Tuesday, November 17, 2015

ပလ္လင်များမှအရုပ်များရဲ့အစီရင်သဘော

ဒီနေ့မတော့
မြန်မာမင်းတို့ရဲ့
ရာဇပလ္လင်ကိုးခုနဲ့
အဲ့ဒီပလ္လင်တွေမှာစီရင်ထားရှိတဲ့
အရုပ်များရဲ့အဓိပ္ပာယ်လေးကို
အကျဉ်းလေးရေးပါ့မယ်
မြန်မာမင်းတို့ရဲ့ပလ္လင်များအနေနဲ့ကိုးခုရှိတယ်
အဲ့ဒီပလ္လင်တွေက
၁ သီဟာသန( ခြင်္သေ့ပလ္လင်)-ယမနေသားနဲ့လုပ်
၂ သီဟာသန(ခြင်္သေ့ပလ္လင်)-ယမနေသားနဲ့လုပ်
   ( သီဟသနပလ္လင်မှာ မြေနန်းပြသာဒ်နဲ့ လွှတ်တော်ဇေတဝန်ဆောင်နှစ်နေရာမှာထားတဲ့အတွက်ပလ္လင်တမျိုးထဲ ၂ နေရာဖြစ်တယ်)
၃ ပဒုမ္မာသန ( ကြာပလ္လင်)-တောင်ပိန္နဲ/ကရဝေ/သရက်နဲ့လုပ်
၎ ဘမရာသန (ပျားပလ္လင်)-ကံ့ကော်/ကရဝေသားနဲ့လုပ်
၅ မရူယာသန (ဒေါင်းပလ္လင်)-ပေါက်/သရက်သားနဲ့လုပ်
၆ မိဂါသန (သမင်ပလ္လင်)-သဖန်း/တောင်ပိန္နဲနဲ့လုပ်
၇ ဟံသာသန (ဟသာင်္ပလ္လင်)-သင်္ကန်းသားနဲ့လုပ်
၈ ဂဇာသန ( ဆင်ပလ္လင်)-စကား/သဖန်းသားနဲ့လုပ်
၉ သင်္ခာသန (ခရုသင်းပလ္လင်)-သရက်/စကား/တောင်ပိန္နဲသားနဲ့လုပ်

( အဲ့ဒီမှာ ပလ္လင်တစ်ခုစီအလိုက် ယှဉ်တွဲပါ
သစ်တွေအပြင် အခြားပါတဲ့သစ်ကိုတော့
စာသားအကျဉ်းဖြစ်လို့မရေးတော့ပါ)
ဒီတော့
အဲ့ဒီပလ္လင် ပလ္လင်ကိုးခုမှာသုံးတဲ့
သစ်တွေဘယ်ကသယ်ယူလဲဆိုတော့
ယမနေနဲကံ့ကော်သားကို မိုးကောင်း
တောင်ပိန္နဲကို ပုသိမ်
ကရဝေကို ပုပ္ပား နဲ့
သရက်နဲ့ပေါက်ကို ကျောက်စည်တိုက်/မဒရာ နဲ့ရေနံသာကယူတယ်
ဒီလိုယူတဲ့အခါလဲ သစ်ဆိုရုံနဲ့မရပဲ
သန့်ပျံ့ တဲ့မြေကပေါက်တဲ့အပင်ဖြစ်ရမယ်
အနာအဆာအပြစ်လွတ်ရပါမယ်
လိုတဲ့သစ်ရပြီဆိုတော့
အစဉ်အဆက်နန်းတော်လုပ်လက်သမား
ငါးရာထဲက နှစ်ဆယ်ကို ရွေးတယ်
အဲ့အထဲက ဆယ်ဦးက အကြမ်းပုံလောင်းတယ်
ကျန်ဆယ်ဦးက တိရိစ္ဆာန်နဲ့ပန်းနွယ် အခွေအလိပ်ထုလုပ်ပါတယ်
ဒီလိုလုပ်ရာမှာလည်း သက်မှတ်ထားတဲ့
မင်္ဂလာချိန်ရောက်တဲ့အခါ ပလ္လင်ကိုးခုကို
တပြိုင်နက်ထဲပြုလုပ်ရတယ်
အဲ့ဒီပလ္လင်ကိုးခုမှာထည့်ပေးဖို့လုပ်ရတဲ့
အရုပ်တွေအနေနဲ့
၁ သူငယ်ရုပ်(အထီး)ခုနှစ်ဆယ့်နှစ်ရုပ်
၂ ခြင်္သေ့ကြီး/သေးနှစ်ရာနှစ်ဆယ့်ရှစ်ကောင်
၃ ဒေါင်းတစ်ဆယ့်ခြောက်ကောင်
၎ ဆင်တစ်ဆယ့်ခြောက်ကောင်
၅ ဟသာင်္တစ်ဆယ့်ခြောက်ကောင်
၆ ပျားတစ်ဆယ့်ခြောက်ကောင်
၇ လောကနတ်ခြောက်ကောင်
၈ ဆင်ပျံ ခြင်္သေ့ပျံခြောက်စုံ
၉ ကိန္နရာ(အထီး)ခြောက်ကောင်
၁၀ သမ္မာဒေဝနတ်ကြီး/သေးတစ်ရာ့တစ်ဆယ့်တစ်ပါး
၁၁ နေဝန်း လဝန်းခြောက်စုံ
၁၂ ထောင့်ဖြည့် စာမရီသုံးဆယ့်ခြောက်ကောင်
၁၃ ခရုသင်းတစ်ဆယ့်ခြောက်ခု
၁၄ ပဒုမ္မာကြာကြီး/သေး တစ်ရာ့ရှစ်ပွင့်
တို့အသီးသီးပြုလုပ်ကြတယ်
အဲ့ဒီမယ်
ပလ္လင်ကိုးခုလုံးမှာသုံးရတဲ့ ပန်းပုပစ္စည်းတွေကိုကြည့်တဲ့အခါ
သူငယ်တော် ထောင့်ဖြည့်စာမရီ နဲ့ ပန်းခွေ
ပန်းနွယ်(ကနုတ်)တွေဖြစ်တယ်
ဒီတော့ ပလ္လင်တွေမယ်သုံးတဲ့အရုပ်တွေ
ရဲ့အဓိပ္ပာယ်ကိုဆက်ပြောပါမယ်
ပလ္လင်တွေမှာ
တိရစ္ဆာန်ရုပ်ပါရတဲ့အကြောင်းက
ဘိသိက်ခံပြီး သရဖူဆောင်းတဲ့ မင်းမှန်ရင် ရေမြေတောတောင်နေ သတ္တဝါတို့ရဲ့အရှင်လဲဖြစ်တယ် အဲ့ဒီသားငါးသတ္တဝါတွေရဲ့ ထိုက်တန်တဲ့
ဂုဏ်အရည်အချင်းတွေလဲ မင်းမှာပြည့်စုံတယ်လို့ အယူရှိကြတဲ့အတွက်ဖြစ်တယ်
ပြီးတော့ ပလ္လင်တွေမယ်အသုံးပြုတဲ့
သတ္တဝါတွေဟာ ကောင်းမြတ်တဲ့ အရည်အသွေးတစ်ခုစီရှိတယ်
သူတို့ရဲ့ရုပ်ပုံမှာ တိတ်နိမိတ်ကောင်းခြင်း
ပျော်ရွှင်ခြင်း တို့ထင်ဟပ်နေတယ်လို့ယူတယ်
ပြီးတော့ ဘုန်းခြောက်ပါးဖြစ်တဲ့
၁ အစိုးရခြင်း
၂ အညီအညွတ်ဖြစ်ခြင်း
၃ လုံ့လကြီးခြင်း
၎ အရောင်အဝါ အကျော်အစော ကျက်သရေရှိခြင်း
၅ ပညာကြီးခြင်း
၆ ရန်သူအပေါင်းကို အောင်မြင်ခြင်းဆိုတာကို
ပေါ်လွင်စေတဲ့သဘောလဲပါတယ်
အဲ့ဒီအရုပ်တွေထဲက
လက်နှစ်ဖက်ယှက်ထားတဲ့ပူဇော်ဟန်
သူငယ်တော်အရုက်အဓိပ္ပာယ်က
သူငယ်ဟာနေ့တိုင်းနေ့တိုင်းကြီးလာသလို
ဘုရင်မင်းမြတ်ရဲ့ဘုန်းဟာလဲ နေ့တိုင်မပြတ်
တိုးတက်ကြီးထွားတဲ့ နိမိတ်ကိုယူတယ်
စာမရီအရုပ်အဓိပ္ပာယ်က
စာမရီဟာအသက်သာအသေခံမယ်
အမြီးကအမွေးတစ်ချောင်း အကျွတ်မခံဘူးလို့
အထင်ကြီးတယ် ဒါကြောင့် စာမရီလိုပဲ
ဘုရင်ဟာ ဘယ်တော့မှ တရားလမ်းကြောင်းကဖဲ့မထွက်
မင်းနဲ့တရားသောင်းခြင်းဟာအမြဲအတူတကွ
ရှိနေမယ်ဆိုတဲ့အယူဖြစ်တယ်
လောကနတ်နဲ့ဆင်ပျံ ခြင်္သေ့ပျံ အရုပ်တွေရဲ့အဓိပ္ပာယ်က
ခိုက်ရန်ဒေါသ ရပ်စဲတဲ့သရုပ်လက္ခဏာ
ဖြစ်ပြီး ဘုရင်မင်းမြတ်ရဲ့
စိတ်နှလုံးရွှင်ပြ နူးညံလာအောင်
တိုက်တွန်းနှိုးဆော်တယ်လို့ယူတယ်
လောကနတ်ကတော့
လက်ဝဲ ဗြဟ္မာ လက်ယာ သိကြားဖြစ်ပြီး
ဗြဟ္မာက ပိုပြီးတန်ခိုးကြီးတယ်ဆိုတဲ့
အယူအဆနဲ့ဖြစ်တယ်
ပြီးတော့ ပလ္လင်ဘေးက
ဆင်နားဇာပေါက်ကတော့
ဆဒ္ဒာန်ဆင်မင်းကိုညွှန်းတယ်
သဘောကတော့ ဆင်မှာဆဒ္ဒာန် လူမှာမင်းဖြစ်တယ်
ဒေါင်းရုပ်ကတော့ နေမင်း
ယုန်ရုပ်က လမင်းဖြစ်ပြီး
အမြဲဘုန်းတန်းခိုးတောက်ပဖို့အတွက်ရည်ညွှန်းတာဖြစ်ပါတယ်
ပလ္လင်ဘယ်ညာက ကိန္နရာကတော့
ဂေါတမဘုရားပွင့်တော့ နွဲ့နှောင်းလှပတဲ့
ကိန္နရာတွေမြူးထူးကခုန်တယ်
မင်းတစ်ပါး ရွှေတောင်တက်တယ်ဆိုရင်လည်း
ဘုရားပွင့်တာနဲ့ဆင်တူတယ်လို့ယူတယ်
ဒါကြောင့်ကိန္နရာရုပ်ကိုသုံးတယ်
နတ်ရုပ်တွေကို တုရိုဏ်တိုင် ဝဲ ယာမှာ
တစ်ဖက်ခုနှစ်ရုပ်စီထားတာက
ရှင်ဘုရင်ဟာ ညဏ်ပညာကြီးပြီး
တရာနည်းလမ်းအတိုင်း အုပ်ချုပ်ရင်
နတ်တွေကလေးစားမယ်
မင်းမြတ်ကို မကောင်းတဲ့ဘေးက
ကင်းအောင်စောင့်ရှောက်မဲ့သဘောဖြစ်တယ်
ပြီးတော့ ပလ္လင်တံကဲထိပ်က သားမြီးယပ်ကိုင်ထားတဲ့ သိကြားရုပ်က
တရားမျှတခြင်း အပြစ်ရှိသူကို ထိုက်တန်သလို
ဒဏ်ပေးပြီး တော်တည့်ဖြောင့်မှန်သူကိုသူ့အလျောက်
ချီးမြှောက်ပါလို့ အယူအဆဖြစ်တယ်
ပြီးတော့ ပလ္လင်မှာထည့်အပ်တဲ့ နဝရတ်ကိုးပါးကတော့ ဘေးဥပါဒ်ကင်းရှင်းဖို့အတွက်ဖြစ်တယ်
ပန်းခွေအလိပ်တွေကလဲ အလှသက်သက်မဟုတ်ပဲ
ဘီလူးတွေကိုခြောက်လှန့်နှင်ထုတ်ဖို့
သဘောဖြစ်တယ်
ဒါကတော့ ပလ္လင်ကိုးခုပြုလုပ်တဲ့အခါ
အသုံးပြုတဲ့သစ်နဲ့ထည့်သွင်းထားတဲ့
အရုပ်တွေရဲ့အဓိပ္ပာယ်
အကျဉ်းလေးပဲဖြစ်ပါတယ်
လေ့လာသူများ
သမိုင်းဗဟုသုတဝမ်းစာအလို့ငှာ
ဖော်ပြလိုက်ပါတယ်--ဗိုလ်ကျော်ခေါင်
( အကိုးကား--ဆရာကြီး ဒေါက်တာသန်းထွန်း ရဲ့ မြန်မာထီးမူနန်းရာ / တော်စိန်ခို ရဲ့
မန္တလေးနန်းတော်လမ်းညွှန် )

No comments: