Monday, November 16, 2015

မကွေးမြသလွန်စေတီတော်




မြသလွန်စေတီတော်မှာ မကွေးမြို့ဧရာဝတီမြစ်ကမ်းထိပ် နဂုတ္တမတောင်ကုန်းထက်တွင် ကျိန်းဝပ်တော်မူလေသည်။ မဟာသက္ကရာဇ် ၁၂၃ ခုနှစ် ၀ါဆိုလပြည့်ကျော် ၈ရက် နေ့တွင် မြတ်စွာဘုရားသည် သုနာပရန္တတိုင်း၊ လယ်ကိုင်းသို့ဒေသစာရီ ဖြန့်ချီတော်မူ၍ လယ်ကိုင်း စန္ဒကူးကျောင်းတော်တွင် သီတင်းသုံးပြီးနောက် ပြန်၍ကြွစဉ် ကေလာသဘ စက္ကတဲတောင်ထိပ် (မင်းဘူး)၌ သီတင်းသုံးတော်မူပြန်လေသည်။ ထိုအခါ သိကြားမင်းသည် ရတနာသလွန်ကို ပူဇော်လှူဒါန်းလေသည်။
မြတ်စွာဘုရားပြန်ကြွတော်မူလျှင် ဧရာဝတီမြစ် အရှေ့ဘက် တောအုပ်မှ ဘီလူးမောင်နှမ ခြောက်ယောက် တို့အနက် ဘောကျော်၊ ဘောသော၊ ဘောရသူ၊ ဘောရသ ညီအစ်ကိုလေးယောက်က မြတ်စွာဘုရားကို ဖူးမြော်ရ၍ နောင်အစဉ်ကိုးကွယ်ရန် မြသလွန်တော်ကို သနားချီးမြှင့်ခြင်း ခံရလေသည်။ ဘီလူးတို့သည် တောတွင်း၌ မြသလွန်ကို ဌာပနာ၍ စေတီတည်ရာ အရပ်မသင့်သဖြင့် သိကြားမင်းကဖျက်၍ မြစ်ဆိပ်ကမ်းအနီး သီတင်းသုံးသော ဒိဗ္ဗစက္ခု၊ ဒိဗ္ဗသောတနှင့် ဒိဗ္ဗဃာန ရသေ့သုံးဦးတို့အား အပ်နှံပြီးနောက် ကဿပဘုရားရှင်၏ ရွှေသလွန်တော် ဌာပနာရာ နဂုတ္တမတောင်ထိပ်၌ သက္ကရာဇ် ၁၂၈ ခုနှစ် တပေါင်းလပြည့်နေ့တွင် ဌာပနာထားလေသည်။ စေတီတည်ရန်ကိုမူ သလွန်တော်ပင့်ဆောင်ခဲ့သော ဘီလူးလေးဦးတို့ လူ့ဘ၀သို့ရောက်မှ တည်စေရန် အဓိဌာန်ထားခဲ့လေသည်။

ဘီလူးမငယ် ဒက္ခဒါလီသည် ဘုရားရှင်ကို ဖူးခွင့်မကြုံခဲ့၍ မြသလွန်တော် ဌာပနာရာ၌ ပူဇော်၍ လူ့ဘ၀ရရန် ဆုပန်ရာ သေလွန်သော် ဝေလာမ ပုဏ္ဏားသမီးဖြစ်၍ တကောင်းမင်းကြီးမိဖုရားဖြစ်လေသည်။ ထိုအခါ ရသေ့သုံးပါး စံရာဌာန၏ မြောက်ဖက် မဟာဂါမရွာမှ သုဘောဂသူဌေးသည် မြသလွန်တော် ဌာပနာရာ နေရာ၌ စေတီတည်လိုသဖြင့် ရသေ့တို့ထံ ခွင့်တောင်းရာ ဘီလူးတို့လူအဖြစ်ရောက်မှ ထိုသူတို့နှင့်အတူ တည်နိုင်မည် ဖြစ်ကြောင်း ပြောပြသဖြင့် ဘီလူးဝင်စားသူသာလျှင် တွေ့ရှိစေရန် အဓိဌာန်ပြုကာ နဂုတ္တရကုန်းအနီး၌ ချထားလေသည်။
ဘီလူးညီနောင်တို့လည်း သေလွန်၍ လူ့ဘ၀ကိုရကြပြီး သလွန်တော်ကိုပူဇော်ရန် နဂုတ္တမကုန်းသို့လာကြရာ ပုဏ္ဏ၀တီ၏ ပန်းကုံးနှင့်စာကိုတွေ့၍ လိုက်လာလေရာ သုဘောဂသူဌေးထံသို့ရောက်လျှင် ဘောကျော် ၀င်စားသူအား သမီးနှင့် လက်ထပ်ပေး၍ ရွှေငွေရတနာများပေးကာ မြသလွန်တော် တည်ရာဌာန၌ စေတီတည်ရန် တိုင်ပင်ကြပြီးနောက် မဟာသက္ကရာဇ် ၁၅၀ ပြည့်နှစ်တွင် ဉာဏ်တော် ၃၅ တောင်မြင့်သော စေတီကို တည်ကြလေသည်။ နှစ်ကာလကြာရှည်သော် သက္ကရာဇ် ၄၁၂ ခုနှစ်တွင် ပုဂံပြည်၌ နန်းတက်သော စောလူးမင်းက ပြုပြင်၍ ဓါတ်တော် ၁၂၀၊ ရုပ်ပွားတော် ၇ဆူတို့ကို ထပ်မံဌာပနာ၍ ဉာဏ်တော် ၅၅ တောင် မြင့်အောင် တည်လေသည်။ ဘီလူးမ ဆုတောင်းရာ၊ ပန်းကုံးချရာ၊ လင်လျာမျှော်ရာ၊ ရသေ့သီတင်းသုံးရာ တို့၌လည်း စေတီများတည်ခဲ့လေသည်။ ထို့နောက် ကျန်စစ်မင်းက ၀တ္ထုကံမြေ လှူ၍ ရွှေသင်္ကန်း ကပ်လှူခဲ့ပြန်လေသည်။
သက္ကရာဇ် ၁၂၀၉ ခုနှစ်တွင် ငလျင်ဒဏ်ကြောင့် ပြိုပျက်ရာ မကွေးမြို့သူကြီးမင်း၊ မင်းထင် မင်းလှကျော်ခေါင်က အမိန့်တော်ခံ၍ ၁၂၀၉ ခုနှစ် တပေါင်းလပြည့်နေ့တွင် စေတီတော်ကို ထပ်မံတည်ထား၍ ဓာတ်တော်များ ကိုလည်း ဌာပနာခဲ့လေသည်။ ဉာဏ်တော် ၆၆ တောင်နှစ်မိုက်ထိအောင် မြှင့်တည်၍ အချင်း ၅တောင်၂မိုက်၊ အမြင့် ၁၇တောင်ရှိသော ထီးတော်ကို တင်လှူလေသည်။
သက္ကရာဇ် ၁၂၁၄ ခုနှစ်တွင် မင်းတုန်းမင်းလက်ထက် မကွေးမြို့စား အဂ္ဂမဟာသေနာပတိ သတိုးမင်းကြီး မဟာမင်းလှသီဟသူ က မွမ်းမံပြုပြင်၍ ရွှေသင်္ကန်းကပ်လှူခဲ့ပြန်လေသည်။
မြန်မာနိုင်ငံတစ်ခွင် ဘုရားသမိုင်းပေါင်းချုပ် စာအုပ်မှ ကူးယူဖော်ပြပါသည်။

No comments: