Monday, November 16, 2015

သရပါတံခါး



သရပါတံခါးသည် အာနန္ဒာဘုရားအနီး၌တည်ရှိသည်။ သရပါတံခါးကို အုတ်ဖြင့် အခိုင်အမာ တည်ဆောက် ထားပါသည်။ ပုဂံမြို့တည်စဉ်က တံခါး ၁၂ ရပ်ကိုလည်း တည်ဆောက်ခဲ့ရာ ယခုအခါ သရပါတံခါးတစ်ခုသာ အကောင်းပကတိ ကျန်ရှိပါတော့သည်။
ပျဉ်ပြားမင်းသည် ၂၃ ဒီဇင်ဘာ ၈၄၉ တွင် ပုဂံမြို့တော်သစ်ကို တည်ခဲ့သည်။ ယင်းပုဂံကို စတုတ္ထမြောက် တည်ခဲ့သည့် ပုဂံဟုအဆိုရှိပါသည်။ ပုဂံမြို့မှာ ၁၁၄၂ တာ ကျယ်ဝန်းပြီး တံခါး ၁၂ ရပ်သာပါရှိရာ သရပေ၊ သရပါ၊ သရ၀တ်၊ သာတန်း၊ ငါးမြီးယပ်၊ ညောင်ဖြူ၊ သာစည်၊ မင်္ဂလာ၊ မကြည်သာ၊ ၀င်းမနား၊ မတောင့်တ၊ ကလေးတံခါး စသည့်တံခါးများ ဖြစ်သည်ဟု ဆိုပါသည်။ ယင်းတံခါးများအနက် အရှေ့မျက်နှာ အလည်ဗဟိုရှိ တံခါးသည် သရပါတံခါးဖြစ်ပြီး “မြှားကိုဆီးကာသောတံခါးဟု အဓိပ္ပါယ်ရပါသည်။
သရပါတံခါး၏ ဘေးတစ်ဖက်တစ်ချက်တွင် မဟာဂီရိနတ်မောင်နှမရုပ် (လက်ဝဲဘက်၌ မောင်တော်ရုပ်နှင့် လကျာ်ဘက်၌ နှမတော်ရုပ်) များ ထုလုပ်ထားရှိရာ ပုဂံခေတ်အနုပညာလက်ရာကို လေ့လာကြည့်ရှု့ နိုင်ကြသည်။ ပုဂံမြို့ရိုးသည် အချို့နေရာများ၌ အထင်အရှားတွေ့ရှိရသေးသော်လည်း တစ်ချို့နေရာများတွင် အုတ်ကုန်းတန်းများအသွင် ပြောင်းလဲသွားပြီဖြစ်ပါသည်။
အာနန္ဒာဘုရားအနောက်ဘက်မုခ်မှ သဗ္ဗညုဘုရားသို့ သွားရောက်ရာ လမ်းရှိ ပုတ္တလင်ဘုရားအနီးပေါက်နှင့် ပုဂံမြို့တွင်းမှတောင်ဘက်သို့ ဖြတ်သန်းသွားရာ အပေါက်တို့သည် လည်းကောင်း၊ ပုဂံမြောက်ဘက်မှ မြစ်ဆိပ်သို့ဆင်းရာလမ်း၊ ယွန်းပညာသင်ကျောင်းအနီးနှင့် အရှေ့မြောက်ဘက် ဂူဘုရားအနီးနေရာတို့သည် လည်းကောင်း၊ မူလမြို့ တံခါးပေါက်နေရာများဟု မှန်းဆရပါသည်။ ပုဂံမြို့ရိုးများအား ပုဂံခေတ်နှောင်းကာလမွန်ဂိုစစ်ပွဲ မတိုင်မီက ပြုပြင်ခဲ့သည့် နည်းတူခေတ် အဆက်ဆက်တွင်လည်း ပုဂံမြို့စားများက အချို့သော အစိတ်အပိုင်းများအား ပြုပြင်ခဲ့ကြကြောင်း မှတ်ယူရပါသည်။
>>>တင်နိုင်တိုး ( ပုဂံစေတီပုထိုးများသမိုင်းနှင့် ခရီးသွားလမ်းညွှန်)

No comments: