ် တစ်စင်းမရှိလျှင် ထိုခရစ်စမတ် သစ်ပင်သည် အတုအယောင် ခရစ်စမတ်သစ်ပင်သာ ဖြစ်ပေမည်။
ခရစ်စမတ်ကတ် ( Christmas Card)
၁၈၄၂ ခုနှစ်က ပန်းချီဆရာကြီး Egley သည် ခရစ်တော်မွေးဖွားခြင်းသတင်းကောင်းကို ဝေငှသည့် အနေဖြင့် ကတ်ပြား များပေါ်တွင် မွေးဖွားခြင်းဆိုင်ရာ  ရုပ်ပုံများရေးဆွဲကာ သူ၏မိတ်ဆွေ အယောက် ၁၀၀ ထံ ပေးပို့ရာက ခရစ်စမတ်ကတ် စတင် ပေါ်ပေါက်လာခဲ့သည်။ ၁၈၄၉ ခုနှစ်တွင် Sir Henry Cole ဆိုသူက ပန်းချီပညာရှင်တစ်ဦးဖြစ်သူ John C. Horsely ကို အခကြေး ငွေပေး၍ ရေးဆွဲစေကာ ခရစ်စမတ်ကတ်ဟု အမည်ပေးခဲ့သည်။ ၄င်းကတ်များကို ၁၈၇၅ ခုနှစ် အမေရိကန်နိုင်ငံတွင် စတင်သုံး စွဲခဲ့ကြသည်။ ၁၈၀၀ ပြည့်လွန်နှစ် အစောပိုင်းကာလများကမူ ယနေ့ခေတ်ကဲ့သို့  ခရစ်စမတ်ကတ်များအလွယ်တကူ ပေးပို့နိုင် ခြင်းမရှိ ခဲ့ပေ။ ယနေ့တွင် နှစ်စဉ် ဒီဇင်ဘာရောက်တိုင်း ခရစ်စမတ်ကတ်များတွင် ဆုတောင်းလွှာများ ရေးလျက် တစ်ဦးနှင့်တစ်ဦး အပြန် အလှန်ပေးပို့သည့်ဓလေ့ထွန်းကားကျယ်ပြန့်ခဲ့လေပြီ။ ချစ်ခင်သူများအား စာတိုက်မှ ပေးပို့ခြင်းရှိသလို အင်တာနက်သုံးစွဲသူများက အသင့်လုပ်ပြီးကတ်ပြားပုံစံအမျိုးမျိုး Down Load လုပ်ယူပြီး ဆုတောင်းစာသားများ ရိုက်နှိပ်ကာ အီးမေးလ်စံနစ်ဖြင့် မြန်ဆန်စွာပေးပို့ နိုင်ပါပြီ။ ဒါ့ထက် နည်းပညာ ပိုမို ကျွမ်းကျင်သူများကတော့ ဒီဇိုင်းဆော့ဖ်ဝဲလ်များ၊ အင်နီမေးရှင်းများအသုံးပြုကာ ကိုယ်တိုင် တီထွင် ဖန်တီးထားသည့် ၊ တစ်ကမ္ဘာလုံး မည်သူနှင့်မျှ မတူသည့် ကိုယ်ပိုင်ခရစ်စမတ်ကတ်ဆန်းဆန်းလေး များ ပြုလုပ်ကာ အင်တာနက်မှ တစ်ဆင့် အပြန်အလှန်ပေးပို့နိုင်ပြီဖြစ်သည်။

ခရစ်စမတ်ဖယောင်းတိုင်(Christmas Candle)
ဂျူးလူမျိုးများသည် ဘီစီ ၁၆၄၊ ဒီဇင်ဘာလ၌ ဗိမာန်တော်ကို သန့်ရှင်းစေသောပွဲ ပြုလုပ်သောအခါ ပန်းခွေများပြုလုပ်ပြီး ဖယောင်းတိုင်များထွန်းညှိပူဇော်ကြသည်။ ၄င်းပုံစံကို ယူကာ ခရစ်စမတ်ချိန်ခါတွင် ဘုရားကျောင်းပရ၀ဏ်၌ ဖယောင်းတိုင်များ များပြားစွာ ပူဇော်ထွန်းညှိလာကြခြင်းဖြစ်သည်။ ယခုအခါ ဘုရားကျောင်း ဗိမာန်တော်အတွင်း တရားဟောစင်မြင့်ထက်တွင်သာ ဖယောင်တိုင်များ ပူဇော်သည်ကို တွေ့ရပြီး ခရစ်စမတ်ချိန်ခါ၌ ဘုရားကျောင်းပရ၀ဏ်တစ်ခုလုံး လျှပ်စစ်မီးကြိုးရောင်စုံများဖြင့် လက်ဝါးကားတိုင်ပုံ၊ ကြယ်ပုံ၊ စန်တာကလော့စ်ပုံ စသဖြင့် ပုံဖော်ကာ ဒီဇိုင်းပြုလုပ်ခြင်းများ ခေတ်စားလာပြီဖြစ်သည်။

ခရစ်စမတ်ကယ်ရို (Christmas Carol)
ကယ်ရို ဟူသောစကားသည် ပြင်သစ်စကား Carole မှ ဆင်းသက်လာပြီး “သီချင်းဆိုလျက် ၀ိုင်း၍ ကခုန်ကြခြင်း” ဟု အဓိပ္ပာယ်ရသည်။ ၄င်းကို အင်္ဂလိပ်စကားဖြင့် Carol ဟုခေါ်ဆိုရာ “တေးဂီတတူရိယာ သံစုံဖြင့် သီဆို ကခုန်ခြင်း”ဟု အဓိပ္ပာယ်ရသည်။ ဂရိစကားဖြင့် Carol သည် Chorus ဖြစ်ပြီး “၀မ်းမြောက်သောကြောင့်ထွက်ပေါ်လာသောသီချင်း၊ အော်၍သီဆိုရခြင်း”ဟု အဓိပ္ပာယ် ရသည်။ Christmas Carol ကို Assisi မြို့သား Francis ဆိုသူက  အေဒီ ၁၂၁၀ တွင် စတင်ခဲ့သည်ဟု သိရသည်။ ဒီဇင်ဘာ ရောက်သည် နှင့် ခရစ်စမတ်ကယ်ရို တစ်အိမ်တက်ဆင်း လှည့်လည်သီဆိုကြရာတွင် များသောအားဖြင့် အလွယ်တကူ ရှိသော guitarနှင့် tambourineကိုသာ တီးခတ်လေ့ရှိသော်လည်း ယခုအခါ mobile keyboardများ သယ်ဆောင်ကာ ဒရမ်စည်းချက်များဖြင့် အသံစုံထုတ် လျက် မြိုင်ဆိုင်စွာလှည့်လည်သီဆိုလာကြသည်။ သို့သော် ယခုအခါ မြန်မာပြည် ရန်ကုန်မြို့တွင် ခေတ်အခြေအနေကြောင့်လားမဆိုနိုင်၊ ယခင်ကကဲ့သို့ carol သီချင်းသံများ များများစားစား မြိုင်မြိုင်ဆိုင်ဆိုင် မကြားရတော့ပေ။ merry Christmas to you all နှင့် စတင်ကာ Goodbye နှုတ်ဆက်သီချင်း အပိတ်ဆိုသံသာ ကြားရတော့သည်။ တစ်အိမ်လျှင် သီချင်း နှစ်ပုဒ်မျှသာ ဆိုကြတော့သည်။  ဘုရားရှိခိုးကျောင်းများတွင် Christmas Cantata သီချင်းသီဆိုသည့်ဓလေ့တော့ လက်ကျန် ရှိသေးသည်။ Cantata မှာ သီချင်းပုဒ်ရေများစွာပါဝင်သည့် သီချင်းရှည်ကြီးကို ဇာတ်ကြောင်းပြောသူ Narrator ၏ဦးဆောင်မှုအောက်တွင် Choir အဖွဲ့က Soprano,Alto,Tenor, Bass အသံများမြိုင်ဆိုင်စွာဖြင့် ဆက်တိုက် သီဆိုရခြင်း ဖြစ်သည်။ ယခုနှစ်တွင် ဂျပ်ဆင်ဘုရားရှိခိုးကျောင်းမှာ The Night Christ was born သီချင်းရှည်ကြီးကို ဒီဇင်ဘာ ၁၆ရက်နေ့က မြိုင်ဆိုင်စွာ ဆိုခဲ့ပြီးဖြစ်သည်။
စန်တာကလော့စ် (Santa Claus)
စန်တာကလော့စ်တွင် နာမည်များစွာရှိသည်။ သူတော်စင်နိကောလပ်စ်၊ စိန့်နိကောလပ်စ်(St. Nickolas)မှ ဆင်းသက်လာ၍ Saint Nickolas မှတစ်ဆင့် Sinter Klaus ဖြစ်လာကာ နောက်ဆုံးတွင် Santa Clausဖြစ်လာသည်။ နယူးယောက်တွင် နှစ်ပေါင်း များစွာက အခြေချနေထိုင်ခဲ့သော ဒတ်ခ်ျလူမျိုးတို့က စတင်ခေါ်ဝေါ် ခြင်းဖြစ်သည်ဟုသိရသည်။ သူတော်စင်နိကောလပ်စ်သည် ကလေး သူငယ်များအား လက်ဆောင်ပစ္စည်းများ ဆောင်ကြဉ်းပေးလာသူဖြစ်သည်ဟု ဒတ်ခ်ျတို့က ယုံကြည်ကြကာ ဒီဇင်ဘာ ၆ရက်နေ့ တိုင်း ကရုဏာမေတ္တာတော်ရှင်ကို ဂုဏ်ပြုလျက် ပွဲတော်လုပ်ကြသည်။ ဒတ်ခ်ျတို့၏ သူတော်စင်ပွဲတော်မှာ ခရစ်စမတ်ချိန်ခါနှင့် တစ်လတည်း ဖြစ်၍ သူတော်စင်အဘိုးအိုက လက်ဆောင်ပစ္စည်းများ သယ်ဆောင်လာသည်ဟု ယူဆကာ ခရစ်စမတ်ချိန်ခါတွင် ပုပု၀၀၊ မုတ်ဆိတ် ဖြူဖြူ၊ သိုးမွေးဝတ်စုံ အနီရဲရဲ ဆင်မြန်းထားသည့် ခရစ်စမတ်ဘိုးဘိုးပေါ်ပေါက်လာခြင်းဖြစ်သည်။ ယနေ့ လူအများမြင်တွေ့ နေကြရသော စန်တာကလော့စ်ရုပ်သွင်မှာ ဂျာမနီနိုင်ငံသား တောင်ပိုင်း ဘာဗေးရီးယားပြည်နယ်မှာ မွေးဖွားသည့် အမေရိကန်နိုင်ငံသား သောမတ်စ် နတ်စ်ထ် ဆိုသူ ပန်းချီဆရာက ပုံဖော်ရေးဆွဲခဲ့ခြင်းဖြစ်သည်။ သူ ငယ်စဉ်က အိမ်နီးချင်း ပုပု၀၀ အဘိုးအိုတစ်ဦး ပြုံးရွှင်သော မျက်နှာဖြင့် ကလေးများကို လက်ဆောင် လိုက်ပေးသည်ကို မြင်ယောင်ကာ ကရုဏာအပြည့်နှင့် ပုပု၀၀အဘိုးအိုပုံရေးဆွဲခဲ့သည်ဟု ဆိုသည်။ သို့နှင့် ခရစ်စမတ်ရောက်တိုင်း အထူးချစ်ခင်စွာလက်ဆောင်ပေးသည်ဆိုသော စန်တာကလော့စ်ကို ကလေးများက အားကိုးတကြီး မျှော်ကြ သည်။

အနောက်နိုင်ငံများတွင် ကလေးများက စာတိုက်သို့ စာများ ပေးပို့ကာ စန်တာကလော့စ်ထံ လိုချင်တာများ တောင်းကြသည်။ အီးမေးလ်များဖြင့်လည်း စန်တာကလော့စ်ထံ စာများပေးပို့ကြသည်။ လိမ္မာသည့် ကလေးများကိုသာ စန်တာဘိုးဘိုးက ချစ်သည်ဟု မိဘများက ပြောဆိုသွန်သင်ထား၍ ကလေးများက စာများထဲတွင် သူတို့မည်မျှလိမ္မာကြောင်း၊ မည်မျှ မိဘကို ကူညီ လုပ်ကိုင်ပေးကြောင်း သူတို့အရည်အသွေးများကို ဖော်ပြကာ သူတို့လိုချင်တာ တောင်းခံကြသည်ဆို၏။ စာတိုက်ဝန်ထမ်း အင်တာနက် ၀န်ထမ်း ဗော်လန်တီ ယာများက ခရစ်စမတ်ချိန်ခါတွင် ကလေးများပျော်ရွှင်အောင် စာများ ပြန်ရေးပေးကြသည်ဆို၏။ မိဘများကလည်း ဘိုးဘိုးစန်တာ ပေးသွားသည်ဆိုကာ လက်ဆောင်ပစ္စည်းများကို ကလေးများ အိပ်ချိန်မှာ တိတ်တခိုးပေးလေ့ရှိသည်။ ခရစ်စမတ်ချိန်ခါ တွင် ကလေးများ အထူးပင် လိမ္မာယဉ်ကျေးစွာ နေထိုင်လေ့ရှိပြီး သူတို့ အနှစ်သက်ဆုံးလူကို ဆန္ဒမဲခွဲ ကောက်ခံပါက စန်တာကလော့စ် မှတစ်ပါး အခြား လူမရှိပါချေ။ စန်တာကလော့စ်သည် ကလေးတို့၏ဇာတ်လိုက်၊ မျှော်လင့်ခြင်းတစ်ခုဖြစ်သလို အနာဂတ်လည်း ဖြစ်သည်။ စန်တာ ကလော့စ် တကယ်မရှိဟု မည်မျှဆိုဆို ယနေ့တိုင် ခရစ်စမတ်ရောက်လေတိုင်း ကလေးတို့သည် စန်တာကလော့စ်ကို အားကိုးတကြီး မျှော်လင့်မိကြမြဲပင်။
သို့ဖြစ်ရာ ခရစ်စမတ်အခါသမယတွင် လှပစွာဝတ်စားဆင်ယင်၊ စားသောက်ပျော်ရွှင် အပေါ်ယံ ခင်းကျင်းမှုများကြား ဖြတ်သန်း မည့်အစား မွေးနေ့တော်ကို တန်ဖိုးထားသောအားဖြင့် ကလေးငယ်များ စံပြုချစ်ခင်ကာ မျှော်လင့်အားထားရမည့်သူများ ဖြစ်စေဖို့ ကျွန်ုပ်တို့ကိုယ်တိုင် စန်တာကလော့စ် ဖြစ်အောင် ကြိုးစားသင့်ပေသည်။ ကျွန်ုပ်တို့အားလုံး စန်တာကလော့စ်အသွင် ဖော်ဆောင်ကာ အနာဂတ်အတွက်မျိုးဆက်သစ်ဖြစ်သည့် ကလေးတို့၏ လိုအပ်ချက်ကို ဖြည့်ဆည်းပေးရင်း ပိုကောင်းမည့်မနက်ဖြန်များကို မျှော်လင့်နိုင် ပါသည်။  

No comments: