Thursday, November 12, 2015

စစ်ဘုရင်ဂျင်ဂျစ်ခန်



စစ်ဘုရင်ဂျင်ဂျစ်ခန်
ကမ္ဘာကို ကိုင်လှုပ်ခဲ့သည့် အာရှတိုက်မှ စစ်ဘုရင် ဂျင်ဂစ်ခန် Genghis Khan
မွန်ဂိုစစ်ဘုရင်လောင်း ဂျင်ဂစ်ခန်ကို ၁၁၆၂ခုနှစ်တွင် ကိုင်ယက်ခ်လူမျိုးစုခေါင်းဆောင် ယေစုကိုင်း နှင့် မေရကပ်လူမျိုး ဟောလွန်း တို့မှ မွေးဖွားသည်။ ငယ်အမည်မှာ တေမူဂျင်း ဖြစ်ပြီး သံမဏိ ဟု အဓိပ္ပါယ်ရသည်။ ဇာတိမြေမှာ ဂိုဗီသဲကန္တာရရှိသည့် မွန်ဂိုးလီးယားဒေသ ဖြစ်သည်။
၁၃နှစ်သားအရွယ်တွင် ဖခင်မှာ တာတာလူမျိုးတို့၏ အဆိပ်ခတ် လုပ်ကြံခြင်းကြောင့် သေဆုံးရသည်။ တေမူဂျင်းသည် အုပ်စုခေါင်းဆောင် "ခန်" အဖြစ်သို့ ရောက်ခဲ့သည်။ သို့သော် တေမူဂျင်း၏ မျိုးနွယ်စုများမှ လူမမယ်အရွယ်ခေါင်းဆောင် လက်အောက်တွင် နေရသည်မှာ မလုံခြုံ၍ အခြားအုပ်စုခေါင်းဆောင်၏ လက်အောက်တွင် ခိုလှုံခဲ့ကြသည်။ မွန်ဂိုသူရဲကောင်း တားဂေါတိုင်မှာ အုပ်စုငယ်တို့အပေါ် စည်းရုံး၍ အင်အားစုဆောင်းသည်။ တေမူဂျင်းအား ဖမ်းစီးခေါ်ဆောင်လာစဉ် အစောင့်တပ်သားမှ ထွက်ပြေးနိုင်ရန် လျို့ဝှက်ကူညီခဲ့သည်။ လွတ်မြောက်လာသောအခါ ညီအကိုတို့အား ရှာဖွေပြီး အင်အားစတင်စုဆောင်းသည်။
ထိုအချိန်မှစ၍ တေမူဂျင်းသည် သေသည်အထိ မြင်းကုန်နှီးထက်မှ နေ၍ စစ်ပွဲများ တစ်ပွဲပြီးတစ်ပွဲ တိုက်ခိုက်နေရတော့သည်။
၁၇နှစ်အရွယ်တွင် ၁၃နှစ်သား အရွယ်ကတည်းက သဘောကျ စေ့စပ်ထားသော ဘောတိုင်းအား လက်ထက်ယူခဲ့သည် (တချို့စာအုပ်များနှင့် တစ်နှစ်ကွဲလွဲနေသည်) လက်ထက်ပြီး မကြာခင် ဖခင်နှင့် ရန်စရှိခဲ့သော မေရကပ်လူမျိုးစုများမှ ဘောတိုင်းအား ဖမ်းစီးခေါ်ဆောင်သွားသည်။ တေမူဂျင်းသည် ဖခင်နှင့် သွေးသောက်မိတ်ဆွေ ဖွဲ့ခဲ့ဖူးသော ကာရိတ်အုပ်စုဘုရင် တိုဂရူခန်ထံမှ စစ်ကူရယူပြီး ဘောတိုင်းအား ပြန်လည်ကယ်တင်နိုင်ခဲ့သည်။
၁၂ရာစုအကုန်တွင် တာတာလူမျိုးများမှ တိုဂရူခန်၏ နယ်နိမိတ်ကို ထိပါးလာခဲ့သည်။ တေမူဂျင်းမှာ ဖခင်အား အဆိပ်ခတ်လုပ်ကြံခဲ့သော တာတာလူမျိုး (တရက်လူမျိုး) တို့အား ကလဲ့စားချေလို၍ တိုဂရူခန် ဘက်မှ စစ်ကူတိုက်ခဲ့ပြီး အောင်ပွဲခံခဲ့သည်။ တိုဂရူခန်မှ တေမူဂျင်းအား မွေးစားသားအဖြစ် ချီးမြှောက်ပြီး သံတမန်ဆက်ဆံရေးကို ပိုမိုခိုင်မာစေခဲ့သည်။ ထိုစစ်ပွဲပြီးနောက် အုပ်စုခေါင်းဆောင်များမှာ တေမူဂျင်း လက်အောက်သို့ ဝင်ရောက်လာကြသည်။ တိုဂရူခန် အသက်အရွယ် ကြီးရင့်သောအခါ သြဇာကျ၍ သားတော်နှင့် ညီတော်များမှ ချယ်လှယ်လာသည်။ တေမူဂျင်းကို လုပ်ကြံရာ မအောင်မြင်ဘဲ တေမူဂျင်းမှ ကာရိတ်အုပ်စု၏ သစ္စာဖောက်မှုအတွက် စစ်ပွဲဖြင့် ဖြေရှင်းခဲ့သည်။ ထိုစစ်ပွဲတွင် တိုဂရူခန်နှင့် သားတော်မှာ ဒဏ်ရာဖြင့် ထွက်ပြေးတိမ်းရှောင်ရင်း သေဆုံးခဲ့သည်။
မွန်ဂိုအင်ပါယာကို ထူထောင်ခဲ့ပြီး ဂျင်ဂစ်ခန် အမည်ကိုယူပြီး နယ်နိမိတ် ချဲ့ထွင်လာရာ ၁၂၀၉ခုနှစ်တွင် တရုတ်မဟာတံတိုင်းကို ဖြတ်ကျော်ခါ မြောက်ပိုင်းရှိ တာတာလူမျိုးတို့အား လက်အောက်ခံနိုင်ငံအဖြစ် သိမ်းပိုက်ခဲ့သည်။ ယင်ကင်းမြို့ (ပီကင်းမြို့) တွင် အုပ်ချုပ်ပြီး ကိုးရီးယားနိုင်ငံကိုပါ သိမ်းပိုက်ခဲ့သည်။ အေရယ်ပင်လယ်တောင်ဘက် ခွာရစ်ဇံနိုင်ငံမှ မွန်ဂိုသူပုန်ခေါင်းဆောင်အား လက်ခံထားမှုမှ စတင်ပြီး ရှားဘုရင်နှင့် စစ်ဖြစ်ခဲ့သည်။ နှစ်ကြိမ် စစ်ဖြစ်ခဲ့ပြီး မွန်ဂိုတို့မှ နိုင်ခဲ့သည်။ ထို့နောက် ရုရှနိုင်ငံ အသီးသီးသို့ သံတမန်စေလွှတ်ရာ မွန်ဂိုလူမျိုးဆိုသည်ကို ကြားပင်မကြားဖူးကြ၍ မချေမငံ ဆက်ဆံရာမှ စစ်ပွဲများ ဖြစ်ခဲ့သည်။ မွန်ဂိုတို့သည် ရုရှရှိ နိုင်ငံများစွာကို မြင်မြင်သမျှ မှုန့်မှုန့်ညက်ညက်ခြေခဲ့သည်။ ထိုအခါမှ လက်ဆောင်ပဏ္ဏာများ ဆက်သပြီး သစ္စာခံကြသည်။ ထွက်ပြေးသွားသော ရှားဘုရင်၏ သားဂျလားလွတ်ဒင်မှ တဖန်ထိပါး၍ လိုက်လံတိုက်ခိုက်ရင်း အိန္ဒိယမြစ်ကမ်းတွင် တပ်လုံးပြုတ်ကာ ဂျလားလွတ်ဒင်မှာ ဒေလီ မြို့သို့ ပုန်းရှောင်ရသည်။
ထို့နောက်မိမိ၏ နန်းတော်ရှိရာ အပြန်လမ်းတွင် တရုတ်ပြည်မြောက်ပိုင်းကို ချီတက်တိုက်ခိုက် အောင်ပွဲခံလိုက်သေးသည်။ စစ်ပွဲများတွင် ဂျင်ဂစ်ခန်၏ သားများ၊ မြေးများ တချို့ ကျဆုံးခဲ့သည်။ ၁၂၂၇ ခုနှစ် အသက် ၆၅ လောက်တွင် နာမကျန်းဖြစ်ပြီး ကွယ်လွန်သည်။ သူသိမ်းပိုက်ခဲ့သော နိုင်ငံများမှာ အရှေ့ဖက်ပင်လယ်ဝါမှ အနောက်ဖက်ပင်လယ်နက်အထိ ကျယ်ပြန့်ခဲ့ပြီး ဂရိဘုရင် အလက်ဇန္ဒား စစ်ဘုရင် သိမ်းပိုက်ခဲ့သော နယ်နိမိတ်ထက် ပိုမိုကျယ်ပြန့်ခဲ့သည်။ ကိုးကွယ်မှုမှာ Tengrism (Tengri = Sky) ဖြစ်ပြီး ဗုဒ္ဓဘာသာ၊ ခရစ်ယာန်ဘာသာ၊ အစ္စလမ်ဘာသာ နှင့် တာအိုအယူအဆ များကိုလည်း လေ့လာခဲ့သည်ဟု စာပေတွင် ဖော်ပြထားသည်။
မှတ်ချက်။ ဂျင်ဂစ်ခန် ပေါ်သောခေတ်သည် မြန်မာနိုင်ငံတွင် ပုဂံမင်းဆက်ခေတ်ဖြစ်သည်။ ဂျင်ဂစ်ခန်၏ မြေးတော် ကုဗလေခန် လက်ထက်တွင် သြဇာကြီးထွားခဲ့ပြီး မြန်မာနိုင်ငံကိုပါ ရိုက်ခတ်လုနီးပါး ဖြစ်ခဲ့သည်။ ပုဂံမှ သျှင်ဒိသာပါမောက္ခ ဆရာတော်မှ သံတမန်အဖြစ် ကုဗလေဟန်၏ နန်းတော်သို့ ကြွရောက်ခါ အမေး၊ အဖြေ၊ အဟော၊ အပြော ပြုနိုင်ခဲ့ပြီး စစ်မက်မှ ရှောင်နိုင်ခဲ့သည်။
Ref: Harold Lamb Genghis Khan
Ref:
တက္ကသိုလ်မောင်မောင်ကြီး မွန်ဂိုစစ်ဘုရင် ဂျင်ဂစ်ခန်
Ref: Wikipedia

Stacy Chan (ရိုးရာလေး)

No comments: