Monday, November 16, 2015

အရည်အချင်းဆိုတာလေ့ကျင့်မှုကလာတယ်


တစ်ခါတုန်းက တရုတ်ပြည် ဆောင် မင်းဆက်လက်ထက်မှာ အင်မတန်မှ မြှားပစ်တော်တဲ့ ချန်ယူဇီလို့ခေါ်တဲ့ လူငယ်တစ်ယောက် ရှိသတဲ့။ ဒီလူငယ်ဟာ ဘယ်လောက်တောင် တော်သလဲဆိုရင် လှုပ်ရှားနေတဲ့ ပစ်မှတ်တွေကိုတောင် မှန်ကန်အောင် ပစ်ခတ်နိုင်တယ်။ ဒီလို မြှားပစ်တော်တဲ့အတွက် ချန် ဟာ သူ့ကိုယ်သူ အမြဲ ဂုဏ်ယူနေတယ်။ အပေါင်းအသင်းတွေကလည်း သူနဲ့ဆုံတိုင်းမှာ သူမြှားပစ် ဘယ်လောက် တော်ကြောင်းကို ချီးကျူးပြောဆိုကြတယ်။ ချန်ဟာ ကမ္ဘာပေါ်မှာ သူ့လောက် တော်တဲ့ မြှားပစ်သမား မရှိဘူးလို့တောင် အထင်ရောက် နေတာပေါ့။
တစ်နေ့တော့ သူမြှားပစ်လေ့ကျင့်နေတဲ့အချိန်ပေါ့။ သူ့ရဲ့ ဂုဏ်သတင်း ကြောင့် သူ မြှားပစ်တာကို လာရောက်ကြည့်ရှုတဲ့ ပရိသတ်တွေကလည်း များတယ်။ ပရိသတ်တွေ များလာလေလေ၊ ချန် ဟာ သူ့မြှားပစ်စွမ်းရည်ကို အမျိုးမျိုး ပြသလေပဲ။
ပရိသတ်ကလည်း ချန် တစ်ခါပစ်တိုင်း လက်ခုပ်သြဘာ ပေးပြီး ၀ိုင်းဝန်းချီးကျူးကြသတဲ့။ ဒါပေမဲ့ လာရောက်ကြည့်ရှုတဲ့ ပရိသတ်ထဲ က အဘိုးအိုတစ်ဦးကတော့ ချန် မြှားပစ်နေတာကို အံ့သြတုန်လှုပ်ဟန် မပြသလို၊ ချီးကျူးမှု ပုံစံလည်း မပြဘူး။ အဘိုးအိုကို သတိထားမိသွားတဲ့ ချန်ဟာ သူ တတ်စွမ်းသမျှ ပုံစံတွေနဲ့ ပစ်ပြတယ်။ ဒါလည်း အဘိုးအိုက တည်တည်ငြိမ်ငြိမ်ပဲ ကြည့်နေတာပဲ။ ဒီတော့ သူ့ရဲ့ အစွမ်းကို မလေးစားရ ကောင်းလားဆိုပြီး ဒေါသထွက်လာတဲ့ ချန်ဟာ အဘိုးအိုကို သွားမေးတယ်။
ချန် - "အဘိုး.. ဒီလို မြှားပစ်တတ်လား"
အဘိုးအို - "မပစ်တတ်ပါဘူး"
ချန် - "ဒါဖြင့် ကျုပ်စွမ်းရည်ကို ခင်ဗျား ဘယ်လို ထင်သလဲ"
အဘိုးအို - "ကောင်းပါတယ်၊ ထူးထူးခြားခြားတော့ မရှိပါဘူး။ လေ့ကျင့်နိုင်ရင် ရတာပဲ"
အဘိုးအိုရဲ့ အဖြေကြောင့် စိတ်လှုပ်ရှားသွားတဲ့ ချန်ကြောင့် သူ့တပည့်တစ်ယောက်က အဘိုးအိုကို ပြောလိုက်တယ်။
"ဒီလောကမှာ ကျုပ်ဆရာကို မြှားပစ်ယှဉ်နိုင်တဲ့ လူတစ်ယောက်မှ မရှိဘူး။ ခင်ဗျားက ဘာ့ကြောင့် ဒီလို ပြောရတာလဲ"
ဒီအခါမှာ အဘိုးအိုဟာ ဘာမှမပြောဘဲ အိုးလေးတစ်လုံးကို ထုတ်လိုက်တယ်။ ပြီးတော့ ကြေးဒင်္ဂါးပြားလေးကို အိုးအပေါ်လေးမှာ တင်လိုက်တယ်။ ပြီးတော့ ဆီအိုးထဲက ဆီတွေကို ဒင်္ဂါးပြားကတစ်ဆင့် အိုးထဲကို မဖိတ်မစင်ပဲ လောင်းပြလိုက်တယ်။
အမှန်ဆို ပုလင်းလေးရဲ့ အ၀ဟာ အင်မတန်မှ သေးငယ်သလို ဒင်္ဂါးပြားကလည်း အပေါ်က ခံထားတာမို့ ဒီလို မဖိတ်မစင်ပဲ လောင်းချဖို့ ဆိုတာ တော်တော်လေးကို မလွယ်တဲ့အလုပ်ဆိုတာ ချန် နားလည်တာပေါ့။ အဘိုးအိုကို ထိတ်လန့်သွားသလို ကြည့်နေတဲ့ ချန်ကို အဘိုးအိုက...
"ကျုပ်ကို အထင်မကြီးပါနဲ့၊ ဒီအလုပ်ကို ကျုပ် နေ့တိုင်း လုပ်တဲ့အတွက် ဒီလို ကျွမ်းကျင်လာတာပါ"
"ကျွမ်းကျင်မှုဆိုတာ လေ့ကျင့်မှုက လာပါတယ်"
ပြီးတာနဲ့ အဘိုးအိုက တိတ်တဆိတ် ထွက်ခွာသွားတယ်။ ကြည့်နေတဲ့ လူအုပ်ကြီးကလည်း တိတ်ဆိတ်လို့၊ ချန် တစ်ယောက်လည်း ဆွံ့အလို့...
နောက်ဆုံးမှာ ချန်ဟာ သူ့အပြုအမူအတွက် နောင်တရသွားခဲ့တယ်။ ဒါ့ကြောင့် သူဟာ မြှားပစ် လေ့ကျင့်ခြင်းကို ပိုမိုပြုလုပ်လာတယ်။ နောက်ဆုံးမှာ ချန်ဟာ တရုတ်ပြည်မှာ အတော်ဆုံး မြှားပစ်သမားတစ်ယောက် တကယ်ဖြစ်လာခဲ့ပါတယ်။

No comments: