Monday, November 16, 2015

မဟာစေတီတော် (ပဲခူး)



မဟာစေတီတော်မှာ ပဲခူးမြို့အနောက်ဘက်တွင် ကျိန်းဝပ်တော်မူလေသည်။ ဟံသာဝတီဆင်ဖြူရှင် ဘုရင့်နောင်မင်းကြီးလက်ထက် သက္ကရာဇ် ၉၃၈ ခုနှစ် ဒုတိယ၀ါဆိုလပြည့်ကျော် ၃ ရက်နေ့တွင် သီဟိုဠ်ကျွန်းမှ ဓမ္မပါလမင်း လက်ဆောင်ပဏ္ဏာများနှင့် စွယ်တော်တစ်ဆူ ဆက်သလာလေသည်။
မင်းကြီးသည် မူလကပင် မြစ်အနောက်ဖက်တွင် ပုထိုးစေတီတော်ကြီးတည်ရန် သဒ္ဓါထက်သန်တော်မူသဖြင့် ၉၂၁ခုနှစ် နယုန်လကစ၍ တောချုံတို့ကို ခုတ်ထွင်ရှင်းလင်းခဲ့၍ ဗညားလော၊ ဗညားဒလ၊ ဗညားပရံ၊ ဗညားကျန်းတော၊ သီရိဇေယျနော်ရထာ၊ သီရိဇေယျကျော်ထင်၊ နေမျိုးကျော်ထင်၊ နန္ဒကျော်ထင် ဟူသောအမတ်ကြီး ၈ယောက်တို့က ကြပ်မတ်၍ ထိုနှစ်ဝါဆိုလဆန်း ၅ရက်နေ့တွင် ဖိနပ်တော်ခင်း၍ လဆုတ် ၂ ရက်နေ့တွင် သံဃာတစ်ထောင်ကို ဆွမ်းလုပ်ကျွေးကာ ရွှေအုတ်၊ ငွေအုတ်တို့ကို စ၍စီလေသည်။

ထို့နောက် ရွှေအဆင်း ဓါတ်တော် ၆၀၊ ပုလဲအဆင်း ဓါတ်တော် ၈၂၁၈၊ မြတ်လေးငုံအဆင်း ဓါတ်တော် ၁၂၉၁၆ တို့ကို ပတ္တမြားစေတီတွင်ထည့်ကာ ရွှေ၊ ငွေ၊ မိုးကြိုး၊ ကြေးနီစသည် အဆင့်ဆင့်ထပ်ငုံ၍ ဓါတ်တော်ပေါင်း ၃၆၃၆၉ဆူ၊ ရုပ်တုတော်များ၊ မင်းမိဖုရားအရုပ်များ စသည်တို့ကို ဌာပနာတော်မူလေသည်။
သက္ကရာဇ် ၉၂၂ ခုနှစ် ပြာသိုလပြည့်ကျော် ၂ရက်နေ့တွင် ထီးတော်တင်၍ ဆောင်းတော်မူသော မကိုဋ်ကို လှူတော်မူလေသည်။ နန်းတော်ကိုဖျက်၍ မဟာစေတီပတ်လည်၌ ကျောင်းကြီးလေးကျောင်း ဆောက်လုပ်တော်မူလေသည်။ ကျောင်းဇရပ်အသီးသီးနှင့် ရွှေကိုလေးလှူတော်မူ၍ ၉၂၃ ခုနှစ် တန်ခူးလပြည့်ကျော် ၆ရက်နေ့တွင် ပဉ္ဇတစ်ထောင် ခံတော်မူလေသည်။ ထိုနေ့တွင် မဟာစေတီကို ရွှေကိုယ်လေးမျက်ပါးခတ်၍ သင်္ကန်းကပ်တော်မူလေသည်။ ပွဲတော်မှာ ခြိမ့်ခြိမ့်သဲစည်ကားလှပေသည်။
မဟာစေတီတော်သည် တည်စဉ်က ဉာဏ်တော်အတောင် ၁၅၀၊ ဖိနပ်တောင် ၁၀၀ ရှိလေသည်။ နှစ်ကာလကြာရှည်၍ စေတီတော်ပြိုပျက်ခဲ့ရာ လွတ်လပ်ပြီးသောကာလတွင် ဒါယကာအများစုပေါင်း၍ ပြုပြင်တည်ထားခဲ့ကြပြန်လေသည်။

No comments: