Monday, November 16, 2015

နတ်လျောင်းကျောင်း




နတ်လျောင်းကျောင်းသည် သဗ္ဗညုဘုရားကြီး၏ အနောက်ဘက်တွင်တည်ရှိပါသည်။ နတ်လျောင်းကျောင်းကို လေးထောင့်အုတ်တိုက်ပုံ အထက်ကွမ်းတောင်ဖြင့် တည်ဆောက်ထားသည်။ အပြင်ပတ်လည် မုခ်ကပ် အချိုင့်များအတွင်း ဗိဿနိုးနတ်မင်းဝင်စားခဲ့သော ဆယ်ဘ၀ဖြစ်စဉ်များကို ရုပ်ထုများဖြင့် သရုပ်ဖော်ထားပါသည်။
နတ်လျောင်းကျောင်းသည် ပုဂံခေတ်ဦး ဗြဟ္မဏအယူရှိသူတို့ ကိုးကွယ်ဝတ်ပြုရာ အဆောက်အဦးဖြစ်ပါသည်။ အနော်ရထာမင်းလက်ထက်တွင် ထေရ၀ါဒဗုဒ္ဓဘာသာ ပြန့်ပွားလာစေရန် ဆောင်ရွက်ရာ၌ အစဉ်အလာကိုးကွယ်ခဲ့သည့် နတ်များအား လှောင်ထား ချုပ်နှောင်ရာ ကျောင်းဖြစ်ကြောင်း အဆိုရှိကြသည်။ သို့သော် စင်စစ်အားဖြင့် နတ်လျောင်း ကျောင်း သာဖြစ်သည်။ နတ်လှောင်ကျောင်းမဟုတ်ပါ။ အတွင်း၌ လဲလျောင်းအိပ်စက်ဟန် ဗိဿနိုး နတ်မင်းကြီး ရုပ်ထုရှိသောကြောင့် နတ်လျောင်းကျောင်းဟုခေါ်ဆိုခြင်းဖြစ်သည်။
နတ်လျောင်းကျောင်းအတွင်း တမီလ်ဘာသာဖြင့် ရေးထိုးထားသော ကျောက်စာတစ်ချပ်ကို တွေ့ရှိရရာ ယင်းကျောင်းအကြောင်း တစ်စွန်းတစ်စ သိရှိရပါသည်။ ကျောက်စာအရ နတ်လျောင်းကျောင်း၏ ဘွဲ့အမည်မှာ နာနာဒေစီဗွင် ဂရအလ၀ါ ဘုရားကျောင်းဖြစ်သည်။ ယင်းကျောင်း၌ ခရစ်နှစ် ၁၃ရာစုနှစ်က မကာဒယာပတ္တနမ် မြို့နေ စရီကုလဆေခရစ်၏တပည့် အိုင်ယာယီရန် စီရီယန် အမည်ရှိ ဗိဿနိုးနတ်ကိုးကွယ်သူ သူတော်စင်တစ်ဦးက အရှေ့ဘက်ဆင်ဝင်ဆောင်ကို ဆောက်လုပ်လှူဒါန်းခဲ့ကြောင်း သိရှိရသည်။
ကျောက်စာ၌ ဘုရားကျောင်းဆောက်လုပ်ရာဒေသကို အရိဗတ္တနပူရမ်ဟု ဖော်ပြထားပါသည်။ အနော်ရထာမင်းအနေဖြင့် ဗိဿနိုးနတ်ကိုးကွယ်သူ တမီလ်လူမျိုးများ၏ ဆန္ဒအရ ပုဂံ၌ကျောင်းဆောက်ခွင့် ပြုခဲ့ဟန်တူပါသည်။ ထို့ကြောင့်လည်း နှောင်းခေတ်ကာလတွင် နတ်လျောင်းကျောင်းကို အနော်ရထာမင်း၏ ကုသိုလ်တော်အဖြစ် ဖေါ်ပြကြခြင်း ဖြစ်ဟန်ရှိ၏။ တမီလ်ဘာသာ ကျောက်စာနှင့် ပတ်သက်၍ အနောက်တိုင်းသုတေသနပညာရှင် Mr. Hultzch ကဖေါ်ထုတ်ခဲ့သဖြင့် သမိုင်းအချက်အလက်များ ပေါ်ထွက်လာခြင်းဖြစ်ပါသည်။
နတ်လျောင်ကျောင်းကို ဗိဿနိုးနတ်ဆိုင်ရာ ရုပ်ထုများနှင့် သေချာကျနစွာ တည်ဆောက်ထားပါသည်။ နတ်လျောင်း ကျောင်းအတွင်း အနန္တနဂါးထက်၌ ဗိဿနိုးနတ် လဲလျောင်းအိပ်စက်နေဟန်၊ ချက်မှ ကြာရိုးထွက်၍ ကြာပွင့်များထက်၌ ဗြဟ္မဏဘာသာနတ်များ တည်နေဟန်တို့ကို တွေ့မြင်နိုင်ကြသည်။ သို့သော်အလယ်တွင် ဌာပနာတိုက်ဖောက်သူ တို့ကြောင့် အပျက်အစီးများ ရှိနေပါသည်။
နံရံမုခ်ကပ် များအတွင်းတွင် ဗိဿနိုးနတ်မင်း၏ ကိုယ်ပွားများဖြစ်ကြသော မစ္ဆ (ငါးမင်း)၊ ကုရ်မ(လိပ်မင်း)၊ ၀ါရဟ (၀က်မင်း)၊ နရသီဟ (ခြင်္သေ့မင်း) ပုံများနှင့် ကြာပလ္လင်ထက်၌ သီဝရုပ်ထုထိုင်နေဟန်၊ ဗိဿနိုးနတ်ရုပ်များ မတ်တပ်ရပ် နေဟန်တို့ကို လေ့လာကြည့်ရှု့နိုင်ကြသည်။ ဗိဿနိုးနတ်မင်း၏ ဘ၀ဖြစ်စဉ် (၁၀)တွင် န၀မမြောက် ဂေါတမဘုရားသခင်၏ ဆင်းတုတော်ဖြစ်သည်။

No comments: