ကျောက်ဂူဥမင်သမိုင်းကြောင်း
ညောင်ဦးမြို့ ငှက်ပစ်တောင်၏ အရှေ့မြောက်ဘက် ချောက်များထူပြောသည့် အရှေ့ဘက်တွင်တည်ရှိပါသည်။ ကုန်းတစ်ခုကို မျက်နှာပြင်ညီ ဥမင်ဖောက်ပြီး ရှေ့ကပိတ်၍ ကျောက်အုတ်များဖြင့် တည်ထားသော စတုဂံလိုဏ် အဆောက်အအုံ ဖြစ်ပါသည်။ ပုဂံတွင် ကျောက်အဆောက်အအုံများအနက် နန်းဘုရားနှင့် ကျောက်ဂူဥမင်တို့ မှာလက်ရာကောင်း၍ ထင်ရှားပါသည်။
ကျောက်ဂူဥမင်ရှိ ကျောက်စာအရ သက္ကရာဇ် ၅၅၀ ခုနှစ်တွင် နရပတိစည်သူမင်း တည်ဆောက်၍ သခင်ပါလ မထေရ်အား လှူဒါန်းခဲ့ကြောင်း သိရပါသည်။ ရှေးအစဉ်အလာ စကားအရ ကျောက်ကူးဟုလည်းခေါ်သည်။ ကျောက်ကူးအမည် ဖြစ်ပေါ်လာခြင်းမှာ နရပတိစည်သူမင်းကြီးလက်ထက် ငှက်ပစ်တောင်ဂိုဏ်းကြီး ဦးစီးနာယက ဥတ္တရာဇိဝမထေရ်၏တပည့် ကဏ္ဍိတမထေရ်သူမြတ်သည် ကျောက်ဂူဥမင်ကျောင်း၌ သီတင်းသီလ ဆောက်တည်နေစဉ် မာတုဂါမ (နန်းတွင်းကချေသည်) တစ်ဦးက ယောဂီအသွင်ဖြင့် သီလကျိုးပေါက်အောင် အမျိုးမျိုးကြံဆောင်ခဲ့သည်ဟု ဆိုပါသည်။
ထိုယောဂီယောင်ဆောင် (ကချေသည်)မှာ အကြံမအောင်သော်လည်း ထိုမထေရ်နှင့် မိမိသည် မလွတ်မကင်းရှိခဲ့ကြောင်း မကောင်းသတင်းလွှင့်ရာ ပြည်သူတို့နားမှတစ်ဆင့် နန်းတွင်း ဘုရင့်နားသို့တိုင် ပေါက်ကြားခဲ့သည်။ သို့ဖြင့် မထေရ်လည်း မနေသာတော့ဘဲ မိမိသီလမညစ်နွမ်းကြောင်း သစ္စာပြုရန် မင်းနှင့်ပြည်သူတို့ကို နတ်သမီးကမ်းပါး တစ်နေရာတွင် ချိန်းဆို၍ မထေရ်မြတ်က အနီးရှိ ဓားသွေးသမားထံမှ ဓားမနှင့် ဓားသွေးကျောက်ကို အလှူခံတောင်းယူပြီး မိမိသီလ ညစ်နွမ်းပါက ယင်းဓားမနှင့်ကျောက် ရေ၀ယ်မြုပ်၍ မိမိသီလ စင်ကြယ်ပါက ထိုဓားမနှင့်ကျောက် ရေ၀ယ်ဆန်ကူးပါစေသတည်းဟု သစ္စာပြု၍ ရေမှာပစ်ချလျှင် ဓားမနှင့် ကျောက်သည် ရေအထက်ဆန်၍ ကူးလေသည်။ မင်းကြီးလဲ ကိုယ်တွေ့မျက်မြင်ဖြစ်၍ ပဏ္ဍိတမထေရ် အပေါ်ယခင်ထက်တိုး၍ ကြည်ညိုကာ မထေရ်သီတင်းသုံးခဲ့သော နေရာတွင်ဥမင်တူးဖော်၍ ကျောက်အုတ်များဖြင့် ဂူတည်ဆောက် ကိုးကွယ်၍ ကျောက်ဂူမြောက်ဘက် နတ်သမီးကမ်းပါး အနီးတွင်လည်း စေတီတစ်ဆူတည်၍ ဓားမကူး (ဓမပါ)ဟု ဘွဲ့အမည်ပေးခဲ့ကြောင်း ဆိုပါသည်။
ကျောက်ဂူဥမင် တိုက် မြေညီထပ်တွင် အတွင်း အပြင် ကျောက်အုတ်များဖြင့် တည်ဆောက် ထားပြီး အပေါ်ပိုင်း နှစ်ဆင့်မှာ ရိုးရိုးမြေအုတ် များဖြင့် တည်ဆောက် ထားသည်။ ဥမင်၏ မြောက်ဘက်တွင် အ၀င်မုခ်၊
အာရုံခံခန်းမ ရှိပြီး မြောက်ဘက် မျက်နှာမူနေသည့် သဲကျောက်ဖြင့် ထုလုပ် ထားသည့် ဗုဒ္ဓရုပ်ဆင်းတု ရှိသည်။ ရုပ်ပွားဆင်းတုတော်၏ အရှေ့၊ အနောက်နှင့် မြောက်ဘက်တွင် စင်္ကြလမ်းများ ရှိသည်။
ဥမင်အတွင်းသို့ ဆင်းတုတော်၏ အရှေ့ အနောက် ကို ခုံးဖြောင့် ပေါင်းကူး ၀င်ပေါက်မှ ဥမင်လိုဏ်ခေါင်း အတွင်း ၀င်ရောက်နိုင်သည်။
ဥမင် လိုဏ်ခေါင်းအတွင်း ၀င်္ကပါသဖွယ် ထောင့်ချိုးများဖြင့် ဖောက်လုပ်ထားပြီး ၀င်္ကပါလမ်း၌ ကမ္မဌာန်း ဘာဝနာ တရား အားထုတ်ရန် အခန်းကျဉ်းများလည်း ရှိသည်။ ဥမင်၏ အရှေ့ နှင့် မြောက်ဘက် မျက်နှာတွင် ပြတင်းပေါက်များ ရှိသည်။ ဥမင်လိုဏ်ခေါင်းအတွင်းသို့အလင်းရောင် ရရန် ရောင်လင်း ပေါက်များ ဖောက်ထားသည်။ကျောက်ဂူဥမင်တွင် နံရံဆေးရေးပန်းချီနှင့် ကျောက်ဆစ် ပန်းတမော့ လက်ရာများကိုလည်း လေ့လာနိုင်ပါသည်။ ကျောက်ဂူဥမင် အတွင်းရှိ ပဓာနဗုဒ္ဓရုပ်ပွား ဆင်းတုတော် ကြီး ရှိသည့် ဂန္ဓကုဋီတိုက် နံရံ အောက်ပိုင်းတွင် နံရံ ဆေးရေး ပန်းချီများလည်း ရှိပါသည်။
ဂူ၏ အာရုံခံ ခန်းမကြီးကို ကြီးမားသော ကျောက်အုတ်စီ တိုင်မကြီး နှစ်ခုက ထောက်ထားပြီး ကျောက်တိုင် အောက်ခြေ ပတ်လည်တွင် အလွန်လှပသော ကျောက်ပန်းခက်များဖြင့် ထွင်းလုပ်ထားသည်။ ကျောက်ဂူ တိုက်မအတွင်း အရှေ့၊ အနောက်နှင့် မြောက်နံရံတွင် နံရံမုခ် ကပ်သုံးတန်း ရှိပြီး နံရံမုခ်ကပ် (၄၉)ခု ရှိသည်။ ထိုနံရံမုခ်ကပ်များတွင် ဗုဒ္ဓရုပ်ပွား ကျောက်ဆင်းတုများ နှင့် ဗုဒ္ဓ၀င်ခန်း ဆိုင်ရာ ကျောက်ဆစ်ရုပ်ထု များရှိသည်။
ဗုဒ္ဓရုပ်ထုတော်များတွင် ခမည်းတော် သုဒ္ဓေါဒန မင်းကြီး လယ်ထွန်း မင်္ဂလာပြုစဉ် ဘုရားလောင်း သိဒ္ဓတ္တ မင်းသားဇဗ္ဗူ့ သပြေပင်ရိပ်တွင် နေပုံ၊ မုစလိန္ဒာ သတ္တဟ စံနေပုံ၊ ဘုရားလောင်း ဒုက္ကရ စရိယာ ကျင့်စဉ်၊ နတ်တို့က နားရွက်မှ သြဇာသွင်းပုံ ကျောက်ဆစ် လက်ရာများကို လေ့လာနိုင်သည်။ (အမျိုးသား ယဉ်ကျေးမှု ပြတိုက်ရှိ ဘုရားလောင်း ဖွားတော်မူခန်း ကျောက်ဆစ်ရုပ်ထုမှာ ဤ ကျောက်ဥမင်ဂူမှ ယူဆောင် ပြသခြင်း ဖြစ်သည်။) ကျောက်ဂူဥမင်၏ အ၀င်မုခ် လက်ဝဲလက်ယာ ထောင့်ချိုးများတွင် အလွန်လှပသော ကျောက်ဆစ်လက်ရာ ဘီလူးရုပ်၊ မိန်းမရုပ်၊ ကြာပန်းများ အကြား ကိန္နရီ ကိန္နရာရုပ်၊ နတ်ရုပ်၊ ခြင်္သေ့၊ ကျား၊ သမင်၊ ယုန်ရုပ်များကို ကျောက်အုတ် များစီ၍ ထွင်းထု ထားသည်။
No comments:
Post a Comment