Monday, November 16, 2015

ရာဇမဏိစူဠာ စစ်ကိုင်းကောင်းမှုတော်ဘုရား


စစ်ကိုင်းမြို့ရဲ့ကျက်သရေဆောင် ရာဇမဏိစူဠာ ကောင်းမှုတော် စေတီတော်ကြီးသည် ခေတ်အဆက်ဆက်မှ စ၍ ထုံးသင်္ကန်း ကပ်လှူပူဇော်ထားသော မြန်မာပြည်တွင် တွေ့ရခဲသောပုထိုးစေတီတော်ကြီး တစ်ဆူလဲ ဖြစ်ပါသည်။
ကောင်းမှုတော် ဘုရားသည် စစ်ကိုင်းမြို့ မြောက်ဘက် (၆) မိုင်ခန့်အကွာ၌ တည်ရှိပြီး ဘွဲ့အမည်မှာ ရာဇမဏိစူဠာ ဖြစ်ပါသည်။ မြန်မာသက္ကရာဇ် (၉၉၈) ခုနှစ် ၊ ခရစ်နှစ် (၁၆၃၆) ၊ တော်သလင်းလဆန်း (၁၀) ရက် ၊ တနင်္လာနေ့တွင် သတိုးဓမ္မရာဇာ ဘွဲ့ခံ သာလွန်မင်းတရားကြီး တည်ထားကိုးကွယ်ခဲ့သော စေတီတစ်ဆူလဲဖြစ်ပါသည်။
စေတီတော်ကို ပစ္စယံ သုံးဆင့်ခံထား၍ သပိတ်မှောက်ထားသကဲ့သို့ တည်ထားကိုးကွယ်ခဲ့သည်။ ထိုကဲ့သို့ စပါးကျီပုံသဏ္ဌာန် စေတီများကို သီဟိုဠ်ကျွန်းတွင် အတွေ့များလေသည်။ စေတီတော်၏ ဥာဏ်တော်မှာ (၁၀၁) တောင် ၊ လုံးပတ် (၅၀၂ တောင် ၂ မိုက် ၄ သစ်) ရှိပြီး စေတီတော် တည်ထားရာတွင် အုပ်ချပ်ရေပေါင်း (၁၀၁၂၆၅၅၂ ) ဖြင့် တည်ထားခဲ့သည်ဟု သမိုင်းမှတ်တမ်းများအရ သိရသည်။
စေတီတော်ကို ကျောက်ဆီမီးတိုင် (၈၀၂) တိုင်တို့ဖြင့် ၀န်းရံထားပြီး မြန်မာ ၊ မွန် နှင့် ယွန်း (ရှမ်း) အက္ခရာတို့ဖြင့် ရေးထားသော ဗုဒ္ဓ၀င် နှင့် နိပါတ်တော်များ၊ ၃၁ ဘုံတို့ကို နံရံများတွင် ရေးခြယ်ထားလေသည်။
တံခါးလေးမျက်နှာ၌ အုတ်ပြသာဒ်များ ဆောက်လုပ်ထားသည်။ စေတီတည်ပြီးနောက်၌ ကောင်းမှု့တော်စေတီ ကျောက်စာကို ရေးထိုးထားခဲ့သည်။ ထိုကျောက်စာအရ သက္ကရာဇ် ၉၉၈ ခု နတ်တော်လပြည့်ကျော် ၁ရက် သောကြာနေ့တွင် သာလွန်မင်းတရားကြီးအမြဲ ကိုးကွယ်သည့် စွယ်တော် ဆံတော်တို့အပြင် အရပ်ရပ်မှ ချီပင့်လာသော ဓာတ်တော်၊ မွေတော် နှင့် ပတ္တမြား၊ ရွှေ၊ ငွေ၊ ပယင်း၊ မိုးကြိုးစေတီများကို ဌာပနာတော်မူကြောင်း သိရသည်။

No comments: